ချောင်းဆိုးရာကစတာပါ။ သူက သာမန်ဖြစ်နေကျ အခြေအနေ တစ်ခုလောက်လို့ပဲ ထင်ခဲ့တာ ဖြစ်ပေမယ့် ပျောက်မသွားပါဘူး။ ပြီးတော့ ဖျားလာပါတော့တယ်။ အဆုတ်တစ်ဝိုက်မှာ နာကျင်လာပြီး ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာပါတယ်။ အသက်ရှူရတာ ခက်လာတဲ့အထိ ဖြစ်လာပြီးတဲ့နောက် လည်ပင်းထဲမှာ ပူပူလောင်လောင် ဖြစ်လာခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ် ပီရူးသား အော့စ်ဝယ်လ်ဒို ဂျူအာရက်ဇ်ဟာ ရေချိုးခန်းထဲမှာ ချောင်းဆိုးရင်း သွေးတွေ ပါလာတာကို မြင်တဲ့အခါ အရမ်းကို ထိတ်လန့်သွားပါတော့တယ်။ “ကျွန်တော်တော့ သေရတော့မယ်လို့ ထင်လိုက်မိတာ။ ချောင်းဆိုးတဲ့အခါ သွေးတွေပါလာပြီ ဆိုကတည်းက တော်တော်လေး ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်နေပြီလို့ တွေးမိတာကိုး”လို့ အမေရိကန်မှာ အင်္ဂလိပ်စာ လာသင်နေတဲ့ ဂျူအာရက်ဇ်က ဆိုပါတယ်။
တကယ်လည်း ဆိုးဆိုးရွားရွားပါပဲလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ နှစ်ပေါင်းများစွာ သူတို့တွေ စိုးရိမ်နေခဲ့တဲ့ စွမ်းအားမြင့် တီဘီပိုးတစ်ခုကြောင့်ဆိုတာ ဆရာဝန်တွေက ဖော်ထုတ်လိုက်နိုင်တာ ကြောင့်ပါ။ အဲဒီတီဘီပိုးဟာ လက်ရှိသုံးစွဲနေတဲ့ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိပါတယ်လို့ ဒေါက်တာဒေးဗစ် အက်ရှ်ကင်က ဆိုပါတယ်။
အရင်က ခုလိုရောဂါမျိုး အမေရိကန်မှာ ဘယ်သူမှ မဖြစ်ခဲ့ဘူးလို့လည်း ဆရာဝန်တွေက ရှင်းပြကြပါတယ်။ XXDR တီဘီလို့ နာမည်ပေးထားတဲ့ ရောဂါကို ဘယ်လိုကုသရမယ်ဆိုတာ သေချာမသိသေးဘူး လို့လည်း ဒေါက်တာ အက်ရှ်ကင်က ၀န်ခံခဲ့ပါတယ်။
XXDR စွမ်းအားမြင့် တီဘီပိုးဟာ တော်တော်လေး ရှားပါးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၄၀) လောက်ကစပြီး တီဘီပိုးဟာ ကြောက်စရာမဟုတ်တော့သလို ပိုပိုပြီး အစွမ်းထက်တဲ့ ရောဂါတိုက်ဖျက်ဆေးတွေ ပေါ်လာနေပြီလို့ တစ်ကမ္ဘာလုံးက ယုံကြည်နေပေမယ့် စွမ်းအားမြင့် တီဘီပိုးတစ်မျိုး ကျန်နေသေးတယ်ဆိုတာ သေချာသထက် သေချာလာပါပြီလို့ အမေရိကန် ခွဲစိတ်အထူးကု ၀ီလျံစတီးဝပ်က ဆိုပါတယ်။
တီဘီရောဂါဟာ ထင်သလောက် အင်အားမလျော့သွားသေးဘူးဆိုတာ ကမ္ဘာပေါ်မှာ လူသေနှုန်း အမြင့်ဆုံး ရောဂါစာရင်းဝင်အဖြစ် ငှက်ဖျား၊ AIDSတို့နဲ့ ရင်ဘောင်တန်း ရပ်တည်နေတာကိုကြည့်ရင် တွေ့နိုင်ပါတယ်။ တကယ်တော့ ဆေးပီးသွားတဲ့ တီဘီပိုးတွေဟာ လူတွေရဲ့ ဆေးဝါးစမ်းသပ်မှုကနေပဲ အင်အားကောင်းကောင်း ဖွဲ့စည်းပုံအသစ်တွေ ဖြစ်လာတာပါ။
