1. အမျိုးသမီး ကိုယ်ဝန် ၁၅ ပတ်နဲ့ ၅ ရက် ရှိပါပြီ။
2. ကျွန်တော် ချစ်သူမှာပြဿနာလေး နဲနဲ ရှိနေလို့ပါ။
3. သမီးအသက်က (၃၁)နှစ်ကျော်ပါပြီ။
4. ကိုယ်ဝန် ရှိပြီလို့ စသိကတည်းက စစ်ဆေးရုံက ဆရာဝန်
5. ဆီးထဲမှာ သွေးလဲ မတွေ့ဘူးလို့ ပြောပါတယ်ရှင့်။
6. Scramble glands လိင်တံပေါ်မှာရှိရင် ဘာဖြစ်နိုင်လဲ။
7. ကျွန်မအသက်က ၃၉ ပါ။
8. သမီးနံမည်က (့) ပါ။
9. မိန်းမရတာ ၃ လလောက်ရှိပြီ။
Fri, Oct 19, 2012 at 5:14 PM
အမျိုးသမီး ကိုယ်ဝန် ၁၅ ပတ်နဲ့ ၅ ရက် ရှိပါပြီ။ အမျိုးသမီးအသက်က ၃ဝ ပါ။ ပထမဆုံး ကိုယ်ဝန်ဖြစ်ပါတယ်။ အလုပ်လည်း လက်ရှိလုပ်နေတုန်းပါ။ အခု အမျိုးသမီးဖြစ်နေတာက သွေးတိုးတိုး နေတယ်လို့ ပြောပါ တယ်။ OG လည်းအပ်ထားပြီး လိုအပ်သောါစစ်ဆေးမှုတွေလည်း ပြုလုပ်ပြီးဖြစ်ပါတယ်။ အကုန်ကောင်းပါတယ်။ ဆေးခန်းပြချိန်တွင် သွေးမတိုးပါ။ အလုပ်တွင် သွေးတိုးတိုး နေတယ်လို့ပြောပါတယ်။ အလုပ်က Computer နှင့် လုပ်ရသော အလုပ်ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လည်း တက်မလာသေးပါ။ ယခင် သွေးမတိုးဘူးပါ။ အမျိုးသမီး၏ မိခင်တွင်သွေးတိုးရောဂါအခံရှိပါသည်။ ထိုသို့ဖြစ်နေခြင်းမှာ စိုးရိမ်ရပါသလား။ မည်သို့ ပြုလုပ်ရမည်ကို သိချင်ပါသည်။
Hypertension (High blood pressure) သွေးတိုးဆိုတာ သွေးတိုင်းကရိယာနဲ့တိုင်းမှာသာ တိုး-မတိုးသိရတယ်။ သွေးတိုးရင် တချို့မှာ ခေါင်းကိုက် ဇက်ကျောတက်ဆိုတာမျိုး ခံစားရတ်ပြီး တချို့ သွေးဖိအား များနေတာတောင် ဘာမှ မခံစားရဘူး။ တချို့ကြ ခေါင်းကိုက် ဇက်ကျောတက်ဆိုတာကို သွေးတိုးမရှိဘဲလဲ ခံစားရတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို တချို့မှာ ဖြစ်တယ်။ မွေးပြီးနောက်ပျောက် တာက များတယ်။ OG ကိုအပ်ထားရင် မစိုးရိမ်ပါနဲ့။ ပေးတဲ့ဆေး ပုံမှန်သောက်ပါ အငန်ကိုလုံးဝလျှော့စားပါ။ ကိုယ်လက်လှုတ်ရှားမှုကို ကိုယ်ဝန် အနု-အရင့်အလိုက် လုပ်ပေးပါ။ လိုသေးရင်မေးပါ။
Fri, Oct 19, 2012 at 5:21 PM
