လူ့ဘဝ ရောက်စဉ် အချိန်တို ခဏလေးအတွင်းမှာ အသက်ရှိစဉ် ကာလအတွင်း ကိုယ်တတ်နိုင်တဲ့ လူမှု ကောင်းကျိုးတွေ ကုသိုလ်ကောင်းမှုလေးတွေ ကိုယ်တတ်နိုင်သလောက် လုပ်မယ်ဆိုပြီး ပရဟိတ အလုပ်ကို စတင်လုပ်ဖြစ်ခဲ့တာပါ...
နာရေးကူညီမှု အသင်းတခုမှာ နာရေးကားတွေ ဦးဆောင်မောင်း၊ သက်ကြီး ရွယ်အို ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်လို့ HIV ဝေဒနာရှင်တွေကို ဖေးမှ ကူညီပေးနေတဲ့ မန္တလေးမြို့က အမျိုးသမီးတယောက်ပါ...
အခုလို ပရဟိတ လုပ်ငန်းတွေကို ဘယ်လို စတင် ဝင်ရောက်လုပ်ကိုင်ဖြစ်တာလဲ ဦးဆောင်တဲ့ အပိုင်းကနေ ဘာကြောင့် ပါဝင်ခဲ့တာလဲ... ကိုယ့်အဖွဲ့သားတွေ တက်ညီ လက်ညီ ပါဝင်ဆောင်ရွက် လာအောင် ဘယ်လို စည်းရုံး စီမံခန့်ခွဲ ခဲ့သလဲ ဆိုတဲ့ သူ့ဘဝရဲ့ အမေ့ခံ ပုံရိပ်တွေကို နားဆင်ကြည့်ကြ ရအောင်လားရှင်............
ကားစမောင်းရတဲ့ အကြောင်းအရင်းကတော့ ၂၀၀၅ ခုနှစ်မှာ ကျမ အမျိုးသား ဆုံးပါတယ်... ကျမ အမျိုးသား ဆုံးတဲ့ အခါ ကျမ သွေးစစ် ကြည့်လိုက်တော့ ကျမမှာ HIV positive ဆိုတာ သိလိုက်ရတယ်... သိလိုက်ရတဲ့ အချိန်မှာ ကျမ အိပ်ယာထဲမှာ ၈ လလောက် လဲသွားခဲ့တယ်... အဲအချိန်တုံးက တော်တော်လေးလည်း စိတ်ဓာတ်ကျခဲ့တာပေါ့.. ကျမ မိသားစု မသိစေရဘူး... ကျမကိုယ်တိုင် ဆိုင်ကယ်စီး သွားပြီးတော့ HIV Specialist နဲ့ ကိုယ်ဘာသာ သွားပြတယ်.. နောက်ဆုံး တီဘီ ဖြစ်တော့ ကျမ အိပ်ယာထဲ ဘုံးဘုံးလဲ သွားခဲ့တယ်.. အဲချိန်ကျမှ ကျမ အသိုင်းအဝိုင်းလည်း သိကြတယ်...
စဖြစ်ချိန် ကာလကတော့ စိတ်ဓာတ်ကျပေမယ့်လည်း ကိုယ့်အတွက် ကိုယ့်မိသားစုတွေ စိတ်မဆင်းရဲ စေချင်ဘူး.. ကိုယ့်အသိုင်း အဝိုင်းကိုလည်း ကိုယ့်အတွက်နဲ့ အရှက်မရစေချင်ဘူး.. ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး နေခဲ့ ပါသေးတယ်.. အားတင်းယူရတဲ့ အကြောင်းကတော့ တစ်ဦးတည်သော သမီးလေးကြောင့်ပေါ့... သမီးလေး တစ်ယောက်ရှိတယ် .. ဒီသမီးလေးအတွက် ဘဝမှာ ရှင်သန်မှ ဖြစ်မယ်...ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ဘဝကို ရုန်းကန်ခဲ့တာပါ...