ဥပမာ ဆင်းရဲတဲ့ နိုင်ငံတွေက သာမန်တီဘီရောဂါ ဝေဒနာရှင်တွေဟာ ဆေးကိုမှန်မှန် မသုံးစွဲဘဲ ပြတ်တောင်းပြတ်တောင်း သောက်သုံးကြရာကနေ ကာကွယ်ဆေးနဲ့ အကျွမ်းဝင် ယဉ်ပါးပြီး ဆေးဒဏ်ကို ခံနိုင်တဲ့ တီဘီပိုး အမျိုးအစားသစ်တွေ ထွက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးယဉ်နေတဲ့ ရောဂါတွေကြောင့် လူသေဆုံးမှု အခြေအနေတချို့ကို AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကိုလံဘီယာမှာ တစ်နှစ်ကို လူ(၁)သန်းလောက် ဆေးယဉ်သွားတဲ့ ရောဂါတွေကြောင့် သေရပါတယ်။ အာဖရိက နိုင်ငံတွေမှာတော့ HIVရောဂါပိုးဟာ တစထက်တစ ကုရခက်လာတဲ့ ဆေးပီးတဲ့ အနေအထားမျိုး ပုံစံသစ်တွေ ဖြစ်လာပြီး ကုသဆေးတွေကို အပြည့်အ၀ ခံနိုင်မှု အရေအတွက်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာမှာ (၃၀)ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။
အမေရိကန်မှာတော့ ပြီးခဲ့တဲ့နှစ်က ဆေးယဉ်သွားတဲ့ ရောဂါပိုးတွေကြောင့် သေသူအရေအတွက် (၆၅၀၀၀) ကျော်လောက် ရှိခဲ့ပါတယ်။ နော်ဝေးမှာလည်း အဲဒီလို အခြေအနေအရ သေသွားတာ (၁၉၀၀၀)ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ အခုလောလောဆယ် အမေရိကန်မြေမှာ ပထမဆုံး တွေ့ရတဲ့ ကာကွယ်ဆေးဒဏ်ခံ တီဘီရောဂါဟာ တစ်ချိန်က ကပ်ရောဂါသဖွယ် ဖြစ်ခဲ့တဲ့ တီဘီရဲ့ တကျော့ပြန် ခြိမ်းခြောက်မှုမျိုး ဖြစ်လာမှာကို ဆရာဝန်တွေက စိုးရိမ်နေပါတယ်။
“ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတိုင်းမှာ ဆေးယဉ်နေတဲ့ ရောဂါပိုးတွေဟာ အခြိမ်းခြောက်နိုင်ဆုံး အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။ တီဘီရောဂါ တကျော့ပြန် ကြီးထွားလာမယ်ဆိုရင် ကျွန်တော်တို့ဟာ လေရှူရမှာကိုတောင် လန့်နေရတဲ့ဘ၀မျိုး ရောက်သွားမှာပါ”လို့ ဒေါက်တာဂျူအာရက်ဇ်က ပြောသွားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ အဆိုအရ တစ်နှစ်ကို ကမ္ဘာ့လူဦးရေ (၂)သန်းလောက်ဟာ တီဘီကြောင့် သေဆုံးနေရတယ်လို့လည်း သိရပါတယ်။
Planet - အမေရိကန်တွင် တီဘီဆေးယဉ်ပါးသည့် ဝေဒနာရှင် ပထမဆုံးတွေ့ရှိ




