27
Mar

အမေးအဖြေ၊ မတ်လ ၂၀၁၂ (၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ဖြစ်ပြီဆိုရင် သွေးကတော်တော်နှင့် မတိတ်ပါ။
2. ကြောက်လို့ ဖျက်ချထားတယ်ဆိုတာ မပြောဘူး။
3. ကျွန်မမှာများ ဆီးလမ်းပိုးဝင်ခြင်းဖြစ်နေတာလားလို့
4. ရာသီသွေးပေါ်တဲ့ရက်က တဖြည်းဖြည်း နောက်ဆုတ်လာနေတာကို စိုးရိမ်ဖို့လိုလား
5. ဆေးရပ်လိုက်တော့ ပြန်ယားပါတယ်။
6. အသားမာလိုလို ခပ်မဲမဲဖြစ်နေပါတယ်။

Sun, Mar 18, 2012 at 8:35 PM
၂ဝဝ၇ ခုနှစ်လောက်ကစပြီး ကပ်ပယ်အိတ်မှာ အပ်နှင့်ထိုးထားသလို အပေါက်ကလေးကနေ သွေးထောင်ပန်းတတ်တာပါ၊ ရေပိုက်ပျော့တွေမှာ အပေါက်သေးသေးလေးရှိရင် ရေပန်းနေသလိုမျိုးပါ။ ဖြစ်ပြီဆိုရင် သွေး ကတော်တော်နှင့် မတိတ်ပါ။ မသိလိုက်တဲ့အခါမျိုး၊ အိပ်ပျော်နေတဲ့အခါမျိုးဆိုရင် ပုဆိုးတစ်ထည်လုံးသွေးကွက်တွေအများကြီးပါ။ သိတဲ့အခါမျိုး ဆိုရင်တော့ လက်နဲ့ပိတ်ထားလိုက်ပါတယ်။ တစ်နှစ်ကို (၁)ခါ၊ (၂)ခါလောက်ဖြစ်နေပါတယ်။ အခုလောလောဆယ် ဖြစ်နေတာက ဦးခေါင်းပိုင်းပါ။ ခေါင်းက ဘာဖြစ်နေမှန်းမသိပါဘူး။ (၁)ပတ်လောက်ရှိပါပြီ၊ ခေါင်းကိုက်တာလည်း မဟုတ်၊ ခေါင်းမူးတာလည်းမဟုတ်၊ ခေါင်း ထဲမှာလေးတေးတေးကြီးနဲ့ မကြည်မလင်ဖြစ်နေပါတယ်။ ကျွန်တော်က စာရင်းကိုင် ဆိုတော့ စာရင်းစစ်လိုက်၊ ကွန်ပျူတာ ကိုင်လိုက်နဲ့ လုပ်ရပါတယ်။ အခုဆိုရင် စာရင်းစစ်တာ အကြောင်းရေ (၁ဝဝ) လောက် ဆိုရင် ခေါင်းကဖောက်ချင်လာပါပြီ။ ကွန်ပျူတာကိုင်ရင်လည်း ကြာကြာ မကြည့်နိုင်တော့ပါ။ အရင်ကလုပ်ခဲ့တဲ့ ဒဏ်တွေကြောင့်ပါလား။ ဆောင်းပါးရေးရင် ကျွန်တော့်နာမည်ကိုတော့ ပြောင်းပေးပါ။ အသက် ၄၄ နှစ်၊ လူပျို။

၁။ သွေးမတိတ်တဲ့လက္ခဏာဖြစ်နေတယ်။ သေခြာအောင် Bleeding time သွေးယိုချိန် နဲ့ Clotting time သွေးခဲချိန် စစ်သင့်တယ်။ သူများတွေထက် ကြာနေရင် ဆေးကုရမယ်။ သွေးက ထောင်ပန်းသလို ထွက်ရင် သွေးလွှတ်ကြောကနေ ထွက်တာ။ Artery သွေးလွှတ်ကြောဆိုတာ အတွင်းထဲမှာနေလို့ တော်တော်နဲ့ မထိခိုက်စေဘူး။ အခုဖြစ်နေတာက သွေးလွှတ်ကြောသေးသေးက ပုံမှန်မဟုတ်ဘဲ အပေါ်ယံ ရှိနေတာ ဖြစ်နိုင်တယ်။ သွေးထွက်ရင် လက်နဲ့၊ လက်ကိုင်ပုဝါ သန့်သန့်နဲ့ ဖိထားပါ။ အနည်းဆုံး ၅-၁ဝ မိနစ်အထိ ဖိထားရနိုင်တယ်။ ဆေးမစစ်အားခင် ဗီတာမင် စီ ၅ဝဝ အား နေ့တိုင်းသောက်ပါ။ ချဉ်တဲ့ အသီးတွေစားပါ။
၂။ ခေါင်းဖြစ်တာအတွက် Blood pressure (BP) သသွေးဖိအား တိုင်းဘူးသလား။ များသလား။ ဒါမှမဟုတ် နည်းနေသလား။ သွေးယိုတတ်သူက သွေးအားနည်းနေနိုင်သလို သွေးဖိအား များနေလို့လဲ သွေးယိုနိုင်တယ်။
၃။ နှာစေးတတ်တာ အလာဂျီရတတ်လို့ဖြစ်နိုင်တယ်။ မတည့်တာရှာကြည့်ပြီး ရှောင်ပါ။ အလာဂျီအကြောင်း ရေးထားပါတယ်။ လိင်ဆက်ဆံတာနဲ့ တိုက်ရိုက် မပါတ်သက်နိုင်ပါ။
၎။ ကျွန်တော့်စာတွေမှန်သမျှ လူနာမည် တခုမှ မပါစေရပါ။

