17
Apr

အိမ်ထောင်ရှင်တွေ အိတ်ခ်ျအိုင်ဗွီ ပြန်လည်စစ်ဆေးသင့်



နှစ်ဦးလုံးမှာ အိတ်ခ်ျအိုင်ဗွီ
ကင်းရှင်းတယ်ဆိုတဲ့ အိမ်ထောင်ရှင်တွေမှာလဲ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့
ကိုယ်ဝန်မဆောင်ခင် နောက်ထပ် ကလေးမယူခင် အိတ်ခ်ျအိုင်ဗွီ ပြန်လည်စစ်ဆေးသင့်တယ်လို့
ဆိုပါတယ်။ မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံက ဒေါက်တာ သီတာက “အိမ်ထောင် မပြုခင်မှာရော
ပထမ ကလေးမွေးပြီးစမှာရော အိတ်ခ်ျအိုင်ဗွီ ပိုးမရှိပေမဲ့ ဒုတိယ ကလေးကျမှ
အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတာကို တွေ့တွေ့နေရတယ် အဲဒါကြောင့် အိမ်ထောင်မပြုခင်
သွေးစစ်တာအပြင် အိမ်ထောင်ပြုပြီးတဲ့ အခါမှာလဲ ကွန်ဒုံကို အသုံးပြုသင့်တယ်
သားဆက်ခြားတာရော အိတ်ခ်ျအိုင်ဗွီ ကာကွယ်တာရော ကောင်းတယ် ကလေးယူမယ်ဆိုရင်
နှစ်ယောက်လုံး သွေးပြန်စစ်ပြီးမှ ယူသင့်တယ်” လို့ပြောပါတယ်။

 

ကွယ်ရာမှာ ခြေများတတ်တယ်

 

ဇနီး၊ ခင်ပွန်းကွယ်ရာမှာ ပြင်ပအပျော်အပါး
လိုက်စားရာကနေ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ Marie
Stopes International (မြန်မာ)မှ ဒေါက်တာ စစ်နိုင်က “ဇနီးသည်တွေ များသောအားဖြင့်
ခင်ပွန်းသည်တွေဆီက ကူးစက်တတ်တယ် ကလေးကိုယ်ဝန် ဆောင်တော့မှ အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံထားရတာတွေ တွေ့ရပါတယ်။ အိမ်ထောင်ပြင်ပမှာ လိင်ဆက်ဆံမှု မပြုတာ အကောင်းဆုံးပါဘဲ
ဒါပေမဲ့ အခြားသူနဲ့ ဆက်ဆံရင် အကာအကွယ်သုံးသင့်တယ်” လို့ပြောဆိုပါတယ်။

 

ကိုယ်ဝန်ဆောင်မိခင်တိုင်း သွေးစစ်သင့်

 

ကိုယ်ဝန်ဆောင် မိခင်တိုင်းဟာ သွေးကနေ ကူးစက်တဲ့
ရောဂါမှန်သမျှ သွေးစစ်သင့်တယ်။ သွေးစစ်ခြင်းအားဖြင့် ရောဂါကာကွယ်ဆေး ကြိုပေးလို့
ရတဲ့အတွက် ကလေးငယ်တွေမှာ ကူးစက်ခံရနှုန်း ကျဆင်းတယ်လို့ ဆိုပါတယ်။

 

ဒေါက်တာ သီတာက “ကိုယ်ဝန်ဆောင် မိခင်တိုင်း
သွေးကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါမှန်သမျှကို စစ်သင့်တယ် သိရင်ကြိုပြီး
ကာကွယ်လို့ရတယ်။ အသည်းရောင်ဆိုရင် ကာကွယ်ဆေး ထိုးလို့ရတယ်၊ အိတ်ခ်ျအိုင်ဗွီဆို
ကာကွယ်ဆေး ထိုးလို့ရတယ်” လို့ပြောပါတယ်။

 

ဒေါက်တာ စစ်နိုင်က “မိခင်မှာ အိတ်ခ်ျအိုင်ဗွီ
ရှိမှန်းသိရင် ကိုယ်ဝန် ဆောင်ချိန်မှာ ကျန်းမာအောင် နေထိုင်နည်း မွေးတုန်းမှာလဲ
ဆောင်ရန်၊ ရှောင်ရန် နို့တိုက်တဲ့ နေရာကအစ ဆောင်ရန် ရှောင်ရန်တွေရှိတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးထိန်းနည်းကို မိခင်ရော ကလေးမှာပါ တိုက်ကျွေးခြင်း အားဖြင့်
မိခင်ဆီကနေ ကလေးဆီကို ကူးစက်နှုန်း သိသိသာသာ လျော့နည်းတယ်” လို့ပြောပါတယ်။

