ကွန်ဒုံးလို့ ခေါ်တဲ့ ကွန်ဒုံး အကြောင်းပြောမယ်ဆို ၉ တန်း၊ ဆယ်တန်းလောက်က စရမယ်။ ဆရာကြီး သိပံ္ပမှူးတင် ကျောင်းကိုလာပြီး HIV, AIDS ကူးစက်ရောဂါနဲ့ ပါတ်သတ်တဲ့ ပညာပေး ဟောပြောပွဲ လုပ်တယ်။ ကျောင်းသား၊ ကျောင်းသူ အကုန်တတ်ရတာ မဟုတ်ပါဘူး။ ၉ တန်း၊ ဆယ်တန်းကပဲ တတ်ရတာ။
နောက်ပိုင်း လိင်ပညာပေး အကြောင်းတွေပါပြောမဲ့ အချိန်ကြ မိန်းကလေးတွေ မပါတော့ဘူး။ ကျောင်းက ဆရာ၊ ဆရာမတွေလား၊ ကျောင်းအုပ်ကြီးကပဲလား မသိဘူး။ ကျောင်းသူတွေ နားထောင်ဖို့ မသင့်ဘူးလို့ သတ်မှတ်ပြီး ပြန်ခိုင်းလို့။ ဆရာကြီးကတော့ အားလုံးကို နားထောင်စေချင်တယ်။ ဒါတွေက ရှက်စရာလို့ သူက မမြင်ဘူး။ လူငယ် လူရွယ်တိုင်း သိထားသင့်တယ်လို့ ခံယူတယ်။ ဒါကြောင့်လည်း ဒီလို အထက်တန်းကျောင်း တွေကို အပင်ပန်းခံ လာပြီး ဟောပြော တာလေ။ ကျောင်းက ခွင့်မပြုလို့သာ မိန်းကလေးတွေ နားမထောင်ရတာ။ ဘာပဲပြော အဲဒီ အချိန်တွေတုန်းက အခုလို ပြောခွင့်ပေးတာ ကိုပဲ ကျေးဇူး တင်ရမဲ့ ခေတ်ဆိုတော့ ဆရာကြီးက ပြောလို့ရတဲ့ ကျောင်းသားတွေကိုပဲ ဟောပြောတော့တယ်။
ဒါတွေကလည်း ဆရာကြီး ဟောပြောပွဲမှာ ထည့်ပြောသွားတာလား၊ နောက်ပိုင်း ကျွန်တော်စိတ်ဝင်စားလို့ သူ့အိမ်ကို သွားပြီး စကား စမည်ပြော၊ မေးခွန်းတွေ မေးတုန်း ပြောခဲ့ တာလာလည်း မမှတ်မိတော့ဘူး။ ဘာပဲပြောပြော သူပြောသွားတာတွေက စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပဲ။ ခုချိန်မှာ သူဘာတွေ ပြောသွားလည်း အကုန် မမှတ်မိတော့ပါဘူး။ ပုံမှန် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူကြီးတစ်ယောက်ဆီက ကြားရခဲတဲ့ စကားတွေပေါ့။
ကျွန်တော်တို့တွေရဲ့ သဘာဝတွေ၊ masturbate လုပ်တာတွေ၊ လိင်စိတ်တွေ စုံလို့ဗျာ။ အမှန်တော့ ကျွန်တော်တို့တွေကလည်း အဲဒီ အရွယ်မှာ ခေတော့တာ မဟုတ်ဘူး။ လက်တွေ့သာ မစမ်းဖူးကြတာ။ ရတနာ ဝင်းထိန် ဖတ်နေပြီ။ အော်ကား ခိုးကြည့်နေပြီ။ စော်တွေကို ရှိုးတတ်နေပြီ။ ဒါပေမဲ့ သူပြောတဲ့ လိင်ပညာပေး အကြောင်းတွေကိုတော့ မသိခဲ့သေးဘူး။ အဲဒီတော့မှ ဖာကျိုးတယ်ဆိုတာ ဘယ်လိုမျိုး ရောဂါမျိုးလဲတို့၊ HIV, AIDS တို့ ဘယ်လို ကူးစက်နိုင်လဲ တို့ကို သေသေ ချာချာ သိရာတာ။