Mon, Mar 19, 2012 at 8:02 AM
ကျနော့် အမျိုးသမီးက သားအိမ်ထဲ ဆေးထည့်ပြီး ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်။ အခု သွေးဆင်းတာလည်း ပြီးသလောက် ဖြစ်သွားပါပြီ။ မနေ့က ကျနော်တို့ ကိုယ်ဝန်တားဆေး ထိုးဖို့ ဆေးခန်းကိုအသွား ဆီးစစ်တော့ ၁ လိုင်း အပြင် နောက် တလိုင်းက ရေးရေးလေး ပေါ်နေတယ်။ ဆရာဝန်က ထိုးမပေးဘူး။ ကျနော်တို့လည်း ကြောက်လို့ ဖျက်ချထားတယ်ဆိုတာ မပြောဘူး။ အကုန်လုံး အလုံးစုံကျတယ် ဆိုတာတော့ သေချာပါတယ် ဆရာ။ ဒါပေမယ့် အနည်းငယ် သွေးဆင်းနေတဲ့ အချိန်မှာ ဆေးထိုးလို့ မရဘူးလား။ အဲဒီလို အချိန်မှာ ဆီးစစ်ရင် ကိုယ်ဝန်ရှိနိုင်တယ် ဆိုတဲ့သဘော ရှိပါသလား။ ဒီက ဆရာဝန် ပြောတာကတော့ နောက် ၁၅ ရက်လောက် စောင့်ကြည့်ပြီး ပြန်လာလို့ပြောပါတယ်။ ပြီးတော့ ဆေးတွေလည်း ပေးလိုက်ပါတယ်။ အဲဒီ ဆေးတွေ အခုသောက်ရင် ရပါသလား။ ဘာကြောင့် ပေးပါသလဲ။ ကိုယ်ဝန်ပျက်ကျပြီး Folic Acid, Remedica, Enervit, Vit C, Neuromin ဒီဆေးတွေကို အခု သောက်စရာ လိုပါသလား။

ကိုယ်ဝန်ရှိပြီးချိန်ကစပြီး သွေးထဲ-ဆီးထဲမှာ hCG ဟော်မုန်းရှိနေတယ်။ စစ်လို့တွေ့တာကို ကိုယ်ဝန်ရှိတယ်လို့ ခေါ်တယ်။ ကိုယ်ဝန်က ဆက်ရှိတာရော ပျက်သွားတာရော၊ ဖျက်ချတာရော ဘာလုပ်လုပ် ဆီးစစ်ရင် အပေါင်းဆက်ပြနေအုံးမယ်။ ကြာမှ အနုတ်ပြတယ်။ တားဆေးထိုးလို့ရပါတယ်။ ဆရာဝန်ကို မပြောရဲတာ နားလည်ပါတယ်။ ပျက်သွားတယ်လို့ ပြောလဲ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဘဝမှာ တခါတလေ မုသားသုံးရတဲ့ အခြေအနေကို ရှောင်ဘို့ခက်ခဲတတ်တယ်။ အမျိုးသမီးတိုင်း သံဓါတ်ဆေးကို ကိုယ်ဝန်ရှိရှိ မရှိရှိ သောက်သင့်တယ်။ ဖေါလစ်အက်စစ်ကတော့ ကိုယ်ဝန်ရှိရင် လိုတယ်။ အထဲက ကလေးအတွက် ဖြစ်တယ်။ ဗီတာမင် ဘီ အုပ်စုက ယောက်ျား-မိန်းမ သောက်ရင် သောက်နိုင်တယ်။ ကိုယ်ဝန် ဆိုရင်တော့ သေခြာပေါက် သောက်သင့်တယ်။ ဆေးတွေထဲမှာ ဘာပါသလဲ ဖတ်ပါ။ ထပ်နေတာလဲရှိတတ်တယ်။

