1. သွေးစစ်ကြည့်တော့ သိုင်းရွိုက်အဆိပ်ဖြစ်နေပါတယ်တဲ့။
2. ပြီးခဲ့တဲ့လ ၁ဝ ရက်နေ့က သားအိမ်ကို ဆေးထားဖူပါတယ်။
3. ကိုယ်ဝန်က ရှိနေတုန်းပါပဲ။
4. Masturbation ကြောင့် ဆစ်ဖလစ် STD ဖြစ်နိုင်ပါသလား။
5. ဆီးစစ်ကြည့်တော့ (Positive) ၂ ချောင်းဖြစ်နေပါတယ်။
6. ကိုယ်ဝန်ဆောင်တွေဖျားတာ ကလေးထိခိုက်တတ်ပါသလား။
Sun, Mar 4, 2012 at 7:16 PM
အသက်က ၂၅ နှစ်ရှိပါပြီ။ အပျိုပါ။ အခုတလော အရမ်းပင်ပန်းသလို ခံစားရတယ်။ အမြဲတမ်း အိပ်ငိုက်နေတတ်ပါတယ်။ ခန္ဓာကိုယ်လည်း ပိန်ကျသွားပါတယ်။အသားအရေတွေလည်း ခြောက်သွေ့နေတယ်။ ခြေတွေ လက်တွေ တုန်လို့ ဆေးခန်း ပြတော့ သွေးစစ်ခိုင်းတယ်။ သွေးစစ်ကြည့်တော့ သိုင်းရွိုက်အဆိပ်ဖြစ်နေပါတယ်တဲ့။ အဲဒါ ဆေးခန်းက Propylthiouracll ဆိုတဲ့ဆေးကို တစ်ခါသောက် ၁ဝဝ mg တစ်နေ့ ၂ ကြိမ်သောက်ခိုင်းပါတယ်။ သမီးသိချင်တာက အဲဒီ သိုင်းရွိုက်အဆိပ် ဆိုတာ ဘယ်လိုဖြစ်လာပါသလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။ ပြီးတော့ သောက်ရတဲ့ဆေးက ဘာတွေများ ဘေးထွက်-ဆိုးကျိုး ဖြစ်စေလဲသိချင် ပါတယ်။ ဘာတွေများ ဆောင်ရန်ရှောင်ရန်တွေများ လုပ်ရမလဲ သိချင်ပါတယ်။ ပြီးတော့ သမီးက သံဓါတ်အားဆေး Ferrovit သောက်ဖြစ်ပါတယ်။ သမီးတို့အရွယ်မှာ ဘာအားဆေးတွေ သောက်သင့်ပါသလဲ။
Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း
Sun, Mar 4, 2012 at 3:51 PM
ကျွန်မ ပြီးခဲ့တဲ့လ ၁ဝ ရက်နေ့က သားအိမ်ကို ဆေးထားဖူပါတယ်။ အခုအချိန်ထိ ရာသီက မလားသေပါဘူး။ သားအိမ်းဆေးထားဘူးလို့ နောက်ကျနေတာလာ။ နောက်ပြီးတော့ ကျန်မ မနေ့တုံးက ခင်ပွန်းနဲ့ အတူတူနေခဲ့ပါတယ်။ ဘာ အကာကွယ်မှ မပါပဲနေမိပါတယ်။ အဲတာကို ကျန်မ ဘာပြူလုပ်ရမယ်မသိလိုပါ။
သားအိမ်ကို ဆေးထားဖူပါတယ် ဆိုတာက ၂ မျိုးဖြစ်နိုင်နေလို့ပါ။ D and C သားအိမ်ခြစ်တာ နဲ့ Douche မွေးလမ်း ဆေးကြောခြင်း ဘယ်ဟာလဲ။ အဲဒါက ဘာလို့ လုပ်ရတာလဲ။ ဆရာဝန်ကနေလုပ်ပေးတာလား။ ကိုယ့်ဖါသာလုပ်တာလား။
