အေ့ဒ်စ်ရောဂါ ဖြစ်ပွားစေသည့် အိပ်ခ်ျအိုင်ဗွီပိုးကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့သော အနှစ် ၃၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းမှ ကာကွယ်ရန် နေ့စဉ်သောက်သုံးနိုင်သော ဆေးဝါး တစ်မျိုးကို အတည်ပြုပေးရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) မှ အကြံပေးပညာရှင်များက မေလ ၁၀ ရက်နေ့တွင် အဆိုပြုခဲ့ကြောင်း သိရသည်။
မဲခွဲဆုံးဖြတ်မှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် လိင်တူဆက်ဆံသူများ၊ နှစ်ဖက်ချွန်များ၊ အိပ်ခ်ျအိုင်ဗွီရှိနေသော အဖော်နှင့် လိင်ဆက်ဆံသူများအပါအ၀င် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေ မြင့်မားသော ကူးစက်ခံရခြင်း မရှိသေးသည့်သူအားလုံး နေ့စဉ်သောက်သုံးနိုင်သော ဆေးအဖြစ် Truvada ဆေးကို အတည်ပြုရန် FDA အတိုင်ပင်ခံအဖွဲ့က အဆိုပြုပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
FDA သည် အတိုင်ပင်ခံအဖွဲ့၏ အဆိုပြုမှုကို လက်မခံလိုက လက်မခံဘဲ နေနိုင်သော်လည်း ပုံမှန်အားဖြင့် လက်ခံလေ့ရှိသည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ဇွန်လ ၁၅ ရက်နေ့တွင်မှ ချမှတ်နိုင်ဖွယ်ရှိသည်။
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် အခြေစိုက် Gilead Sciences Inc., က Truvada ဆေးကို ၂၀၀၄ ခုနှစ်ကတည်းက ဈေးကွက်တင် ဖြန့်ဖြူးပေး ခဲ့ခြင်းဖြစ်ပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများအတွက် ကုထုံးတွင် ထည့်သွင်း အသုံးပြုရသည့် ဆေးဖြစ်သည်။ ပိုးကို ဖိနှိပ် တိုက်ဖျက်ရန်အတွက် Emtriva နှင့် Viread ဆေးများနှင့်အတူ ရောနှောသုံးစွဲရခြင်းဖြစ်သည်။
မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော အတိုင်ပင်ခံကောင်စီ၏ ၁၂ နာရီကြာ ဆွေးနွေးပွဲတွင် ယင်းဆေးကို ပိုးမကူးစေရန်ကာကွယ်ရေး သုံးစွဲခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို အကျေအလည် ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီ မကူးစက်ရေး တိုက်ဖျက်ရာတွင် အသုံးဝင်ဆုံး နည်းလမ်းဖြစ်သည့် ကွန်ဒုံးအသုံးပြုမှု လျော့ကျလာနိုင်ခြေကို စိုးရိမ်ခြင်းကြောင့်ဖြစ် သည်။ ယင်းအပြင် လေ့လာမှုများအရ Truvada ဆေးသည် အမျိုးသမီးများအတွက် ကာကွယ်နိုင်မှုနိမ့်ခြင်းကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။
ယင်းအပြင်ဆေးကို နေ့စဉ်မှန်မှန်သောက်ရေး သေချာစေရန် ချမှတ်ပေးရမည့် လမ်းညွှန်ချက်များနှင့် ပတ်သက်ပြီးလည်း အကျေအလည် ဆွေးနွေးခဲ့ကြသည်။ စမ်းသပ်မှုများတွင် ပါဝင်ခဲ့သူများကိုယ်တိုင်ထဲမှ အချို့ပင်လျင် နေ့စဉ်ပုံမှန်သောက်ရန် မေ့လျော့မှုရှိခဲ့ခြင်းကြောင့် ပြင်ပ ကမ္ဘာတွင် လေ့လာမှု ကထက် ဆေးသောက်ရန် မေ့လျော့သူများမည်ကိုလည်း စိုးရိမ်မှုရှိခဲ့ကြသည်။
''ပြဿနာက ဘယ်သူက ဘယ်သူတွေအတွက် တိုက်တွန်းပေးမယ်ဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်သူတွေ သောက်သင့်တယ်ဆိုတာမျိုး ညွှန်ကြားနိုင်တဲ့ အနေအထားမှာ မရှိပါဘူး''ဟု မဲခွဲဆုံးဖြတ်မှုတွင် ဆေးကိုအတည်ပြုရန် ထောက်ခံမဲပေးခဲ့သည့် ဘေလာဆေး ကောလိပ်မှ ဒေါက်တာ တွမ်ဂျော်ဒါနိုက ပြောကြားခဲ့သည်။
သတိပြုရမည့်အချက်မှာ ယင်းဆေးကို သောက်သုံးမည့်သူသည် မသောက်သုံးမီ ပိုးရှိ၊ မရှိဦးစွာစစ် ဆေးရမည့်အချက်ဖြစ်သည်။ ပိုးရှိပြီးသူကို ယင်းဆေး တစ်မျိုးတည်း ပေးပါက ဆေးမတိုးတော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သုံးနှစ်ကြာ လေ့လာမှုများအရ လိင်တူဆက်ဆံသူများ၊ နှစ်ဖက်ချွန်များတွင် ယင်းဆေးကို ကွန်ဒုံးနှင့် ဆွေးနွေးပညာပေးခြင်းတို့ဖြင့် ပေါင်းသုံးခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးနိုင်ခြေ ၄၂ ရာခိုင်နှုန်းမျလျော့ကျခဲ့ပြီး ပိုးရှိသူနှင့်အတူနေ လိင်ဆက်ဆံသူများတွင် ၇၅ ရာခိုင်နှုန်းအထိ ကာ ကွယ်ပေးနိုင်ကြောင်း တွေ့ရှိ ထားသည်။
ဆေးမှာ တစ်လစာလျှင် ဒေါ်လာ ၉၀၀ မျှ ကျသင့်ခြင်း၊ ယင်းဆေးသုံးလျှင် လုံးဝမကူးနိုင်ဟု အထင်မှားနိုင်ခြင်း၊ နေ့စဉ် သောက်သုံးမှုတွင် ပျက်ကွက်နိုင်ခြင်း၊ ပိုးရှိသူကို ကုသရာတွင်သုံးသည့် ကုန်ကျစရိတ်ထက် ပိုများခြင်းတို့မှာ အခက်အခဲရှိနိုင်သည့် အကြောင်းရင်းများဖြစ်သည်။
Eleven - အမေရိကန် FDA အတိုင်ပင်ခံအဖွဲ့ ပထမဆုံးအကြိမ် အဆိုပြု




