12
Aug

အပေါင်းလက္ခဏာ ရုပ်ပုံလွှာများ (POSITIVE LIFE BY BY RIVER HOUSTON)



မေတ္တာဦး
နန်းဒေဝီစာပေမှ ဖြန့်ချိသည်။ စာရေးသူက HIV Positive (သို့) HIV ရောဂါပိုး ရှိသူများမှ
သူတို့ ဘဝကို အပေါင်း လက္ခဏာအမြင်နှင့် ပြန်မြင်ထားတဲ့ စာအုပ် တစ်အုပ်ကို စာအုပ်ဆိုင်တွင်
တွေ့ရှိရာမှ၊ HIV ရောဂါပိုးရှိသူ အမျိုးသမီး၏ ရင်ဖွင့်စကားကို မြန်မာစာဖတ် ပရိသတ်များအား
မျှဝေပေးချင်၍ Wellness မဂ္ဂဇင်းမှ လစဉ်ရေးသား ပေးပို့ခဲ့ကြောင်း၊ HIV ရောဂါပိုးရှိပြီး
ဘဝလမ်းကို သတ္တိ အပြည့်နှင့် ရင်ဆိုင်နေကြသည့် အမျိုးသမီးများ ကိုလည်း ဂုဏ်ယူလျက် ရှိကြောင်း၊
Positive အပေါင်းလက္ခဏာနှင့် ဘဝကို ရင်ဆိုင်ရသည့် ရောဂါဝေဒနာရှင် တွေသည် ကျွန်မတို့
သာမန်လူတွေထက် စိတ်ဓာတ်အားမာန် ကြံ့ခိုင်ကြကြောင်း၊ မိမိတို့ နေထိုင်သည့် လူ့ဘုံတွင်
သေမင်းသည် နေ့စဉ်နှင့်အမျှ ပြုံးကြည့်ကာ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ နေရာဒေသ မရွေး
ဆွဲခေါ်နေကြောင်း၊ မသေခင်တွင် ဘဝကိုအပေါင်း လက္ခဏာနှင့် မြင်နိုင်လျှင် အကောင်း ဆုံးဖြစ်ကြောင်း၊
နေတတ်လျှင် ဘဝတွင် နေရသည်မှာ မြတ်ပါကြောင်း၊ အနေမြတ်လျှင် အသေလည်း မြတ်မှာ မလွဲပါကြောင်း
စာရေးသူက ဖော်ပြထားသည်။

ပွင့်လင်းစွာ အင်တာဗျူး ပေးကြသည့် အမျိုးသမီးများ၊ ဓာတ်ပုံရိုက်ခွင့်
ပေးရုံမက သူတို့၏ မဆုံးနိုင်သည့် စိတ်လှုပ်ရှားမှု၊ ယူကြုံးမရ ဖြစ်မှု၊ HIV ဗိုင်းရပ်စ်ပိုး
ရှိတာ လက်မခံနိုင်မှု၊ မုန်းတီးမှု တွေနှင့် ရင်ဆိုင် နေရသော်လည်း လူသားဆန်စွာ စိတ်အားတက်မှု၊
ကြင်နာမှု၊ ယုံကြည်မှု တွေလည်း ရှိကြောင်း၊ HIV Positive ဖြစ်သည်ကို သိလိုက်ရချိန်တွင်
လန့်သွားသည့် ခံစားမှု၊ နေ့စဉ် ရင်ဆိုင်ရမှု၊ သားသမီးတွေကို လူအများက လက်ခံမှု ရှိပါ့မလား
ဆိုသည့်အတွေး၊ ကလေးတွေကို မြေတောင် မြှောက်သည့်အခါ စိန်ခေါ်မှု၊ အိမ်အလုပ်၊ ရုံးအလုပ်များ
လုပ်ဆောင်ရာတွင် ရင်ဆိုင်ရမှုများကို ရှင်းပြခဲ့ကြကြောင်း၊ ပျောက်ကင်းအောင် ကုသဖို့
ဆေးမရှိ သေးသော်ငြားလည်း ရောဂါ ရပ်တန့်အောင်၊ ရောဂါ မတိုးအောင် လုပ်ပေးနိုင်သည့်ဆေးတွေ ရှိငြားလည်း ဘယ်လောက် အသက်ရှင် ကြဦးမလဲ ဆိုခြင်းကို မရေရာစွာ ဘဝကို ရင်ဆိုင် နေရဆဲ
ဖြစ်ကြောင်း၊ အကြောက်ရွံ့ဆုံး HIV Positive ဆိုသည်ကို သိသည်နှင့် အလုပ်မှ ပြုတ်သွားမလား၊
မိသားစုက စွန့်ခွာ သွားမလားဆိုသည့် သောကများမှာ အဆိုးဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