 

လိင်ကြောင့် အဓိကဖြစ်

 

“အိတ်ခ်ျအိုင်ဗွီ ပိုးဟာ အဓိက လိင်ကနေ
ကူးစက်တာများတယ် အိမ်ထောင်သည်တွေလဲ သွေးစစ်သင့်တယ်။ တချို့ပညာတတ်ရဲ့နဲ့ ကာကွယ်မှု
မလုပ်လို့ ကာလသားရောဂါတွေ ဖြစ်တာတွေရှိတယ်။ ဒါကြောင့် မနေနိုင်ရင် ကွန်ဒုံသုံးပါ”
လို့ဒေါက်တာ သီတာကပြောပါတယ်။

 

စာရင်း အဟောင်းတစ်ခုအရ အိတ်ခ်ျအိုင်ဗွီ
ပိုးရှိသူတွေမှာ ၇၀ရာခိုင်နှုန်းက လိင်ကနေ ကူးစက်တာဖြစ်ပြီး ကျန်တဲ့
၃၀ရာခိုင်နှုန်းက ဆေးထိုးအပ် ကနေ ဖြစ်တာလို့ ဒေါက်တာ စစ်နိုင်ကပြောပါတယ်။

 

သည်အရွယ်တွေ အဖြစ်များတယ်

 

အိတ်ခ်ျအိုင်ဗွီပိုးကို အသက်၂၀အရွယ်
လူငယ်ပိုင်းနဲ့ အသက် ၄၀အရွယ်ကြား အရွယ်တွေမှာ များသောအားဖြင့် တွေ့ရတတ်တယ်
လို့ဆိုပါတယ်။ လူငယ်တွေက လက်တည့်စမ်းရင် အကာအကွယ် မပြုလုပ်မိတဲ့အတွက်
ငယ်ငယ်ရွယ်ရွယ်နဲ့ ကူးစက်ခံကြရတာ တွေ့ရပါတယ်။

 

ဒေါက်တာ သီတာက “လည်ပင်းကြိတ်(ပြန်ရည်ကြိတ်)
လည်ပင်းကြီးနဲ့မတူ အဆီကြိတ်လို မပျော့ဘူး တင်ပါးမှာ အနာဖြစ်တာ သာမန်အနာနဲ့ မတူဘူး
အတွေ့အကြုံအရ မသင်္ကာလို့ စစ်ခိုင်းရင် Positive ပြတာဘဲ ကိုယ့်ကိုယ် ကိုမသင်္ကာရင်
ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ဒီပိုးက သေမယ့်ရောဂါလို့ ပြောလို့မရတော့ဘူး။
ဆေးကုသမှုလုပ်ရင် နာတာရှည် စာရင်ဝင်သွားပြီ” လို့ပြောပါတယ်။

 

ကာလသားဆို အမြစ်ပြတ်အောင်ကု

 

ဒေါက်တာ စစ်နိုင်က “ကာလသားရောဂါ ကူးစက်ခံရရင်
အမြစ်ပြတ်အောင် ကုသင့်တယ် တစ်ယောက်မှာ ရတာနဲ့ လင်မယားနှစ်ယောက်လုံး ဆေးကုသမှု
ခံယူသင့်တယ်။ အများအားဖြင့် အမျိုးသမီးမှာ ရောဂါ လက္ခဏာ မပြတတ်ဘူး ကာလသားရောဂါ
ဖြစ်တဲ့အခါ ကျန်းမာရေးဌာနက လမ်းညွှန်ထားတဲ့ ခေတ်မီကုထုံးနဲ့ဘဲ ကုသင့်တယ်။
အခုကုထုံးတွေက တစ်နေ့တစ်ရက်ပြပြီး လိုအပ်သလို ဆေးထိုး ဆေးသောက် လုပ်ရုံနဲ့
ပျောက်ကင်းနိုင်ပြီ” လို့ပြောပါတယ်။

 

ကာလသားရောဂါရှိပြီး အမြစ်မပြတ်ရင် အိတ်ခ်ျအိုင်ဗွီပိုးဝင်ဖို့
ပိုမိုလွယ်ကူသွားတယ် လို့ဆိုကြပါတယ်။ ကာလသားရောဂါ ရှိသူက မရှိသူထက်
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုနှုန်း ဆယ်ဆပိုမြန် ပိုလွယ်တယ်လို့ ဒေါက်တာ
စစ်နိုင် ကဆိုပါတယ်။

 

The Kumudra Weekly ( 01-09-2006)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top