26
Jun

အမေဂျမ်းနတ်ပွဲတွင် ကွန်ဒုံးနှစ်သောင်းဝန်းကျင် အခမဲ့ဝေ

မြန်မာ့ ၃၇ မင်း နတ်သမိုင်းတွင် အဆဲအဆို ကြမ်းတမ်းသောနတ်အဖြစ် ထင်ရှားသည့် အမေဂျမ်းနတ်ပွဲကို တံတားဦးမြို့နယ် အေးကြည်ကုန်း ကျေးရွာတွင် ယနေ့ (ဇွန်လ ၂၅ ရက်နေ့) ကျင်းပနေရာ တိုင်းဒေသကြီး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနှင့် မိတ်ဖက်အဖွဲ့အစည်းများက ကွန်ဒုံးပေါင်း နှစ်သောင်းဝန်းကျင်ကို အခမဲ့ ဝေပေးကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးမှ ဒေါက်တာကျော်စိုးက ပြောကြားသည်။

HIV/AIDS ဖြစ်ပွားမှု များပြားလာသည့်အတွက် ရောဂါကူးစက်မှုနှုန်း လျော့ကျလာစေရန် အမြို့မြို့ အနယ်နယ်မှ အမေဂျမ်းနတ်ပွဲကို လာရောက်သူများခြင်းနှင့် နှစ်စဉ်နှစ်တိုင်း ယင်းနတ်ပွဲသည် တစ်ရက်တာ ကျင်းပသဖြင့် ကွန်ဒုံးများကို ဝေငှခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုဆိုရင် အမေဂျမ်းပွဲ၊ တောင်ပြုန်းပွဲတွေ စတော့မယ်။ အနယ်နယ် အရပ်ရပ်က လူတွေကလာပြီး ပျော်ပါးကြတယ်။ အဲဒီအချိန်တွေမှာ အကာကွယ်မဲ့ လိင်ဆက်ဆံတယ်ဆိုရင် ရောဂါကူးစက်ဖို့ ရာခိုင်နှုန်းများတယ်။ ကျွန်တော်တို့လည်း ဒီလိုပွဲတော်ရက်တွေမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်” ဟု ၎င်းက လက်ရှိ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအနေနှင့် နယ်စွန်နယ်ဖျားရှိ တရားမဝင် ဖွင့်လှစ်ထားသော ပြည့်တန်ဆာ အခန်းများ၊ ရိုးရာပွဲတော်ရက်များ၊ ရပ်ကွက်/ကျေးရွာများတွင် သွားရောက်၍ ရောဂါကူးစက်ခံရမှုနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ရောဂါပိုး ရှိ မရှိ သွေးစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ရောဂါ လက္ခဏာ ဖြစ်ပွားလာပါက သက်ဆိုင်ရာ ဆေးပေးဝေရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသသင့်ကြောင်း ဒေါက်တာကျော်စိုးက ပြောကြားသည်။

“တောင်ပြုန်းပွဲကိုတော့ မသွားမဖြစ်သွားတယ်။ အရမ်းလည်း လူတွေရှုပ်တယ်။ နောက်ပြီး ပြောချင်တာက မမှားသင့်တာကိုပါပဲ။ တစ်ခဏတာနဲ့ အသက်အန္တရာယ်ကို မလဲသင့်ဘူးထင်တယ်” ဟု မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၃ နှစ်အရွယ် မိန်းမိန်းက ပြောကြားသည်။

မန္တလေး၊ ဇွန် ၂၅

The Voice - အမေဂျမ်းနတ်ပွဲတွင် ကွန်ဒုံးနှစ်သောင်းဝန်းကျင် အခမဲ့ဝေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top