ဥပမာ ဖာကျိုးတဲ့ သူငယ်ချင်းရဲ့ ပုဆိုးကို ယူဝတ်မိရင် ကိုယ်ကိုလည်း ကူးနိုင်တယ်ဆိုတာမျိုး၊ သွားနှုတ်ရင်း၊ ဆေးထိုးရင်းက HIV, AIDS ကူးနိုင်တယ် ဆိုတာ မျိုးပေါ့ဗျာ။ ကျွန်တော်တို့ခေတ်မှာ ဒါမျိုးတွေကို အဖေဆီကလည်း မကြားဖူးဘူး၊ ဆရာတွေ ဆီကလည်း မကြားဘူးတော့ အဆန်းကြီးပေါ့ဗျာ။ ကျွန်တော် တို့ကလည်း အကုန်နားထဲဝင်တာ မဟုတ်ပါဘူး။ နောက်နောက် ပြောင်ပြောင်နဲ့ပါပဲ။ "သွားလေးဘာ လေးနှုတ်ထားဦးမှ၊ အေကိုက်ရင် လက်ညိုးထိုးလို့ရအောင်" ဆိုပြီတောင် ပြောလိုက်ကြသေး။ အဲ ကွန်ဒုံးခါ် ကွန်ဒုံး အကြောင်းတော့ ကျွန်တော် စိတ်ဝင်စားတယ်။ အဲဒီတုန်းက ကွန်ဒုံးဆိုတာ ကြားသာ ကြားဘူးတာ။ သေသေချာချာ မမြင်ဖူးဘူး။ ဘော်ဒါတစ်ဘွေ နိုင်ငံခြားက ပြန်လာတဲ့ ဦးလေးဆီက ယူလာပြလို့ မဖောက်ကြည့်ပဲ အပြင်ကနေ ကိုင်ဖူးတယ် ရှိအောင် လောက်ပဲ ကိုင်ဖူးတာ။ မှတ်မိသေးတယ်။ ရွှေရောင် အခွန်လေး။ မသိရင် ချောကလတ်လို့ ထင်မှာလို့ ကျွန်တော်တို့ ဝိုင်းပြောကြသေးတယ်။
ယူလာတဲ့ ကောင်ကတော့ သူမြင်ဖူးတယ်ပေါ့။ ပူဖောင်းလိုမျိုးပဲတဲ့။ ကျွန်တော်တို့မှာလည်း ကွန်ဒုံးမကိုင်နိုင်သေးတော့ သူပြောသမျှ ယုံရတာပေါ့။ ဒီကောင်က ကွန်ဒုံးကို အားလုံး ကိုင်ဖူးတယ်ရှိအောင် ပေးကိုင်တယ်။ သူ့ကိုယ်ပိုင်လိုလို အထာနဲ့ လာကြွားတယ်။ ကျွန်တော်တို့က ဖောက်ကြည့်မယ် လုပ်တော့ ပြန်သိမ်း သွားတယ်။ ဟန်းဖုန်းတွေ ပေါ်ကာစက ကိုယ့်အဖေ ဟန်းဖုန်းကို ဘော်ဒါတွေကြားမှာ လာကြွားတဲ့ အထာမျိုးပေါ့။ အဲဒီထဲက တေးထားတယ်။ ငါတနေ့ ကွန်ဒုံး ကိုင်နိုင်ရမယ်လို့။ အဓိက ကွန်ဒုံးကို ပိုက်ဆံအိပ်ထဲ ထည့်ထားချင်တဲ့ အကြောင်းက skid row ရဲ့ mtv ထဲမှာ အဖေက အပြင်သွားခါနီး သားကို ကွန်ဒုံး ပေး လိုက်တာ ကြည့်လိုက်ပြီး ကတည်းက။