Sun, Mar 4, 2012 at 10:47 AM
ဆရာသာ မြန်မာနိုင်ငံမှာရှိရင် ကိုယ်တိုင်လာပြီး ပြောပြချင်ပါတယ်ဆရာ။ အခု နောက်ဆုံးဆရာ့ကို မေးပြီးတည်းက ကျွန်မ သွေးဆင်းပြီးသွားတာ တစ်ပတ်ကျော်ပါပြီ။ အားလုံးပြီးသွားပြီဆိုပြီး နေနေလိုက်တာပါ။ ဒါပေမဲ့ ကျွန်မ ဗိုက်အနေအထားကို စိတ်မချလို့ (၂-၃-၂ဝ၁၂) နေ့က Ultrasound သွားရိုက်ပါတယ်။ အဲဒီမှာ ကျွန်မ အရမ်း တုန်လှုပ်သွားပါတယ်။ ကိုယ်ဝန်က ရှိနေတုန်းပါပဲ။ (၁၈) ပါတ်ရှိပြီ၊ အနေအထား မမှန်
ဘူး ပြောပါတယ်။ ကျွန်မအထင် Pregnancy က ကောင်းမယ်လည်း မထင်တော့ပါဘူး။ အဲဒါနဲ့ (၃-၃-၂ဝ၁၂) က Misoprostol 200mcg ဆေး 10 လုံးဝယ်ပြီး 400mcg ဖြစ်အောင် (၂) လုံး စီ (၃) နာရီခြားသောက် ပါတယ်။ လျှာအောက်မှာ ငုံတာပါ။ စသောက်သောက်ခြင်း ဗိုက်ကပိုပူလာပြီး ညှစ်နေသလို ခံစားရပါတယ်။ တော်တော်လေး အောင့်ပါတယ်။ Vagina ထဲထည့်ဖို့ကျတော့ ကိုယ့်ဘာသာလုပ်ရင် အထဲ မရောက်မှာ စိုးလို့ပါ။ အခု ဆေးသောက်ပြီးတာ (၅) ကြိမ်ပြည့်သွားပါပြီ။ အခုထိ သွေးက ပက်(၁)ခု စိုတယ်ဆိုရုံလေးပဲ ဆင်းပါသေးတယ်။ ဘယ်နှစ်နာရီကြာမှ အကုန်ဆင်းပါသလဲ။ အခုဘာလုပ်သင့်ပါသလဲ။ အခု (၁၈) ပါတ်ဆိုတော့ ဆရာ့စာထဲမှာ (၂၂)ပါတ်ကျော်သွားရင် လုပ်လို့မရတော့ဘူး ဆိုတာ ရေးထားလို့ သိရပါတယ်။
• ဆရာက မြန်မာပြည်မှာနေရလဲ ကိုယ်ဝန်ကို တမင်တကာဖျက်တာမျိုး လုပ်မပေးပါ။ ဆေးစာအနေနဲ့တော့ ကနေ့ခေတ် လိုအပ်ချက်အရ လိုမယ်ထင်လို့ စုံအောင်ရေးပါတယ်။ ဒီလိုဖြစ်တာ ဆရာဝန်နဲ့ ကုသမှုက အကောင်းဆုံးဖြစ်ပါတယ်။ ဆရာ (အွန်လိုင်း) ကနေ စာရေးတာက ဆေးကုနေတာတော့ မဟုတ်ပါ။ မျက်စိနဲ့၊ လက်နဲ့ မမြင်-မစမ်းရတာကို ဆေးကုတယ်ဆိုတာ တကယ့်ရမ်းကုဖြစ်တယ်။ သိချင်တဲ့အချက် စာထဲမှာ ပါပါတယ်။
Sat, Mar 3, 2012 at 8:57 PM
Masturbation ကြောင့် ဆစ်ဖလစ် STD ဖြစ်နိုင်ပါသလား။ ကျွန်တော် အသက် ၁၉ ပါ ဆီးခုံနားမှာ အနာလို အကျိတ်လို ဖြစ်နေပါတယ်။ Masturbation သာပြုလုပ်သူပါ။ လိင်မဆက်ဆံဘူးပါ။