Mon, Mar 19, 2012 at 10:45 PM
ကျွန်မ ဆရာ့ ဆေးစာတွေထဲမှာ ဆီးလမ်းပိုးဝင်ခြင်းအကြောင်းကို ဖတ်ရပါတယ်။ ကုန်ခဲ့တဲ့ ၈ ရက်လောက်ကတည်းက ဆီးသွားတိုင်း vagina က နာနေပါတယ်။ ဆီးသွားပြီးပြီးခြင်း ခဏနာပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ မနေ့က အလုပ်လုပ်နေချိန်မှာ ဆီးစပ်ရဲ့ ညာဘက်ခြမ်းနားက အပ်နဲ့ထိုးထိုးနေသလိုမျိုး နာတာကို ၃ နာရီလောက် ခံစားခဲ့ရပါတယ်။ ကျွန်မက waitress ဆိုတော့ အမြဲလမ်းလျှောက်နေ ရပါ တယ်။ နောက်ပိုင်း သက်သာသွားတာနဲ့ ဆေးခန်း မသွားဖြစ်တော့ပါဘူး။ ကုန်ခဲ့တဲ့ ၃ ရက်လောက်က ဆီးသွားတော့ ဆီးထဲမှာ သွေးနဲနဲလေးပါတယ်လို့ ထင်ပါတယ်။ တော်တော် ပမာဏနည်းလို့ မသေချာပါဘူး။ ခုတော့ ဆီးသွားတိုင်း သူဘာသာသူ အနာလည်းနည်းနည်းတော့ သက်သာသွားပါပြီ။ ဆီးစပ်ညာဘက်ခြမ်းက နာတာလည်းမခံစားရတော့ပါဘူး။ ဒါပေမယ့် ဆရာရေးထားတာဖတ်ရတော့မှ ကျွန်မမှာများ ဆီးလမ်းပိုးဝင်ခြင်းဖြစ်နေတာလားလို့ သံသယဖြစ်မိလို့ မေးပို့ရတာပါ။

မိန်းကလေးတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းပိုးဝင်တာ အဖြစ်များတယ်။ တခါဖြစ်ဘူးရင်လဲ ထပ်ဖြစ်နိုင်သေးတယ်။ ဆေးကုလို့လဲ မခက်လှပါ။ ဆီးသွားတိုင်းနာမယ်။ ဆီးပူမယ်။ ခဏခဏသွားချင်မယ်။ သွားချင် လာရင် မြန်မန်ြပြေးရတယ်။ ဆီးထဲ သွေးပါနိုင်တယ်။ တခါတလေ ကိုယ်ပူနိုင်တယ်။ ဒီလက္ခဏာတွေ အားလုံးကိုဖြစ်ဖြစ် တချို့ကိုဖြစ်ဖြစ် ခံစားရနိုင်တယ်။ သေခြာအောင် ဆီးကို စစ်ရတယ်။ ပိုး၊ သွေး၊ ပြည် တွေ့နိုင် တယ်။

အများဆုံး သုံးတဲ့ ဆေး ၂ မျိုးကတော့ -
(၁) Norfloxacin = Noroxin® 400 mg တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်။
(၂) Septrin (Co-trimoxazole) = (400 mg Sulfamethoxazole and 80 mg Trimethoprim) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်။ ဆေးတမျိုးထဲနဲ့ရနိုင်တယ်။ ရေများများသောက်ပါ။ ဆီးမပူအောင်လုပ်ပါ။ စာထဲမှာ ရေးထားပါတယ်။

Tue, Mar 20, 2012 at 9:21 AM
ကျမရဲ့ ရာသီသွေးပေါ်တဲ့ရက်က တဖြည်းဖြည်း နောက်ဆုတ်လာနေတာကို စိုးရိမ်ဖို့လိုလား သိချင်ပါတယ်ဆရာ။ အရင်က လရဲ့အစောပိုင်းရက်တွေမှာလာပြီး ခုနောက်ပိုင်းမှာ လလယ် ၁၇ ရက်လောက်မှ လာနေပါတယ်။ ပုံမှန်တော့ ဆင်းနေတာပါ။ ရက်နောက်ကျလာတာပဲ ရှိပါတယ်။

