ဇန်န၀ါရီလ ဒုတိယ အပတ်က ကျင်းပ ပြုလုပ်ခဲ့တဲ့ ၄၁ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး သုတေသန ညီလာခံမှာ တင်သွင်း ဖတ်ကြားခဲ့တဲ့ သုတေသန စာတမ်းများ အရ ပြည်တွင်းရှိ လူအုပ်စု ၃ စုမှာ အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရမှု နှုန်းတွေ မြင့်မားနေ သေးတယ်လို့ သိရပါတယ်။ အဆိုပါ လူအုပ်စု ၃ စုဟာ ပြည့်တန်ဆာ အမျိုးသမီးများ၊ လိင်တူ ဆက်ဆံသူ အမျိုးသားများနဲ့ မူးယစ် ဆေးဝါး ထိုးသွင်း သုံးစွဲ သူများ ဖြစ်ပါတယ်။
ဒီလို လူအုပ်စု တွေမှာ အိတ်ခ်ျအိုင်ဗွီ ပိုးတွေ့ရှိမှု မြင့်မားနေရ သေးတာဟာ ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးပြီး အိတ်ခ်ျအိုင်ဗွီ ပိုးရှိ၊ မရှိ သွေးစစ်ဆေးမှု မရှိခြင်းနဲ့ အခြား အန္တရာယ် မြင့်မားတဲ့ အမူအကျင့် တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက် ခံနိုင်ခြေရှိတဲ့ လူအုပ်စုတွေကို အိတ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ သွေးစစ်ဖို့ အတွက် တိုက်တွန်း ပေးသူတွေဟာ ကျန်းမာရေး ၀န်ထမ်းများ၊ သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများနဲ့ မိဘများ ဖြစ်ကြပါတယ်။
ဒါ့အပြင် အဖွဲ့အစည်းများ ဖြစ်တဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ မှလည်း အသိပညာ ပေးမှုတွေ ဆောင်ရွက် ပေးတယ်လို့ သုတေသန ပြုလုပ်ချက် အရ သိရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ သုတေသသန တွေ့ရှိချက် တွေကို အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကာကွယ် နှိမ်နှင်းရေး စီမံချက်သို့ သတင်း ပေးပို့ အသုံးပြုတဲ့ အတွက် အိတ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ သွေးစစ် ဆေးခံယူမှုများ ပိုမိုတိုးတက် လာကာ HIV ပိုး ကူးစက်စေတဲ့ အပြုအမှုများ ပြောင်းလဲအောင် ဆောင်ရွက် မှုများ၊ အေအာတီ ဆေးဝါးများ ရရှိခြင်း တိုးတက်မှုများ ဖြစ်ပေါ်လာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။