ထားပါတော့။ ဟောပြောပွဲ အကြောင်းဆက်မယ်။ ဆရာကြီး သိပံ္ပမှူးတင်က ကွန်ဒုံးကို ပြတယ်။ ဘယ်လို အသုံးပြုရလဲ၊ ဘာတွေကို ကာကွယ်နိုင်လဲ ဆိုတာတွေ ပြောပြတယ်။ ကျွန်တော်တို့တွေ ကလည်း ခပ်တုန်းတုန်းဆိုတော့ အဲဒီတော့မှ မြင်ဖူးတာ။ ကျွန်တော်တို့ ဖတ်နေတဲ့ အပြာစာအုပ်တွေမှာလည်း ကွန်ဒုံး သုံးတဲ့ ဇာတ်လိုက်ဆိုတာ ရှိမှ မရှိတာ။ ဆရာကြီးက အဲဒီမှာ ပြောတယ်။ ဘယ်လို အခြေအနေကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်၊ တကယ်လို့များ လိင်ဆက်ဆံဖြစ်ရင် ကွန်ဒုံးသုံးဖြစ်အောင် သုံးဖို့ကို တိုက်တွန်းတယ်။ နောက်ဆုံး "မင်းတို့ ငယ်သေးတယ်၊ ဒါတွေကို လုပ်ဖို့လည်း မသင့်သေးဘူး။ မင်းတို့လည်း ကိုယ့်စိတ် ကိုယ်နိုင်တယ်လို့ပဲ ထင်ထားတာပဲ။ ဒါပေမဲ့၊ ကြုံလာခဲ့သည်ရှိသော် ကြိုတင်ကာကွယ်နိုင်ဖို့၊ ကွန်ဒုံးကို ဆောင်ကြစို့" ဆိုပြီး နိဂုံး ချုပ်တယ်ပေါ့ ဗျာ။ ပြီးတော့ ပါလာတဲ့ ကွန်ဒုံးတချို့ဝေတယ်။ နောက်ကျသွားလို့ ကျွန်တော့တို့ မရလိုက်ဘူး။ ဒီတော့ ဆရာကြီးက သူ့အိမ်မှာ လာယူလို့ ရကြောင်း၊ မသိတာတွေ ရှိရင်လည်း မေးလို့ရကြောင်း ပြောလို့ ကျွန်တော်လည်း လိပ်စာယူထားလိုက်တယ်။
ဘာပဲ ပြောပြော အဲဒီ အချိန်တွေတုန်းက အပြင်ထွက်ဖို့ ဇာတ်လမ်းရှာရတာကလည်း တစ်လုပ်လေ။ အဖေ၊ အမေတွေက အတင်းကြီး မပိတ်ပင်လည်း အကြောင်းပြချက် ရေရေရာရာ မရှိပဲသွားရင် ပြောချင်တယ်။ အမေက စာရေးဆရာတွေ ဘာတွေဆို လေးစားတယ်။ အဖေက သားကို အင်ဂျင်နီယာတို့၊ ဆရာဝန်တို့ဆိုတဲ့ သိပံ္ပလိုင်းဖက် စိတ်ဝင်စား စေချင်တယ်။ အဲဒီတော့ စာရေးဆရာ သိပံ္ပမှူးတင်ဆီ သွားမယ်ဆို လိုက်တောင်ပို့ပေး လိုက်သေးတယ်။ အပြန် ကိုယ့်ဘာသာပြန်မယ်ဆိုတော့ ဘော်ဒါတွေဆီ ဝင်လို့ ရသေးတယ်။ ဒီလိုနဲ့ ကျွန်တော့မှာ အသုံးချစရာ မရှိသေးပဲ ကွန်ဒုံးကို ပိုက်ဆံအိပ်ထဲ ဆောင်တဲ့ အကျင့် ရသွားတယ်။
ကျွန်တော်ကတော့ ကွန်ဒုံး ဆောင်ရတာ မရှက်ပါဘူး။ နောက်ပိုင်း အသက်ကြီးလာတော့လည်း ကွန်ဒုံး ဝယ်ရတာ မရှက်ပါဘူး။ ဒီလိုပဲ ဝယ်လိုက်တာပဲ။ ကွန်ဒုံးရှိတိုင်း မဟုတ်က ဟုတ်က လုပ်တဲ့ကောင်မှ မဟုတ်တာ။ ကျွန်တော်ဆို အဲဒီ ကွန်ဒုံး စဆောင်တဲ့ အချိန်ကစပြီး နှစ်အတော်တော်ကြာမှ စပြီး သူ့နေရာနဲ့ သူသုံးဖူးတာ။ ကျွန်တော်တို့ ခေတ်တုန်းက လူတွေက ကွန်ဒုံးတွ့ရင်ပဲ နှာဘူးလို့ တန်းသတ်မှတ် ချင်တာ။ အဲဒီအထဲ အမေနဲ့ အဖေလည်း ပါတာပေါ့။