မစိုးရိမ်ပါနဲ့။ ရောဂါမဟုတ်ပါ။ ဆေးလဲမလိုပါ။ ပုံမှန် အားဆေး နဲ့ ပုံမှန်အစားအစာသာ လိုပါတယ်။ မိန်းကလေး၊ အမျိုးသမီး အတော်များများ အဲလိုဖြစ်တတ်ပါတယ်။

Tue, Mar 20, 2012 at 10:37 PM
Metronidazole သောက်ပါတယ်။ သောက်တဲ့ရက်မှာ တရက် တစ်ကြိမ်လောက်ပဲယားပြီး ဆေး ၅ ရက်လောက်သောက်ပြီး ဆေးရပ်လိုက်တော့ ပြန်ယားပါတယ်။ တစ်နေ့ ၂ ကြိမ် ၃ ကြိမ်၊ တချို့ရက်တွေဆိုရင် ၁ဝ ကြိမ်လောက် ယားယား လာပါတယ်။ ဘာဆေးများ ဆက်သောက်ရမလဲဆိုတာ ညွန်းပေးပါဦးဆရာရှင့်။

မွေးလမ်းထဲထည့်ဆေး တခုခုသုံးပါ။ များသောအားဖြင့် တည တခါ၊ ၆ ရက်ကြာထည့်ရတယ်။ ဆေးနာမည် အမျိုးမျိုးနဲ့ လာတယ်။ ခပ်ဆင်ဆင်တွေဖြစ်တယ်။
 Nystatin Vaginal tablet
 Mycostatin Vaginal tablet
 Mycostatin Vaginal Cream
 Nadostine Vaginal tablet
 Nilstat Vaginal Cream
 Nilstat Vaginal Tablet
 Nyaderm Vaginal Cream
 Clotrimazole (Canesten)
 Econazole (Ecostatin)
 Miconazole (Gyno-Daktarin)

Wed, Mar 21, 2012 at 12:51 PM
ကျွန်တော့် ခြေခုံ နှစ်ဘက်စလုံး ခြေမျက်စိရဲ့ ညာဘက်နားမှာ အသားမာလိုလို ခပ်မဲမဲဖြစ်နေပါတယ်။ အခု ကျွန်တော်က ၂၂ နှစ်ပါ။ ဖြစ်တာကတော့ ၂ နှစ်လောက်ရှိပြီ ထင်တာပဲ။ အသားမာလိုလိုဆိုပေမယ့် အရမ်းအမာကြီးတော့ မဟုတ်ပါဘူး။ အသက်ကြီးလာရင်တော့ အသားမာဖြစ်သွားမယ်နဲ့တူတယ်။ မြင်သာအောင်လို့ ပုံပါပို့လိုက်ပါတယ်။ ကျွန်တော့် အဖေရဲ့ ခြေထောက်မှာလဲ အသားမာရှိပါတယ်။ ကျွန်တော်လဲ မျိုးရိုးလိုက်တာလားမသိဘူး။ ခြေထောက်မှာ အဲလိုမဲနေတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပြီး စိတ်ညစ်တာပေါ့ဆရာရယ်။

အခေါ်ကတော့ မြန်မာလို အတိအကျမရှိပါ။ တယောက်တမျိုးခေါ်တယ်။ အသားမာတော့ မခေါ်တာ များတယ်။ အသားမာက အရေထူ (လက်ဖဝပါး၊ ခြေဖဝါး) မှာသာ ဖြစ်တယ်။ အခုနေရာက အရေပြား ရိုးရိုးဖြစ်တယ်။ ခေါ်တာ အရေးမကြီးပါ။ ဆိုးတဲ့အနာ မဟုတ်ပါ။ ကူးတာလဲ မရှိပါ။ ဆေးနဲ့ မရပါ။ ခွဲစိတ်ထုတ်ပြစ်ရမယ်။ မခက်ပါ။ ထုံဆေးနဲ့သာ ရတယ်။ ချုပ်ရိုးလဲ နဲနဲသာပါမယ်။ ခြေထောက်ဆိုတော့ အလှအပတွက် သိပ်မှုစရာမလိုပါ။ မခွဲဘဲနေလဲ နဲနဲ ပိုကြီးတာက လွဲရင် ဘာမှမဖြစ်ပါ။ တခါတလေ ပိုးဝင်ရင်တော့ ရင်းနိုင်တယ်။ သွေးထွက်နိုင်တယ်။

ယမုန်နာဆေးခန်း - အမေးအဖြေ၊ မတ်လ ၂၀၁၂ (၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top