အိပ်ယာထဲကနေ ၈ လလောက် လဲပြီးနောက်ပိုင်း ကျမ ကိုယ်ကိုကို ကြိုးစားပြီး ပြန်လည် ဦးဆောင်ထူထောင်ပြီး ကိုယ့်ကိုကို အားတင်းပြီး ပြန်မတ်ခဲ့တယ်.. အဲဒီကနေ ကောင်းမွန်လာပြီး အော် လူ့ဘဝ ဆိုတာ တိုတိုလေးပဲ အသက်ရှင်နေရစဉ်အတွင်း လူမှုကောင်းကျိုးတွေ ကိုယ့်နောက်ပါမယ့် ပရဟိတ ကုသိုလ် ကောင်းမှုတွေ လုပ်မယ်ဆိုပြီး ဒီပရဟိတ အလုပ်ကို စတင် လုပ်ဖြစ်ခဲ့တာပါ.....
ငယ်ငယ်လေးကတည်းက ၉ တန်းကျောင်းသူလေးကတည်းက ကားမောင်းတယ်ဆိုတဲ့ ကားမောင်းတဲ့ အလုပ်ကိုလည်း ပိုလုပ်ချင်ခဲ့တာပါ... နောက်ပြီးတော့ အားလုံးကိုလည်း ညီညီ ညွှတ်ညွှတ်နဲ့ အားလုံးရဲ့ အမြင်မှာ အော် ဒီအမျိုးသမီးလေးတွေဟာ တက်တက်ကြွကြွနဲ့ စွမ်းဆောင်နေကြတာပါလား.. ဒီလို ပရဟိတ အလုပ်တွေကို အမျိုးသမီးလေးတွေလည်း လုပ်နေကြတာပါလား.. ဆိုတဲ့ စိတ်တွေကို လူတွေကို သိစေချင်တယ်.. ဒီလို မက်ဆေ့လေးတွေကိုလည်း လူတွေကို ပေးချင်တဲ့ အတွက် အမျိုးသမီးလေးတွေနဲ့ နာရေး ကိစ္စတွေမှာလည်း အမျိုးသမီးလေးတွေနဲ့ အတူ အလောင်းမတာက အစ နောက်ဆုံး မီးသင်္ဂြိုလ်တဲ့ အထိ အစအဆုံး ဦးဆောင်လုပ်တဲ့ အလုပ်တွေကို လုပ်ခဲ့တာပါ....
ကိုယ့်ရဲ့ ပထမဆုံး အတွေ့အကြုံ ဆိုရင်တော့ နာရေး အလောင်းမြင်ရတဲ့ အတွက်ကတော့ ရွံ့ရှာ ကြောက်ရွံ့မှုကတော့ မရှိခဲ့ပါဘူး... အစတည်းက အဲ့အတွက်ကတော့ စိတ်ထဲက ခိုင်မာပြီးသားပါ.... တခုပဲ စိုးရိမ်းတာက ကျမတို့ မြန်မာလူမျိုးတွေက အယူအဆ ရှိကြတယ်ပေါ့နော်... နာရေးကား ဆိုရင် မရပ်ရဘူး.. အလောင်း ထွက်ခါနီးဆိုရင် အိုးကို ခွဲရတယ်... နာရေးကား အိမ်ထဲက ထွက်ရင် မတိုက်ရဘူး.. ဒီလို အယူလေးတွေ ရှိတော့ အဲဒီ အယူလေးတွေကို ကိုယ်က မှားပြီး လုပ်လိုက်မိမှာတို့ ကားကို ရပ်လိုက်မိမှာတို့ ဒါလေးတွေကိုပဲ စိုးရိမ်စိတ်လေးတွေ ဖြစ်ခဲ့ရပါတယ်...
ပထမဆုံးနေ့က အတွေ့ အကြုံလေးဆိုရင် ကျမ ယာဉ်မောင်းတယ်.. ကျမ ဘေးမှာဆိုရင် အမျိုးသမီး နှစ်ယောက်ပါတယ်.. နောက်မှာ ယာဉ်နောက်လိုက် အမျိုးသား ခြောက်ယာက်ပါတယ်.. ကျမတို့ နာရေး အိမ်ကို ရောက်တယ်.. နာရေးအိမ်ရောက်တော့ အလောင်းကို အမျိုးသား ခြောက်ယောက်ရယ် ကျမတို့ အမျိုးသမီး သုံးယောက်ရယ်... ဝိုင်းဝန်းပြီး ကျမတို့ အလောင်းတင်တယ်.. ကားစထွက်တော့ သူတို့ အိုးခွဲကြတယ်.. အဲဒီကနေ ကျမ ကားမောင်းလာတယ်.. ဘေးကနေ ဆိုင်ကယ် တစ်စီးနဲ့ လိုက်ပါလာတယ်... ကားကို မရပ်ဖို့နဲ့နော် ကားကို မရပ်နဲ့နော် ဆိုပြီးတော့ အတွတ်တွတ်ပြောပေးနေတယ်...