ကျွန်တော် ချစ်သူမှာပြဿနာလေး နဲနဲ ရှိနေလို့ပါ။ ကျွန်တော် ချစ်သူ ဓမ္မတာလာပြီး marvelon 28 ဆေးသောက်ပါတယ် ပြီးတော့၂ရက်လောက်နေတော့ ကျွန်တော်နဲ့ အတူနေဖြစ်ပါတယ် အတူနေပြီးတော့ ဆေး ဆက်မသောက်ြဖစ်ပါဘူးခု သူ့ မှာရာသီလာသလို အညိုတွေ လာနေတာတစ်ပတ်ရှိပါပြီ တစ်ခါမှ မဖြစ်ဘူးတော့လန့်နေတာ။ သားအိမ်တွေဘာတွေများ တစ်ခုခုဖြစ်မှာစိုးလို့ပါ။ သူကလဲ ဆရာဝန်မပြချင် ဘူး ဖြစ်နေတယ်။
Marvelon ဆေးက ပုံမှန် တနေ့ ၁ ပြား၊ ၂၈ ရက်သောက်ရမဲ့ တားဆေးဖြစ်တယ်။ လာပြီးပြီးချင်းသောက်တာ မမှားပေမဲ့ ရ ရက်အထိတော့ ရာနှုန်းပြည့် အကာကွယ်မပေးနိုင်ပါ။ တလလုံးမသောက်ရင် ရာသီ သကောမက်ကမဖြစ်မယ်။ အခုဖြစ်နေတာမျိုးပေါ့။ ဆင်းစရာကုန်ရင်ရပ်ပါမယ်။ မစိုးရိမ်ပါနဲ့။ ဆင်းပြီးတာနဲ့ တားနည်းတခုခုကို အသေအခြာ လုပ်သင့်ပါတယ်။ နည်းနာတွေ အများကြီးရေးထားတာကို လိုအပ်မယ် ထင်တာရွေးဖတ်နိုင်၊ လိုက်နာနိုင်ပါတယ်။
http://dts-medicaleducation-adultblogspotin/
Fri, Oct 19, 2012 at 6:59 PM
သမီးအသက်က (၃၁)နှစ်ကျော်ပါပြီ။ အိမ်ထောင်ရှိပါတယ်။ ကလေးယူဖို့ ဘယ်လိုမှအဆင်မပြေသေးလို့ ပြီးခဲ့တဲ့လ Sept က ကိုယ်ဝန်ကိုဆေးသုံးပြီး ဖျက်ထားပါတယ်။ ဆေးသောက်တာပါဆရာ Mifepristone 25mg တစ်နေ့ ၂ ကြိမ် ၃ ရက် သောက်ပြီး Misoprostol 0.2 mg ကို ၄ ရက်မြောက်နေ့မှာ သောက်ပါတယ်။ ဆေးသောက်ပြီး ၄ နာရီလောက် ကြာတော့ သွေးဆင်းပါတယ်။ ဗိုက်အရမ်းအောင့်ပါတယ်။ သွေးဆင်း တာတော့အများပါဘူး။ နဲနဲပါပဲ။ အတုံးအခဲတွေလည်း မဆင်းပါဘူး။ သွေးဆင်းတာ တစ်ပတ်ကျော်လောက်ကြာပါတယ်။ သမီးက ပုံမှန်ရာသီလာရင်လည်း နဲပါတယ်။ ၂ ရက် လောက်ပဲလာပါတယ်။ 11-9-12 နေ့က စဆင်းတာပါ။ ဒီလကစပြီး သမီးရဲ့ရာသီလာရက်ကို ၁၁ ပတ်ဝန်းကျင်လို့် မှတ်ရမလား။ အခုထိရာသီမလာသေးလို့ စိတ်ပူလို့ဆီးစစ်ကြည့်ပါသေးတယ်။ 15-10-12 နေ့ကပါ မျဉ်းတစ်ကြောင်းပဲ ပေါ်ပါတယ်။ ကိုယ်ဝန်ပျက်ပြီးနောက်ပိုင်း အမျိုးသားနဲ့အတူနေရင် ကွန်ဒွန်သုံးပါတယ်။ တားဆေးတွေ မသောက်ချင်လို့ပါ တားဆေးသောက်ရင် ကလေးတကယ်လိုချင်တဲ့အခါ မရမှာစိုးရိမ်လို့ပါ။ သမီးဘာလုပ်ရမလဲ။ Ultersound ရိုက်ကြည့်ရမလား။ နောက်တစ်ပတ်နေရင် ဆီးထပ်စစ်ကြည့်ရမလား။