• ကိုယ့်ဖါသာ လုပ်တဲ့ မာစတာဘေးရှင်းတခုထဲကြောင့် STD မရစေပါ။ တခြားနေရာတွေမှာ ဖြစ်တာမျိုးလဲ ဆီးစပ်နေရာမှာ ဖြစ်နိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ပိုးဆေးသောက်ရမှာပါဘဲ။
Fri, Mar 2, 2012 at 12:37 PM
၄၉ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 600mg ဆေးနဲ့ ၄၈ နာရီ အကွာမှာ Misoprostol 400µg သောက်ဆေးဟာ သောက်ပြီးရင် ဘယ်လိုတွေဖြစ်လာပါသလဲ။ သွေးလွန်တာတွေဘာတွေထိ ဖြစ်လာနိုင်ပါသလားရှင်။ သမီးက ၄၉ ရက်တော့ မပြည့်သေးပါဘူး။ ရာသီးသွေမပေါ်တာ ၂ လပိုင်းတုန်းကမှပါ ခု ၃ လပိုင်းရောက်နေပါပြီ။ ကလေးလဲ မလိုချင်သေးပါဘူး။ ၁ လပိုင်းတုန်းက ရာသီလာရမဲ့ရက်မှာမလာလို့ မြန်မာဆေး သောက်လိုက်တာ အဆင်ပြေသွားပါတယ်။ သမီးလဲ ၂ လပိုင်းမှာ ဘာမှမဖြစ်လောက်ဘူးထင်နေမိပါတယ်။ ဒါပေမယ့် ၂ လပိုင်း ရောက်တော့ ရာသီက မလာတော့ပါဘူး။ ဒါနဲ့ ဆီးစစ်ကြည့်တော့ (Positive) ၂ ချောင်းဖြစ်နေပါတယ်။ အမြန်ဆုံး ဘာဆေး သောက်သင့်တယ်ဆိုတာ ပြောပြစေလိုပါတယ်ရှင့်။ ဘယ်လိုသောက် ရမယ်၊ သောက်ပြီးရင် ဘယ်လိုနေရမယ်၊ ဘယ်လိုတွေ ဖြစ်လာမယ်ဆိုတာပါ လမ်းညွှန်ပေးစေချင်ပါတယ်ရှင်။ ဒါဟာ ပထမ ဆုံးဖြစ်တာပါဆရာ။ အသက်က ၂၅ ပြည့်ပြီးသွားပါပြီ။
• Abortion pills ဖျက်ဆေးတွေအကြောင်း
Fri, Mar 2, 2012 at 9:31 AM
ကျမ (့) ကပါပဲ။ ခုဖျားနေလို့။ ကိုယ်ဝန်နဲ့ဆိုတော့ စိတ်ပူလို့ပါ။ ဖျားတာက အအေးမိတယ်ဆိုပေမယ့် ဆေးစစ်လိုက်တော့ တုပ်ကွေး အပြင်းစားဖြစ်တာ Virus တမျိုးတွေ့တယ် ပြောတယ်။ အရင်က ကိုယ်ဝန်ရှိစကထဲက ချောင်းဆိုးနေတာ ဒီကအေးတော့ အေးရင်ကျမက ချောင်းဆိုးတတ်တယ်။ ဆေးတော့ မစားပေမယ့် ဂျင်းပြုတ်ရည်လေး ဘာလေး သောက်လိုက် ပျောက်လိုက်ပါပဲ။ တချို့က ဂျင်းရည်ကပူလို့ မသောက်နဲ့လို့ ပြောပါတယ်။ ခုဖျားတာက တော်တော်ဆိုးတယ်။ တခါမှမဖြစ်ဖူးဘူး။ ညဘက်ဆို ကိုယ်တွေပူခြစ်ပြီး တကိုယ်လုံးနာတာ အရိုးထိပဲ နောက်ချမ်းတယ်။ လာမယ့်သဘက်ခါ တနင်္ဂနွေဆို မသွားမဖြစ်ပွဲတခုမဖြစ်မနေတက်ရတော့မှာ။ လူကနဲနဲ သက်သာခါစပဲ ရှိသေးတယ်။ ဆေးရုံကတော့ ကိုယ်ဝန် ၄ လကျော်ပြီဆိုတော့ ဆေးသွင်းပြီးသောက်ဆေးပေးတယ်။ Tamiflu 75mg & TylenolER အဲဒါပေးတယ်။ ကိုယ်ဝန်ဆောင်တွေဖျားတာ ကလေးထိခိုက်တတ်ပါသလား။ အဲဒီအကြောင်း စာအုပ်တွေထဲမှာ မတွေ့ဖူးဘူး။ ပဋ္ဋိဇီဝဆေးတွေ မသောက်ရတာလောက်ပဲသိတာ။ ခုသောက်ရတော့ စိတ်ပူလို့ပါ။ ကိုယ်ဝန်သည်တွေ အဖျားကြီးရင် ဘာလုပ်သင့်သလဲ။ လာမယ့် တနင်္ဂနွေအမှီ နေကောင်းချင်ပါတယ်။ ကျမက နဂိုချူချာတော့ ကလေးလေး ထိခိုက်မှာတော်တော်စိတ်ပူမိတယ်။
• မပူပါနဲ့။ တုပ်ကွေးလို ဗိုင်းရပ်စ် ပိုက နေရာတကာ၊ အချိန်တကာ၊ လူတကာမှာ ဖြစ်တယ်။ ဆေးကုတာလဲ သိတဲ့အတိုင်း အထောက်အကူသာပြုနိုင်တယ်။ ဆရာဝန်ပေးတာတွေ အားလုံးကောင်းပါတယ်။ ကိုယ်ခံအားကောင်းအောင်၊ အစားအသောက်၊ နေရောင်၊ နားတာတွေနဲ့ လုပ်ပေးပါ။ ပူလာရင် Tylenol တလုံးသောက်ပါ။ တနေ့ ၃-၄ ခါသောက်လဲရတယ်။ ချမ်းတာကလဲ ဒါ့ကြောင့်ဘဲ။ Cetrizine, Burmeton, Avil တမျိုးမျိုးသောက်နိုင်တယ်။ ခံစားရတာ ရက်မကြာပါ။ တပါတ်ဆို ကောင်းမှာပါ။ ကိုယ်ဝန်မှာ (ရူဘဲလား) ဂျာမန်-ဝက်သက်တခုကိုသာ ကြောက်ဘို့လိုတယ်။
Thu, Mar 1, 2012 at 5:42 PM
ကျွန်မက Shingles အနာတွေ ကွာကျပြီး အလျဉ်းပျောက်သလောက်တောင်ရှိနေပြီ။ မနေ့ညက သမီးလေးကို အဝတ်လဲပေးရင်း အဖုသေးသေးလေးတွေ ဗိုက်မှာတွေ့တော့ သေချာဓါတ်မီးနဲ့ကို ထိုးကြည့်တယ်။ အရေကြည်ဖု မဟုတ်ပဲ မိတ်ဖုလို အဖုသေးသေးလေးဆိုတော့ မဟုတ်လောက်ဘူးပဲထင်ခဲ့တာ။ အခု အဝတ်လဲပေးတော့ အရည်ကြည်ဖုလေးတွေ ဖြစ်နေပြီ။ ဘိုက်တပြင်လုံးပဲ။ အဖုတော့ မကြီးသေးဘူး။ အဲဒါ စိုးရိမ်ရလား။ ဘယ်လိုလုပ်ရမလဲ။ အရမ်းကို စိတ်ပူနေမိတယ်။
• အနီဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေသာမက တခြားလက္ခဏာတွေရှိရပါအုံးမယ်။ ဆင်တူတာလဲဖြစ်တယ်။ များသေားအားခြင့် ဗိုင်းရပ်စ် ကနေဖြစ်တာမို့ အိမ်မှာတင်လုပ်ပေးရတာများပါတယ်။