အဲတော့ ကျမလည်း စိုးရိမ်းစိတ်နဲ့ပေါ့.. မောင်းရင်းကတော့ ကုန်းကျော်ကြီး တခုကို ရောက်တဲ့ အခါမှာ ကုန်းကျော်ကနေပြီး ကားကြီး တစင်းက ဆင်းလာတယ်... ကျမ အနေနဲ့ကတော့ ကုန်းကျော်ကို တန်းတက်မယ်.. တက်မယ့်အခါမှာ ဘေးက ဆိုင်ကယ်သမားကို ကားကို မရပ်နဲ့ မရပ်နဲ့လို့ ပြောနေတယ်.. ကျမကလည်း တအားကို စိုးရိမ်စိတ်တွေ ဖြစ်နေပြီပေါ့နော်.. ရှေ့ကလည်း ကားကြီးက လာနေတယ်.. ကျမကလည်း ကားမရပ်ရအောင် လုပ်ရမယ်ပေါ့နော်.. အဲဒီ အချိန်မှာပဲ ကံကောင်းစွာနဲ့ပဲ ကားကြီးက နာရေးကားမှန်း သိသွားတယ်.. နာရေးကားမှန်းလည်း သိရော ကားကြီး ရပ်သွားတယ်.. အဲဒီမှာ ကျမလည်း ချောချောမောမော တက်သွားနိုင်ခဲ့တယ်....
နာရေးကူညီမှု လုပ်တဲ့ နေရာမှာတော့ စောပိုင်းတွေ ခက်ခဲတာတော့ များသောအားဖြင့် နာရေး အိမ်တွေမှာ အမျိုးသား အရက်သမားတွေ များတယ်.. ကူညီတဲ့ သူတွေကလည်း အရက်သမားတွေဆိုတော့လေ အဲဒီတော့ ကျမတို့ အမျိုးသမီးလေးတွေနဲ့ ရောရော ထွေးထွေး ရှုပ်ရှုပ်ယှက်ယှက် မဖြစ်ရအောင်ပေါ့လေ... သူတို့လေးတွေကိုလည်း နာလည်းအောင် ကျမတို့ မိန်းကလေးတွေကိုလည်း ကာကွယ်ပေးရင်းဖြစ်အောင် ချိုသာတဲ့ စကားလုံးလေးတွေနဲ့ တခါတလေတော့လည်း ချိုချိုသာသာ ပြောလို့ မရတဲ့သူကျတော့လည်း ခပ်တင်းတင်း စကားလုံး မာမာလေးတွေနဲ့ ပြောရတာပေါ့နော်... အဲလိုလေးတွေ လုပ်ခဲ့ရတာ ကုသိုလ် ယူခဲ့ရတာလေးတွေ လည်း ရှိတယ်ပေါ့နော်......
အခုနောက်ပိုင်းမှာတော့ တော်တော်များများ အဲလို ဒုက္ခလေးတွေ မရှိတော့ပါဘူး.... တော်တော် များများကလည်း အခုလို မိန်းကလေးတွေ အဖွဲ့လာတယ်ဆိုရင် ယောက်ျားလေးတွေ ကလည်း ဘေးကို ရှောင်ပေး ကြတယ်....ကျမတို့ မိန်းကလေးတွေလည်း ကိုယ်ဘာသာ လွတ်လွတ် လပ်လပ်နဲ့ လူမှုလုပ်ဆောင် စရာရှိတာလေးတွေ လုပ်လို့ ရတာပေါ့နော်... ကျန်တဲ့ ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ဆိုရင်တော့ အမျိုးသားတွေက သိပ်ပြီး စိတ်မဝင်စားကြတော့ သိပ်မပါဘူး အမျိုးသမီးလေးတွေပဲ များသောအားဖြင့် ပါကြတယ်..
တခါတလေ သဘာဝ ဘေးအန္တရာယ် ဒုက္ခတွေ ဖြစ်တယ်... ကယ်ဆယ်ရေး အနေနဲ့ ကျမတို့ သွားပြီးတော့ ထမင်းထုတ်တွေ ဝေတယ်.. ကယ်တယ်ပေါ့နော်.. အဲလို နေရာမျိုးတွေမှာ ကိုယ့်ထက် ငယ်တဲ့သူတွေ၊ ကိုယ့်နဲ့ ရွယ်တူ တန်းတူတွေ၊ ကိုယ်ထက် အသက်ကြီးတဲ့ သူတွေ ရှိတာပေါ့နော်.. ဘာပဲ ဖြစ်ဖြစ် သူတို့တွေက ဒီလိုလုပ်ငန်း ကိစ္စတွေမှာ အတွေ့အကြုံ မရှိလို့ အတွေ့အကြုံ နည်းလို့ ဘယ်လို လုပ်သင့်တယ် ဆိုတာ ကိုယ်တွေက နည်းနည်း ပါးပါး ပြောရင် ဆရာကြီး လုပ်တာလား ဘာလား ညာလားပေါ့.... အဲဒါမျိုးလေးတွေတော့ အပြောခံရတာ ရှိတာပေါ့နော်...
ရေဘေး ကယ်ဆယ်ရေးဆိုရင် ကျမတို့ မန္တလေးမြို့ မြအိန္ဒနာ ရေးဘေးပေါ့.. ရေတွေက ခါးလယ်လောက်ထိ ရောက်တော့ ကျမကတော့ လမ်းကြီးပေါ်မှာ ရပ်နေတယ်.. ရေထဲမှာတော့ ယောက်ျားလေးတွေ ဆင်းတယ်.. ကျမကတော့ မဆင်းပဲနဲ့ ရေထဲကနေ့ ပြီးတော့မှ အိမ်ထဲကနေ သက်ကြီးရွယ်အိုတွေရော ကလေးတွေရော လူကြီးတွေရော အကုန်လုံးကို ကမ်းကို ခေါ်လာကြတယ်.. ခေါ်လာတဲ့ အခါကျတော့ တယောက်နဲ့ တယောက်နဲ့ တယောက် လက်ကို ချိတ်ခဲ့ကြဖို့ ဆည်က လွတ်လိုက်တဲ့ ရေတွေ အဲဘက်ကို ရောက်တာဆိုတော့ ရေစီးက နည်းနည်း သန်သလို ဖြစ်တော့ "လက်တွေ ချိတ်ခဲ့ကြ လက်တွေ ချိတ်ခဲ့ကြ တစ်ယောက်နဲ့ တစ်ယောက် ဆွဲခေါ် ဆွဲခေါ်" လို့ ကျမက ကမ်းကနေ အော်နေတယ် သူတို့က ရေထဲကဆိုတော့ ဆရာလုပ်တယ် ထင်တာ ဘာညာပေါ့ အဲဒါမျိုး ပြောတာ ခံရတာပေါ့...
နောက်ဆုံး ကျတော့ တစ်ယောက်နဲ့ တစ်ယောက် အဲလို လက်တွေ ချိတ်တာတွေကလည်း ကြာလာတော့ လက်ချိတ်တာတွေကလည်း တဖြည်းဖြည်း ပျော့လာတယ်... ပျော့လာတဲ့ အခါကျတော့ ကျမ ဘယ်လို လုပ်လိုက်လဲ ဆိုတော့ နိုင်လွန်းကြိုးကြီး တစ်ချောင်း ဝယ်လိုက်တယ်.. ပြီးတော့ တဝက်ကျော်ကျော် ဟိုဘက် ရောက်ခါနီးလောက်မှာ ရှိတဲ့ ဓာတ်တိုင်းကို ချီပြီးတော့ ကျမတို့ ဘက်ကမ်းထိ ကြိုးတန်းလိုက်တယ်.. ကြိုးက လမ်းမကြီးအလယ် ကန့်လန့် တန်းဆွဲလိုက်တာပေါ့နော်..... အဲလို ကြိုးရောက် သွားတော့မှ အဲဒီ ကြိုးကို ကိုင်ပြီး လာခဲ့ကြပါလို့ ပြောလိုက်တာပေါ့နော်.. အဲဒီကျမှ ကျမကို နာလည်း သွားကြတယ်.. သူတို့ကို ဆရာလုပ်တာ မဟုတ်ဘူးပေါ့... တကယ် ဦးဆောင်နိုင်တဲ့ ဆိုတာ သူတို့ လက်ခံသွားကြတယ်...