ဆီးစစ်တာကို ဘယ်လောက်ခြားပြီး လုပ်ရမလဲ။ တစ်ပတ်တစ်ခါလောက်စစ်ကြည့်နေရမလား။ ဘာဖြစ်လို့ အခုထိရာသီမလာသေးတာလဲ။ သောက်ထာတဲ့ ဆေးတွေကြောင့်လား။ ကိုယ်ဝန်ထပ်ရှိတာလား အရမ်း စိတ်ပူနေပါတယ်။ နောက်တစ်ခေါက်လည်း ဒီလို ထပ်မဖြစ်ချင်တော့ပါဘူး။ သောက်ထားတဲ့ဆေးတွေကြောင့် ဟော်မုန်းပြောင်းလဲလို့ဖြစ်တာဆိုရင် ပုံမှန်ပြန်ဖြစ်အောင် ဘာတွေစားရမလဲ ဘယ်လိုတွေနေထိုင်ရ မလဲ။ ဘယ်လိုဆေးတွေသောက်ရပါမလဲ။ သမီးကဝန်ထမ်းပါ။ တစ်နေ့လုံး ထိုင်လုပ်ရတဲ့ ကွန်ပြူတာစာရေးပါ။ Jan 2011 က သားအိမ်အပြင်ဘက်မှာအလုံးဖြစ်လို့ ထုတ်ထားရပါတယ်။ အသားလုံးလို့ ပြောပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းမှာလဲ Ultersound မရိုက်ဖြစ်ပါဘူးဆရာ အခုရိုက်ကြည့်ရမလား။ အခုထိ ရာသီမလာသေးတာကိုစိတ်အရမ်းပူနေပါတယ်ဆရာ ပုံမှန်ရာသီပြန်လာအောင် ဘယ်လောက်ထိစောင့်ရလဲ။ ရာသီမလာတော့ ဒီကြားထဲမှာကိုယ်ဝန်ထပ်ရှိသွားမှာလဲ စိုးရိမ်ပါတယ်။
ပြည့်ပြည့်စုံစုံရေးမေးတာကောင်းတယ်။ စောင့်လို့လဲရပါတယ်။ ဘယ်တားဆေးတွေကမှ ရာသက်ပန်ကလေးမရ မဖြစ်စေပါ။ တားနည်းတွေလဲ ရာသက်ပန်မတားနိုင်ပါ။ သားကြောဖြတ်တာကသာ မရဖြစ်စေ ပါတယ်။ နိုငံတိုင်းမှာ အမျိုးသမီး သန်းပေါင်းများစွာ သုံနေကြတာမို့ သိပ်ကြီး မစိုးရိမ်သင့်ပါ။ နည်းတွေအကြောင်းသိချင်ရင် ဆရာရေးထားတာတွေရှိပါတယ်။ အာလ်ထွာဆောင်း မရိုက်ခင် သားဖွါး-မီးယပ် ဆရာဝန်ကို အရင်ပြသင့်ပါတယ်။
http://dts-medicaleducation-adultblogspotin/
Mon, Oct 22, 2012 at 9:24 AM
ကိုယ်ဝန် ရှိပြီလို့ စသိကတည်းက စစ်ဆေးရုံက ဆရာဝန်(အိုဂျီ)နှင့် အပ်ထားပါသည်။ နောက်ဆုံး ဓမ္မတာ လာတဲ့စရက်က (13.4.12)နေ့ပါဆရာ။ အာလ်ထွာဆောင်းရိုက်တာ ကလေးအခြေအနေ အချင်း အားလုံးကောင်းပါသည်။ မွေးဖွားမယ့် ဂျူးဒိတ်က (11.1.2013) အဖြေ ထွက်ထားပါသည်။ မေးခိုင်ကာကွယ်ဆေး TT ၂ ကြိမ်ထိုးထားပါသည်။ 20.10.12 နေ့မှာ ကိုယ်ဝန်ပြန်သွားပြပါသည်။ (2 ပါတ်-1 ကြိမ်ကျသွားခြင်း) ကျွန်မ ကိုယ်ဝန် ၇ လထဲ ရောက်ပြီဟုပြောပါသည်။ ဗိုက်ကိုစမ်းသပ်တဲ့အခါမှာ ကလေးအနေအထားက ညာကနေ ဘယ်ကို စောင်းနေသည်ဟု ဆရာဝန်က ပြောပါသည်။ ဘယ်သူနဲ့မှ သွားမပြင်ပါနဲ့ဟု မှာပါသည်။ လရင့်ရင် သူ့အလိုလို ပြန်တည့်သည်ဟုလဲ ပြောပါသည်။ ကလေး တစ်ခြမ်းစောင်းနေသည်မှာ အန္တာရာယ် ရှိခြင်း၊ အဆိုးအပြစ်များကို မဖတ်ဘူးပါသဖြင့် စိုးရိမ်မိပါသောကြောင့် ဆရာ့ဆီကို ဆက်သွယ်မေးခြင်းဖြစ်ပါသည်။
