15
Mar

အပျော်အပါး လိုက်စားရာမှ နယ်စပ်ဒေသတို့တွင် HIV ကူးစက် ခံရမှုများ

နယ်စပ်ဒေသများတွင် HIV ပိုးတွေ့ရှိရမှု များကြောင်း ကျန်းမာရှင်သန် ကူညီရေးအသင်းမှ သိရသည်။၂ဝဝ၄ ခုနှစ်မှ စတင်၍တစ်လလျှင် တစ်ကြိမ်ထက်မနည်း နယ်ဆင်း ကုသမှုများ ပြုလုပ်ခဲ့ရာ နယ်လှည့် ကုသမှု အတွေ့အကြုံများ အရ နယ်စပ်ဒေသများတွင် HIV ပိုး တွေ့ရှိရမှု များကြောင်း အထက်ပါ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”နယ်စပ်ဒေသတွေမှာ ကျတော့ လှုပ်ရှားနေရတဲ့ သွားနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ တွေ့ရာနဲ့ အပျော်အပါး လိုက်စားမိတာမျိုး၊ နောက် မိန်းကလေးတွေ ကျတော့ ကိုယ်နဲ့ရင်းပြီး လုပ်စားရတော့ အဲဒီကနေ တစ်ဆင့်ကူးတာ များကြတယ်” ဟု ၎င်းကပြော သည်။ များသောအားဖြင့် နယ်စပ်ဒေသများဖြစ်သော မြိတ်၊ ထားဝယ်၊ မြဝတီ၊ မဲဆောက်၊ ရှမ်းပြည်နယ် နယ်စပ်နှင့် တရုတ်နယ်စပ် ရွှေလီဘက်တို့တွင် အတွေ့ရများကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့ အသင်းမှ နယ်စပ်သို့ သွားရောက် ပညာပေးရာတွင်လည်း ကူးစက်နည်းများ၊ ဆောင်ရန်ရှောင် ရန်များ၊ မူးယစ်ဆေး သုံးသူများဆိုပါက အပ်အသစ် သုံးရန်နှင့် ကိုယ်ဝန် ရှိလာပါက HIV ပိုးရှိမရှိ စစ်ဆေးရန် အဓိက ပညာပေးခြင်း ပြုလုပ်ရကြောင်း ၎င်းက ပြောသည်။

ယင်းသို့ သွားရောက်ရာတွင် တစ်ခါတစ်ရံ သွေးစစ်အဖွဲ့များ ပါဝင်ပြီး သွေးစစ်အဖွဲ့ မပါရှိပါက နီးစပ်ရာ မြို့များရှိ သွေးစစ်ဌာနများသို့ သွားရောက် စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးရကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ အသင်းသည် နယ်စပ်ဒေသ များအပြင် ရွှေဘို၊ မုံရွာ၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီး စသဖြင့် မြန်မာနိုင်ငံ အနှံ့နီးပါး သွားရောက်ခဲ့ပြီးဖြစ်သော်လည်း လမ်းပန်းခရီးအရ ချင်းနှင့် ကချင် ပြည်နယ်များကို မသွားရောက်ရ သေးကြောင်း ၎င်းက ဆိုသည်။

”နယ်တွေမှာ HIV  ဖြစ်ရင် ကြောက်ကြတယ်။ အရင်က HIV  ဖြစ်ရင် ကုရာနတ္ထိဆေးမရှိဆိုတဲ့ ဆိုင်းဘုတ်ကို ရန်ကုန်မှာရော၊ နယ်တွေမှာရော တင်ထားတယ်။ အဲဒါတွေ ကိုတွေ့ပြီး ကြောက်ပြီး သေရင်လည်း သေပစေ ဆိုပြီး ဆေးမကုကြတော့ဘူး” ဟု ၎င်းက ဆိုသည်။ ယခု နောက်ပိုင်းတွင်မူ အဆိုပါ ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့ကြပြီး ပညာပေးမှုများ ပိုမို အားကောင်းလာသည့် အတွက် သွေးစစ်ရဲလာကြကြောင်း၊ နယ်များသို့ သွားရောက်ရာတွင်  HIV/AIDS နှင့်ပတ်သက်၍ ဆေးများပေါ် လာပြီဖြစ်ကြောင်း၊ ရောဂါကို တန့်ထားနိုင်ပြီး HIV သည် မသေနိုင်ကြောင်း နှစ်သိမ့် ဆွေးနွေးပညာပေးမှုကို အဓိကပြု လုပ်ရကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရှင်သန် ကူညီရေးအသင်းကို FFH (Friend For Health) မှ အဓိက ထောက်ပံ့ပေးထားသည်။ ၎င်းအသင်းကို ၂ဝဝ၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စတင်တည် ထောင်ချိန်က နာတာရှည်ရောဂါ (နှလုံး၊ ကျောက်ကပ်၊ အသည်း စသည်)နှင့် လိင်တူ သမားများ စောင့်ရှောက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်မှ စတင်၍ HIV ကို ဦးတည်ဆောင်ရွက်ခဲ့ပြီး ယခု နောက်ပိုင်းတွင် TB ကိုပါ တွဲ၍ ဆောင်ရွက် လျက်ရှိသည်။ လက်ရှိ ၎င်းအသင်းတွင် ကူညီစောင့်ရှောက်ထားသော HIV ဝေဒနာရှင် ၂ဝဝ ခန့် ရှိသည်။

မြတ်စုငြိမ်း

Popular - အပျော်အပါး လိုက်စားရာမှ နယ်စပ်ဒေသတို့တွင် HIV ကူးစက် ခံရမှုများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top