ကုရာနတ္တိ ဆေးမရှိသေးသော AIDS၊ အီဘိုလာနှင့် ကင်ဆာပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးကို ဖန်တီးနိုင်ပြီဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီက ထုတ်ပြန်ချက်ဆန်ဆန် သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြောင်း ဗြိတိန်သတင်းစာ Independent က ရေးသားထားသည်။
စိုက်ပျိုးသုတေသန ပြုထားသော ဂျင်ဆင်းနှင့် အခြားဆေးဖက်ဝင်များကို ပေါင်းစုကာ အံ့သြဘနန်းကုထုံးကို ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာထားသည်။ မည်သည့်ဆေးဝါးများဖြင့် ပေါင်းစပ်ထားသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
တွေ့ရှိအောင်မြင်ချက်များကို ပိုပိုသာသာ ပြောတတ်လေ့ရှိသော မြောက်ကိုရီးယား အာဏာရှင်အစိုးရက ယင်းဆေးမှာ ထိုးဆေးဖြစ်ပြီး Kumdang-2 ဟု အမည်ပေးထားသည်ဟုလည်း ဆိုသည်။
မိုက်ခရိုအဆင့်ရှိ အထူးမြေသြဇာကို ဂျင်ဆင်းကိုကျွေးပြီး အခြားဓာတ်သတ္တုများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာ ဂျွန်ဆန်ဟွန်းက ဆိုထားသည်ဟု မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ဆိုထားသည်။
“ရှုပ်ထွေးတဲ့ ဒြပ်ပေါင်းတွေကနေ အဆီအနှစ်ထုတ်ပြီး ထိုးဆေးကို တီထွင်ထားတာပါ။ ကိုယ်တွင်းခုခံအားကို ပြန်လည် အသက်သွင်းပေးတဲ့ အရာအဖြစ် ဒီထိုးဆေးက လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ထိုသတင်းတွင် ဆိုထားသည်။
ထိုဆေးအကြောင်းကို ထပ်မံလေ့လာလိုပါက မြောက်ကိုရီးယား အာဏာပိုင်က လွှင့်တင်ထားသော Kumdang2.com သို့ ဝင်ရောက်လေ့လာနိုင်သည်။
အာဖရိကတိုက်တွင် သွားရောက်စမ်းသပ်ခဲ့ရာတွင် HIV ကူးစက်ခံရသူများကို ထိုဆေးပေးအပ်ခဲ့ပြီး ၅၆ ရာခိုင်နှုန်းက လုံးဝပျောက်ကင်းခဲ့ကာ ၄၄ ရာခိုင်နှုန်းက အခြေအနေ တိုးတက်ခဲ့သည်ဟုလည်း ဆိုထားသည်။
ကင်ဂျုံအီအစိုးရ လက်ထက်ကလည်း အိမ်သာတက် မစင်စွန့်ရန် မလိုသော အာဟာရပြည့် ဟမ်ဘာဂါများ တီထွင်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ကင်ဂျုံအီကို မြောက်ကိုရီးယား အမြင့်ဆုံးတောင်ပေါ်တွင် မွေးဖွားခဲ့ကြောင်း၊ မွေးဖွားချိန်တွင် သက်တံနှစ်စင်း ထွက်ခဲ့ကြောင်း အစိုးရမီဒီယာများက ဘုန်းတော်ဘွဲ့ ပြောဆိုထားခဲ့သော်လည်း သမိုင်းဆရာများက ၎င်းသည် ရုရှားတွင် မွေးခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။
ပြုံယမ်း၊ ဇွန် ၂၀
The Voice Weekly - အီဘိုလာ၊ AIDS နှင့် ကင်ဆာပျောက်ဆေးများ မြောက်ကိုရီးယားတွင်ရှိဟု ကင်ဂျုံအန်အစိုးရ ထုတ်ပြန်