ကိုယ်ကိုတိုင်လည်း လုပ်ပြတယ်လေ.. သူတို့ကြီးပဲ ခိုင်းတာ မဟုတ်ပဲနဲ့ ပြောစရာ ရှိခဲ့ရင်လည်း သူတို့ကို နာလည်း သဘောပေါက်အောင် ပြောပြတယ်.. လုပ်တဲ့ နေရာမှာလည်း တခါတလေ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေ ပါတယ်.. ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေဆိုလည်း သမီးအနေနဲ့ အန်တီတို့အပေါ်မှာ ဘယ်လိုပါ.. ဆရာလုပ်တာ မဟုတ်တဲ့ပဲနဲ့ ကိုယ့်ကို လက်ခံလာအောင် အဲဒါမျိုးလေးတွေ ရှင်းပြရင်းနဲ့ တစ်ဦးနဲ့ တစ်ဦး နားလည်မှုလေးတွေ ရှိလာအောင် လုပ်ချင်စိတ်လေးတွေ ရှိလာအောင် ကိုယ်ကိုတိုင်ကလည်း ကြိုးစားပြီးတော့ လုပ်ပြတာ ဒီလိုမျိုးလေးတွေတော့ ရှိပါတယ်...
ဦးဆောင်တဲ့ အရည်အချင်းတွေကို ဘယ်က ရခဲ့လည်းဆိုတော့ ကျောင်းသား ဘဝကတည်းက ဦးဆောင်လုပ်ချင်စိတ်က ၇ှိခဲ့တာပါ..တကယ်လည်း လုပ်ခဲ့တာပါ.. ကျောင်းကပွဲတွေမှာ ဆိုလည်း သူများ အတန်းတွေထက်သာအောင် တခြားကျောင်းတွေထက် သာအောင် လုပ်မယ်ဆိုတဲ့ စိတ် ရှိခဲ့တယ်.. လုပ်လည်း ကြိုးစားလုပ်ခဲ့တယ်... ငယ်ငယ်ကတည်းက ဦးဆောင်လုပ်ရတာကို ဝါဿနာ ပါတယ်... အသက်နဲ့ ခန္ဓာ တည်မြဲနေသ၍တော့ ဆက်လက် လုပ်ဆောင်နေအုံးမှာပါ...
ကျမတို့ မန္တလေးမြို့မှာဆိုပေါ့နော်.... အသင်းဝင်တဲ့ အမျိုးသမီးလေးတွေ လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ အမျိုးသမီးလေးတွေ တော်တော်ကို ထူးထူးချွန်ချွန်နဲ့ လုပ်လာနိုင်တာကို တွေ့နေရတယ်လေ... သူတို့လည်း ဘိုးဘွား စောင့်ရှောက်တာလေးတွေကို ကျမတို့လို လိုက်လုပ်တယ်.. လိုအပ်တာ မသိတာလေးတွေရှိရင်လည်း ကျမတို့ကို မေးတယ်.. အဲလိုမျိုးလေးတွေပေါ..
ဒီလိုတွေ ပေါ်ထွန်းလာတာတွေ များလေ ကျမတို့ နိုင်ငံကြီးမှာ ဒုက္ခသည်တွေကို ကူညီနိုင်တာ များလေ အားလုံး လူတွေ ဒုက္ခတွင်းကနေ မြန်မြန်လွတ်ကျလေ ကောင်းလေပဲလို့ပဲ အဲလိုပဲ ခံယူထားပါတယ်...
ဘီဘီစီ မှ "အမေ့ခံ ပုံရိပ်နဲ့ HIV ဝေဒနာရှင်" ဆိုတဲ့ အသံဖိုင်ကနေ ပြန်လည် ရေသား ဖော်ပြလိုက်ပါတယ်...