ထုံးစံအတိုင်း အမေက စားပွဲရှင်းပေးရင်း၊ ပိုက်ဆံအိတ်ကို ခိုးကြည့်တယ်။ အမေက ပေါ်တင်တောင်း မကြည့်ဘူး။ သူ့ ပိုက်ဆံအိတ်၊ ဘီဒိုတွေ ကျွန်တော်တို့ ကိုင်တာကို မကြိုက်တော့ ကျွန်တော်တို့ ပိုက်ဆံအိတ်တွေ ဘာတွေလည်း စစ်လား ဆေးလားမလုပ်ဘူး။ ဒါပေမဲ့ အမေပဲဗျာ။ ကိုယ့်သားတွေ ရီးစားတွေ ဘာတွေ ထားပြီလား၊ ဘာလား သိချင်တော့ ပိုက်ဆံအိတ်ကို ကျွန်တော် မရှိတုန်း ကြည့်တာပေါ့ဗျာ။ ကွန်ဒုံးကို တွေ့တော့ အမေ နဲနဲ ရှော့ရသွားတယ်။ အဖေနဲ့ တိုင်ပင်ပြီး အဖေ့ကို အပြောခိုင်းတယ်။ အမှန် အမေက သူပိုက်ဆံအိတ် ခိုးကြည့်တာကို မသိစေချင်ဘူး။ "အမေပြောတော့ သူများပစ္စည်းကို သူများ မသိအောင်ကိုင်တာဟာ ခိုးတာဆို" ဆိုတဲ့ ကျွန်တော်ပြောမဲ့ စကားတွေကို သိနေတာလည်း ပါမယ်။ အဲဒီတော့ အဖေက မေးတယ်။ "မင်းအမေ နေ့လည်က အခန်းရှင်းတော့ မင်းပိုက်ဆံ အိတ်ထဲက ကွန်ဒုံး ထွက်ကျလာလို့ သိမ်းထားလိုက်တယ်တဲ့။"
"ကဲ ပြောစမ်းဘာဦး၊ မင်းက မင်းအရွယ်လေးနဲ့ အဲဒါကို ဘာလုပ်မလို့တုန်း၊ ဘယ်ကရတာတုန်း" ဆိုပြီး ကွန်ဒုံးက စားပွဲပေါ်တင်ပြီး ကျွန်တော့ကို တရားခံစစ် စစ်ပါတော့တယ်။ ကျွန်တော်က အရင်ဆုံး အဖေ့ကို ဘာပြောပြလဲ ဆိုတော့ ဒီကွန်ဒုံးက ဘယ်လိုနည်းနဲ့မှ ပိုက်ဆံအိတ်ထဲက ထွက်မကျနိုင်ဘူးဆိုတာ၊ ပိုက်ဆံအိတ်ရဲ့ အတွင်းထဲမှာ သေချာ ထည့်ထားတယ် ဆိုတာကိုပါ သရုပ်ပြပေးလိုက်တယ်။ သဘောကတော့ "အဖေ၊ ကျွန်တော် ငပေါမဟုတ်ဘူး၊ လိုရင်းကို သားအဖ အချင်းချင်း ရိုးရိုးသားသား ပြောကြမယ်" ပေါ့။ အဖေက နဲနဲတော့ မဲ့ပြုံးပြုံးတယ်။ မင်းက အလာကြီးပါလား ဆိုတဲ့ အထာမျိုးနဲ့။ အဖေနဲ့ အမေက အဲဒီတစ်ခုတော့ ကောင်းတယ်။ သူတို့ လုပ်တာ မမှန်ရင် ဆက်ပြီး မငြင်းတော့ဘူး။ "ဘာဖြစ်လဲကွာ၊ မိဘပဲ သားသမီး ပိုက်ဆံအိတ်ကြည့်တာ ဘာဖြစ်လဲ ဘာညာ မဖြဲတတ်ဘူး။ အနည်းဆုံး ကျွန်တော့ကိုတော့ မလုပ်ဘူး။ မခံမှန်းသိလို့လား ဘာလားတော့ မသိဘူး။ ဒီတော့ ဘယ်ကရလဲတွေ၊ ဘာလုပ်ဖို့လဲတွေ မေးရော။
