NEJ / ၂၁ သြဂုတ် ၂၀၀၇
အိမ်ထောင်သည် အမျိုးသမီးများတွင် အေအိုင်ဒီအက်စ်ရောဂါ
ကူးစက်မှုနှုန်း မြင့်တက်လာနေသည့် အတွက် နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားသူများက
စိုးရိမ်နေကြသည်။အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပေါ်နိုင်ခြေ နည်းသည့်အုပ်စုဟု ယခင်က
ယူဆထားသည့် အိမ်ထောင် သည် အမျိုးသမီးများအတွင်း ကူးစက်မှုနှုန်းမြင့်လာနေခြင်းသည်
ရောဂါပိုးရပ်တန့်တားဆီးရေး အရေးပေါ်အစီအစဉ်ကိုတိုးမြှင့် လုပ်ဆောင်ရန်
လိုအပ်ကြောင်း ပြသရာရောက်သည်ဟု ကုလ သမဂ္ဂ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အစီအစဉ် (ယူအန်အေ့ဒ်စ်) ဒု-အမှုဆောင် ဒါရိုက်တာ ဒက်ဘိုရာလန်ဒေးက
ပြောသည်။
ရှစ်ကြိမ်မြောက် အာရှပိစိဖိတ်ဒေသဆိုင်ရာ အေအိုင်ဒီအက်စ်
နိုင်ငံတကာညီလာခံဖွင့်ပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်
နှစ်စဉ် ရောဂါဖြစ်ပွားမှု အသစ် (၁၈,၀၀၀) မှု၏ (၄၀) ရာခိုင်နှုန်းသည် အိမ်ထောင်ရှိ
သူအမျိုးသမီးများဖြစ်ပြီးအများစုသည် လိင်ဆက်ဆံမှု စည်းကမ်းမရှိသည့် ၎င်းတို့၏
ခင်ပွန်းများထံမှ ကူးစက်ခြင်းဖြစ်ကြောင်း ဒက်ဘိုရာလန်ဒေးက ပြောသည်။
ရောဂါဖြစ်ပေါ်နိုင်ခြေ များသည့်အုပ်စုဟု ယခင်က ယူဆထားသော
အမျိုးသားချင်း လိင်ဆက်ဆံသူ ဦးရေ (၂၈) ရာခိုင်နှုန်း၊ ပြည့်တန်ဆာ (၁၀)ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက
ထိုင်းအိမ်ထောင်ရှင် အမျိုးသမီးများ၏ ရောဂါဖြစ်မှုပမာဏမှာ
ပိုမိုမြင့်မားလျက်ရှိသည်။ ယင်းကိစ္စ နှင်ပတ်သက်၍ ထိုင်းအိမ်ထောင် သည်များ အတွင်း
တလင်တမယားသာ လိင်ဆက်ဆံရန် အားပေးသည့်အနေဖြင့် ''family condom'' အမည်ရှိ ပညာပေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု
ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာ မွန်ခိုးနဆွန်ခလာက တုံ့ပြန်ခဲ့ကြောင်း
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ဒေသအတွင်း၌ အဆိုးရွားဆုံးမှာ ပါပူဝါနယူးဂီနီနိုင်ငံဖြစ်ပြီး
နိုင်ငံအတွင်း အသစ်ဖြစ်ပေါ်လာနေသည့် အေအိုင်ဒီအက်စ် ဝေဒနာရှင်ဦးရေ၏ ထက်ဝက်သည် အိမ်ထောင်သည်
အမျိုးသမီးများဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် (၄၆)ရာခိုင်နှုန်းရှိနေသည်။အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လုပ်ငန်းတွင်အထူးသဖြင့်
ကလေးငယ်များ၊ ခင်ပွန်းရှိအမျိုးသမီးများနှင့် လူ့အသိုင်းအ၀န်း၏ ကန့်သတ်ခံနေရသူများအတွက်
အသုံးစရိတ် တိုးမြှင့်သုံးစွဲသွားရန် ဒေသတွင်းရှိ မူဝါဒချမှတ်သူများကို မစ္စလန်ဒေးက
တိုက်တွန်းလိုက်သည်။
အာရှဖိစိဖိတ်အေအိုင်ဒီအက်စ် လူမှုအဖွဲ့အစည်း အကြီးအကဲ Myung Hwan Cho က မူဝါဒချမှတ်သူများအပါအ၀င်
ပြည်သူလူထုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံး
အကောင်အထည်မဖော်ပါက ဒေသအတွင်း၌ ၂၀၁၀ ခုတွင် ဝေဒနာရှင်ဦးရေ(၁၂)သန်း ဖြစ်လာမည်ဟုပြောသည်။ အာရှတိုက်တွင်
အိတ်အိုင်ဗွီဝေဒနာရှင်စုစုပေါင်း (၈.၆)သန်းရှိကြောင်း
ယူအန်အေ့ဒ်စ် ၏၂၀၀၆ ခု ထုတ်ပြန်သည့်စာရင်းတွင်
ဖော်ပြထားသည်။
ရှစ်ကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ အေအိုင်ဒီအက်စ်
နိုင်ငံတကာညီလာခံကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ယခုလ (၁၉-၂၄) ရက်အထိ ကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း
(၆၀) ကျော်မှ ကိုယ်စားလှယ်ပေါင်း (၃,၀၀၀) ကျော် တက်ရောက်နေသည်။
သတင်း - NEJ / ၂၁ သြဂုတ် ၂၀၀၇ အိမ်ထောင်သည်အမျိုးသမီးများတွင် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်နှုန်းမြင့်မား