လိင်ဆက်ဆံမှုမှ HIV Positive ရခဲ့သူ၊ မူးယစ်ဆေးဝါး ထိုးရာမှ ရောဂါရခဲ့သူ၊ HIV
Positive ဘယ်လိုကူးခဲ့မှန်းမသိသူ၊ သွေးသွင်းရာမှ HIV ဗိုင်းရပ်စ် ကူးခဲ့သူ၊ မူးယစ်ဆေးဝါးနှင့်
လိင်မှတစ်ဆင့် HIV ပိုး ကူးခဲ့သူ၊ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်မှာ ကျေးဇူးတင်စရာ
ကောင်းလှသည်။ HIV သွေးစစ်ရင် ဒေါ်လာ နှစ်ဆယ်ရမယ်ဆို၍ သွေးသွားစစ်ရာမှ အဝတ်အစား၊ မက်ဒေါ်နာ
ဟမ်ဘာဂါ စားရန် လက်မှတ်၊ ငွေနှစ်ဆယ်နဲ့အတူ HIV Positive အဖြေရခဲ့သူလည်း ပါဝင်သည်။

HIV ကို လမ်းပေါ်က အခြောက်တွေရဲ့ ရောဂါဟု ထင်မှတ်သူ၊ ယောက်ျားများနဲ့ ဆက်ဆံနေသည့် ပြည့်တန်ဆာ
တစ်ယောက်ဆိုသည်မှာ HIV နှင့် မဆိုင်ဘူးထင်သူ၊ သွေးလှူရာမှ သွေးသွင်းခံရသူ AIDS နဲ့
ကွယ်လွန်သွား၍ ဆေးပြန်စစ်ခိုင်းရာ HIV ပေါ့စတစ် ဖြစ်နေသူများကို တွေ့ရသည်။ ဘဝမှာ ပေါ့စတစ်
စိတ်ဓာတ်ရှိဖို့က အရေးအကြီးဆုံးပါဆိုသည့် စကားကလည်း မှတ်သားစရာ ဖြစ်သည်။

AIDS ရောဂါရှင်များ
ကွယ်လွန်ခါနီး ခံစားရသည့် ခန္ဓာကိုယ် နာကျင်မှုနှင့် ကလေးများကို ထားခဲ့ကာ ထွက်ခွာသွားရခါနီး
မိန်းမတစ်ဦး၏ အသည်းနှလုံး နာကျင်မှုကို ရင်ဆိုင် နေနိုင်သည်မှာ နည်းသည့် သတ္တိမဟုတ်
ဆိုသော စကားသံကိုလည်း ကြားရသည်။ AIDS ရောဂါဝေဒနာရှင် တစ်ဦးမှ 'လူတွေက နေကောင်းလားလို့
မေးရင် တကယ့် အဖြေမှန်ကတော့ ဘယ်တော့မှ နေကောင်း မနေပါဘူး။ တချို့နေ့တွေ ကောင်းပြီး၊
တချို့နေ့တွေက တော်တော်ဆိုးပါတယ်။ ကောင်းတဲ့နေ့က တဖြည်းဖြည်းနည်း လာပြီး ကောင်းတဲ့
နေ့တွေကလည်း ဝေးကွာ လွန်းနေပါပြီ' ဆိုသော ညည်းတွား သံများလည်း စိတ်မချမ်းမြေ့ စွာ ကြားရသည်။

Vol2
No.72

လျှပ်တစ်ပြက် - အပေါင်းလက္ခဏာ
ရုပ်ပုံလွှာများ (POSITIVE LIFE BY BY RIVER HOUSTON)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top