ကျွန်တော်ကလည်း ကျောင်းက ဟောပြောပွဲကနေ စပြီး၊ သိပံ္ပမှူးတင် ပြောခဲ့တဲ့ လိင်ပညာပေး အကြောင်းတွေလည်း ပြောရင်း၊ "အမြင်ကျဉ်းတဲ့ မိဘတွေကတော့ ကိုယ့်သားသမီး လက်ထဲမှာ ကွန်ဒုံးတွေ့တာကို ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး" တို့လို့ ကိုယ်ပိုင် အုန်းကျွန်းလေးတွေလည်း သိပံ္ပမှူးတင် ပြောသလိုနဲ့ အဖေ့ကို ထည့်ရတာပေါ့။ နောက်ဆုံးတော့ အဖေက ဘာလုပ်ရမှန်းမသိတော့ မင်းကွန်ဒုံးကိုတော့ လွတ်ပြစ်ရမယ်ဆိုပြီး ဇာတ်သိမ်းတယ်။
ပုံမှန်ဆို ကျွန်တော်က အထွန့်တတ်ဦးမှာပါ။ ဒီတခါတော့ လွတ်ပေးလိုက်တယ်။ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားရင် အမေရှာလောက်တယ်လို့ ထင်လို့ တမင်တကာ ထည့်ထားတာ။ ဘာရယ်မဟုတ်ဘူး အမေလည်း ခိုးကြည့် နေတာ ပေါ်သွားအောင်ရယ်၊ ကျွန်တော့မှာလည်း အပိုတွေရှိနေလို့ရယ်။ သားသမီးဆိုတာ မိဘ မသိအောင် ဘယ်မှာ ဘယ်လိုဖွတ်ရမလဲ ကောင်းကောင်းသိတယ်။ မဟုတ်ရင် ရတနာ ဝင်းထိန်တို့၊ ဟိုကားဒီကားတွေ ဘယ်မှာသွားထားမလဲ။ ကျွန်တော့မှာက ဒီထက်ကောင်းတဲ့ အကြံကလည်း ရှိပြီးသား။ တရက် အမေနဲ့ အဖေ မြို့ထဲက အမျိုးအိမ်သွားလည်တုန်း၊ ဆရာကြီး အိမ်သွားလည်တယ်။ သူ့အိမ်ကနေ အမျိုးအိမ်ကို ဖုန်းဆက်ပြီး အဖေတို့ကို လာကြို ခိုင်းလိုက်တယ်။ အိမ်ကလာရင် အဖေပဲပါမှာလေ။ ဆရာကြီးကိုလည်း အမေတို့၊ အဖေတို့နဲ့ မိတ်ဆက်ပေးမယ်လို့ စကားခင်း ထားလိုက်တယ်။ လာကြိုတော့မှ အမေတို့ကို အိမ်ထဲဝင်ခိုင်းပြီး ဆရာကြီးရှေ့မှာ အိမ်တွင်း ကွန်ဒုံး အရှုပ်တော်ပုံ အကြောင်း ဖွင့်ချလိုက်တယ်။
ဆရာကြီးကလည်း ဘာပြောရမှန်းမသိ၊ အမေတို့ အဖေတို့ကလည်း ဘာပြောရမှန်း မသိဖြစ်နေလို့ ကျွန်တော်လည်း မြန်မာကားတွေထဲကလို လူကြီးချင်း စကားပြောနေရင် လူငယ်တွေ ခြံထဲဆင်းလျှောက် သလိုမျိုး ခြံထဲဆင်းပြီး လမ်းလျှောက် နေပေးလိုက်တယ်။ အပြန်ကျတော့ အဖေက နဲနဲတော့ဖုတယ်။ "မင်းကွာ လူကြီးတွေကို မိတ်ဆက်ပေးမယ်ဆို ကြိုပြောဖို့ ကောင်းတာပေါ့" ဆိုပြီးပြောတယ်။ ဆရာကြီးက ဘာတွေ လတ်ချာရိုက်လိုက်လည်း မသိဘူး။ ဘာမှ မပြောတော့ဘူး။ ဆရာကြီးကတော့ သူတို့ကို ဘာလုပ်ပါ၊ ညာလုပ်ပါ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြံပေးတာတို့ ဘာတို့ပဲ လုပ်တာပါ။ သူတို့ကလည်း ကိုယ့်ထက် ပညာတတ်တယ်လို့ သတ်မှတ်တဲ့ သူတွေပြောတာဆို လေးစားသမှုနဲ့ နားထောင်တာလည်း ပါမယ်၊ ကိုယ့်သားသမီးကို ကောင်းစေချင်တာလည်း ပါလိမ့်မယ်။
ကွန်ဒုံးနဲ့ ပါတ်သတ်ပြီး ဘာမှ မပြောတော့ဘူး။ နောက်ပိုင်း ကျွန်တော်ကလည်း အံဆွဲထဲ ထည့်ထားတာတို့ ဘာတို့အထိ လုပ်လို့ တွေ့နေလဲ မသိချင်ယောင်ပဲ ဆောင်နေ လိုက်တယ်။ ဒီလိုနဲ့ ကွန်ဒုံး ပါမစ်က အိမ်မှာ ကျွန်တော် တစ်ယောက်ပဲ ရလိုက်တယ်။ ကျွန်တော်တို့တွေ အရွယ်ရောက်လို့ ကျွန်တော့ညီ နယ်မှာ အလုပ်သွားလုပ်ဖို့ ဖန်လာတော့ ကွန်ဒုံး ဇာတ်လမ်းက ပြန်စပြန်ရော။ ကျွန်တော်ကလည်း အကိုဆိုတော့ ခရီးသွားခါနီး ညီအတွက် ဘာပေးရင် ကောင်းမလဲ စဉ်းစားရင်း ကွန်ဒုံးသွား သတိရလို့ သူ့ ခရီးသွား အိတ်ထဲမှာ တပြွတ်ကြီး ထည့်ပေးလိုက်တယ်။ အမေကလည်း ထုံးစံအတိုင်း သူ့သား ဘေးကင်းအောင် စိတ်ပတီးတို့၊ ပရိတ်ကြိုးတို့၊ ဘုရားပုံတို့ ထည့်မယ် အလုပ် ကွန်ဒုံး အထုတ်သွားတွေ့တော့ ဟိုကောင် အပွမ်ခံရရော။ ဒီကောင်ကလည်း သူ့ဟာ မဟုတ်တော့ ဟိုကောင် ဇေယျာ ထည့်ထားတာလို့ ပြောတာပေါ့။ အဲဒီတော့ အမေက ကျွန်တော့ဆီရောက်လာပြီး မင်းဘာသာ မင်းပျက်စီးတာ ကိစ္စမရှိဘူး၊ ငါ့သားလေးကို မဖျက်ဆီးနဲ့ ဖြစ်ရော။ ကျွန်တော်ကလည်း ပြန်ပြောရတော့တာပေါ့၊ အမေကလည်း အမေ့သားကို ဘေးရန်ကင်းအောင် အကာအကွယ်တွေ ပေးတာပဲ။ ကျွန်တော်ကလည်း ကျွန်တော့ညီကို ကျွန်တော်သိတဲ့ ဘက်ကနေ အကာအကွယ်တွေ ပေးတာ ဘာဖြစ်လို့လဲ ဆိုတော့ အမေလည်း ပြန်မငြင်းတော့ဘူး။ ကျွန်တော့ ညီကိုတော့ မှာတယ်။ "မင်းအကို အရူးအပေါလုပ်တာတွေ လိုက်အတု မခိုးနဲ့" တဲ့။ သူ့သား အရူးအပေါကတော့ အခုအချိန်ထိ ကွန်ဒုံး တစ်ခု ပိုက်ဆံအိတ်ထဲ ထည့်ပြီး ခပ်တည်တည် နေနေတုန်းပဲ။
မောင်ရင်ငဇေ
Voices From FB Myanmar - အဖော်




