စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ HIV ရောဂါပိုး ရှိသူများသည် NGO အဖွဲ့အစည်းများ အကူအညီဖြင့် အိန္ဒိယနိုင်ငံဘက်သို့ ART ဆေး သွားရောက် တောင်းခံရာတွင် နယ်စပ်ရှိ အိန္ဒိယနယ်ခြားစောင့် တပ်များမှ တားမြစ်မှုများရှိကြောင်း ယင်းရောဂါရှင်များနှင့် ဒေသခံ NGO အဖွဲ့အစည်းများထံမှ သိရသည်။
“ခဏခဏ ကြုံရတယ်။ ဒီနှစ်ထဲ နှစ်ခါလောက် ရှိတယ်။ ဒါကြောင့် လူနာတွေမှာ ဆေးအလျဉ်မမီတာတွေ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) ကလေးတာဝန်ခံ ဦးအင်ဇငိုက ပြောသည်။
နယ်စပ်ပြဿနာများ ပေါ်ပေါက်ပါက ယင်းကဲ့သို့ တားမြစ်ခံရခြင်း ဖြစ်ကြောင်း၊ HIV ပိုး ရှိသူများဖြစ်ပြီး မိုရေးမြို့သို့ ART ဆေး သွားယူရန်အတွက် ဖြစ်ကြောင်း၊ ရှင်းပြနိုင်မှသာ ဝင်ခွင့်ရကြောင်း၊ ၎င်းတို့ ဘာသာစကား မတတ်ကျွမ်းလျှင် ဝင်ခွင့်မရဘဲ ပြန်လာရတတ်ကြောင်း၊ ဆေးကိုလည်း လူကိုယ်တိုင် သွားယူရကြောင်း ၎င်းက ရှင်းပြသည်။
ချင်းပြည်နယ်နှင့် ကလေးဒေသရှိ ရောဂါရှင်များအတွက် ၎င်းတို့အဖွဲ့မှ တာဝန်ခံကာ ART ဆေး ထုတ်ပေးသော ဦးရေမှာ တစ်ထောင်ကျော်ခန့် ရှိကြောင်း၊ ဆေးထုတ်ပေးမှု အနေဖြင့် လူနာအသစ် ဆိုလျှင် တစ်ပတ်စာ ထုတ်ပေးကာ ဆေးတည့်ပြီ ဆိုပါက တစ်လစာ၊ ဆက်လက်၍ အများဆုံး သုံးလစာအထိ ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေသတွင်းရှိ ဆေးရုံများတွင်လည်း ART ဆေးပေးမှု ရှိသော်လည်း လုံလောက်အောင် မပေးနိုင်သည့်အတွက် မိုရေးမြို့ဘက်သို့ သွားရောက်ယူရခြင်း ဖြစ်ကြောင်း ကလေးဒေသရှိ ယင်းကိစ္စ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများက တူညီစွာ ပြောဆိုသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ART ဆေးကို ပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွင် ထုတ်ပေးနေပြီး လက်ရှိတွင် လူကြီး ၁၅၀ ဦးနှင့် ကလေး ၅၀ ဦးတို့အား ဆေးပေးနေကာ သုံးလတစ်ကြိမ်ခန့် ဆေးပေးမှုနှုန်း တိုးမြှင့်သွားမည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် HIV နှင့် TB ရောဂါပိုး ရှိသူများကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်ပူမြို့တွင် စခန်းဖွင့် အကူအညီပေးနေပြီး ယခင်နှစ်က မြန်မာနိုင်ငံမှ ရောဂါရှင်ပေါင်း ၇၀၀ ခန့် လာရောက် ကုသမှု ခံယူနေပြီး နယ်စပ်ရှိ မိုရေးမြို့တွင်လည်း ဆေးခန်းခွဲ ဖွင့်လှစ်ထားပြီး ဆေးလာယူသူများ ရှိကြောင်း ယင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။
ကလေး၊ ဧပြီ ၂၅
The Voiceweekly - အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်