Mon, Mar 5, 2012 at 12:44 PM
ကျွန်တော်၏ အဖေလည်ပင်းတွင် လည်စိနှင့်အတူ အကျိတ်ဖြစ်နေပါသည်။ ဖြစ်နေသည်မှာနှစ်ရှည်နေပါပြီ။ အသက်မှာ (၆၅)နှစ်ရှိပါပြီ။ အစားမှားတာလား။ အညှော်ခံလို့လားမသိပါ။ ကြီးပြီး ရောင်လာပါသည်။ ယခုမြန်မာဆေးမှီးတိုနှင့် နေအိမ်တွင်သာ ဆေးလိမ်းနေပါသည်။ သက်သာတာလည်းမဟုတ် အရှင်းပျောက်သွားတာလဲ မဟုတ်ပါ။ ရပ်နေတယ်လို့ ပြောလို့ရပါသည်။ မည်သည့်ဆေးသောက်ပြီး၊ မည်သည့် လိမ်းဆေးလိမ်းရမည်ကို ညွန်းပေးစေလိုပါသည်။ အဖေမှာ အစာအိမ်လည်း မကောင်းသောကြောင့် အင်္ဂလိပ်ဆေးများသောက်ရာတွင် အဆင်မပြေဖြစ်မည်ကို စိုးရိမ်ပါသည်။ ဘယ်လိုလေ့ကျင့်ခန်း လုပ်ရင်ရမည် ကိုလည်း ပြောပေးစေချင်ပါသည်။
• လူကြီးမှာ အကျိတ်ဖြစ်တာ ဆရာဝန်ပြသင့်တယ်။ ကြာနေပြီဆိုရင် ပိုဆိုးမလာတာကိုတော့ သိပ်မစိုးရိမ်ရပါ။ လည်ပင်းမှာ နေရာ ပြောတာ သိပ်မတိကျလို့ မှန်းရတာ ခက်တယ်။ လည်ပင်းကြီး (Giotre) လား၊ Lymph node တက်စေ့ရောင်တာလား၊ Cysts (ဆစ်စ်) အိတ်လား၊ Lipoma အဆီခဲလား မပြောနိုင်ပါ။ ရောဂါနာမည်တပ်မရလို့ ဆေးနည်းမပေးနိုင်ပါ။ ဓါတ်ပုံနဲ့ အချက်အလက် တိတိကျကျပို့ရင် ပိုသိလာမလားဘဲ။
Mon, Mar 5, 2012 at 10:11 PM
“Anorectal abscess စအို-အစာဟောင်းအိမ်မှာ အနာဖြစ်နေရင် - နာမယ်၊ ကိုက်သလို-ထိုးသလို နာတာ၊ ဝမ်းသွားခါနီးရင် ပိုဆိုးမယ်။ ဝမ်းချုပ်မယ်။ ကိုယ်ပူနိုင်တယ်။ ချမ်းနိုင်တယ်။ အရေပြားနဲ့ ကပ်နေရင် အနာ-အဖုကို စမ်းလို့ရမယ်။ လိပ်ခေါင်းနဲ မှားနိုင်တယ်။ Anal abscesses ကို ပဋိဇီဝဆေးတမျိုးထဲမရဘူး။ အနာကို ခွဲပေးရမယ်။” မရှင်းတာလေး မေးချင်လို့ပါ။ သမီးနဲ့ နည်းနည်းတိုက်ဆိုင်နေလိုပါ။ အပေါ်စာပိုဒ်က နာမယ်။ ကိုက်သလို-ထိုးသလို နာတာဆိုတာ ဘယ်နေရာလဲ။ နောက်ပြီး အရေပြားနဲ့ ကပ်နေရင်စမ်းလို့ရတယ်ဆိုတာကကော။ နှစ်ခုစလုံးက စအိုကိုပြောတာလား။ အနာခွဲပေးရတာကော ဘယ်နားကလဲ။
ဆရာမိုးဆိုတဲ့ဆေး သောက်ပါတယ်။ ဝမ်းချုပ်လို့ပါ။ အဲဒီဆေးက အဆီကျတယ်လို့လဲ ရေးပါတယ်။ ဝမ်းသွားရင် အနီရောင်လိုလို အညိုရောင်လိုလိုပါတယ်။ နောက်ပြီး အဆီလား၊ ချွဲလားမသိဘူး ပါပါတယ်။ အဆီနဲ့ ချွဲကို ဘယ်လိုခွဲရမလဲ။ နောက်ပြီး ဝမ်းထဲသွေးပါမပါကော ဘယ်လို ကြည့်ရမလဲဟင်။ အရောင်မခွဲတတ်လိုပါနော်။ သမီးဝမ်းချုပ်ရင် ဆီးခဏခဏသွားချင်ပြီး ဆီးကျင်ချင်သလို ဖြစ်တယ်။ ဝမ်းခဏခဏ သွားချင်ပြီး အားရအောင်မသွားဘူး။ ကျန်နေသလိုဘဲ။ သမီးကအသက် ၂၅ ပါ။ အိမ်ထောင်ကျတာ တစ်နှစ်ခွဲရှိပါပြီ။
• Anorectal abscess ဆိုတာ ပြည်တည်နာပါဘဲ။ ပြည်ရှိတဲ့အနာမှန်သမျှ အတူတူခံစားရမယ်။ အနာပေါက်ရာမှာ နာမယ်။ သူ့အလိုလိုလဲနာမယ် သူ့ကိုဖိရင်လဲနာမယ်။ အနာက အပေါ်ယံမှာကပ်နေရင် ဖေါင်းနေ တာ စမ်းရမယ်။ အရွယ်အစား၊ ပုံပန်၊ အပူ-အအေး၊ နာ-မနာ၊ ရွေ့လို့ရ-မရ သိရမယ်။ အနာကိုသာပြောတာပါ။ စအိုနဲ့ နီးချင်နီးမယ်။ ဝေးချင်ဝေးမယ်။ ဝမ်းအရောင်က စားတဲ့အစာနဲ့ သောက်တဲ့ဆေး အရပြောင်းနိုင် တယ်။ ဥပမာ သံဓါတ်ဆေးက ဝမ်းအရောင် မဲစေတယ်။ ဝမ်းထဲမျာပါတဲ့သွေးက အနီရဲရဲက သွေးစိမ်းရှင်ရှင်လို့ပြောတဲ့ လတ်တလောမှ သွေးကြောထဲက ထွက်တာဖြစ်တယ်။ သွေးဆိုတာ သွေးကြောထဲကထွက်ပြီးရင် ကြာလေ အရောင်ရင့်လေ၊ ညိုမဲရာကနေ ကတ္တရာစေးအရောင်အထိ ဖြစ်နိုင်တယ်။ ဝမ်းထဲသွေးကို မျက်စိနဲ့လဲသိနိုင်တယ်။ နည်းနည်းလေး ပါနေရင် အနုကြည့်မှန်ဘီလူးနဲ့သာမြင်ရတယ်။ ချွဲဆိုရင် ဖြူတယ်၊ ကျိနေ တယ်။ ဆွဲဆန့်ရင် အတန်းလိုက်ရှိမယ်။ အဆီကတော့ ဝမ်းထဲမှာ တခြားနေရာမှာ မြင်ရသလိုသာနေမယ်။ ဝမ်းထဲအဆီပါနေတာက စားတဲ့အစာတွေက သည်းခြေရည်၊ အသဲကအရည်နဲ့ မတွေ့လို့သာဖြစ်တယ်။ ဝမ်းထဲအချွဲပါတာ ဝမ်းကိုက်လို့ဖြစ်တာများတယ်။ ဝမ်းကိုက်လက္ခဏာတွေပါရှိမယ်။ တခြားလဲရှိသေးတာပေါ့။
ဒေါက်တာတင့်ဆွေ (၆-၃-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - အမေးအဖြေ - မတ်လ၊ ၂၀၁၂ (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