မစိုးရိမ်ပါနဲ့။ အာလ်ထွာဆောင်းအရ ခန့်မှန်းမွေးရက်ကိုတွက်ထားတာဖြစ်မယ်။ ရာသီရက်နဲ့တွက်ရင် ၂ဝ-၁-၂ဝ၁၃ မှာ မွေးမယ်။ ရှေ့ ၂ ပတ်၊ နောက် ၂ ပတ်တော့ကွာနိုင်တယ်။ အာလ်ထွာဆောင်းနောက်တခါ ရိုက်ရင်လဲ ရက် နဲနဲကွာနိုင်သေးတယ်။ ကလေးအနေအထား စောင်းတယ်ဆိုတာ အရေးမကြီးလှပါ။ အနေအထားပြောင်းတတ်ပါတယ်။ အချင်းတည်နေရာကသာ ပိုအရေးကြီးတယ်။ ကလေးချို့ယွင်းချက် မရှိတာက အရေးအကြီးဆုံးဖြစ်တယ်။ ဒါတွေကောင်းနေတာအတွက် စိတ်ချမ်းသာနိုင်ပါတယ်။ ရိုးရိုလမ်းကြောင်းကနေ မွေးနိုင်မှာပါ။ နောက်ထပ်ထူးခြားတာရှိလို့ လိုသေးရင် မေးနိုင်ပါတယ်။ ကိုယ်ဝန်မှာသောက်ရမဲ့ အားဆေးတွေလဲ သောက်မယ်ထင်ပါတယ်။ အစားအသောက် အနေအထိုင်လဲ ဂရုစိုက်ပေါ့။ ကိုယ်ဝန်အကြောင်းစာတွေ အများကြီးရေးထားပါတယ်။
Mon, Oct 22, 2012 at 10:48 AM
ဆီးထဲမှာ သွေးလဲ မတွေ့ဘူးလို့ ပြောပါတယ်ရှင့်။ ကိုယ်ဝန်ကတော့ နဲနဲတစစ်စစ်နဲ့နာတယ်ဆရာ။ တခါတခါ နဲနဲမသိမသာလေး အောင့်ပါတယ်။ ဆရာဝန်ကတော့ ကိုယ်ဝန်ကကောင်းတယ်လို့ ပြောပါတယ်။ OG နဲ့ဘဲပြလိုက်ပါတဲ့ဆရာ။ ပျက်ကျတာတို့ဘာတို့ မဖြစ်အောင်ထိန်းဆေးထိုးသင့်ထိုးရအောင်တဲ့။ သမီးကိုလမ်းညွန်ပေးပါဆရာ။
မပူပါနဲ့။ ကိုယ်ဝန်ဆောင်တလျှောက်လုံး အဲလို အောင့်တာ၊ နာတာ၊ ကိုက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။ ၂ဝ ပတ်နောက်ဆိုရင် အထဲကကလေးလှုတ်ရှားလာတာကို မိခင်လောင်းကသိလာမယ်။ တချို့ ကလေးက အတော်ဆော့တယ်။ ကန်တယ်လို့ခေါ်တယ်။ ကိုယ်ဝန်မျပ်ဆေးကို လူတိုင်းအတွက်မလိုပါ။ OG ကနေပြောပါလိမ့်မယ်။ ကိုယ်ဝန်အကြောင်း ဆရာရေးထားတာတွေ အများကြီး ရှိပါတယ်။ ခေါင်းစဉ်တော့ ရွေးဖတ်ပါ။ ပုံမှန်မဟုတ်တာတွေကို ကိုယ့်မှာလာဖြစ်နေမယ်လို့ မထင်ပါနဲ့။ ကောင်းတာတွေကိုသာ ရွေးဖတ်ပါ။
ဥပမာ
Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html
Mon, Oct 22, 2012 at 3:45 PM
Scramble glands လိင်တံပေါ်မှာရှိရင် ဘာဖြစ်နိုင်လဲ။ ကုရင်ရော ဘယ်လိုကုရမှာလဲ။ ၃ နှစ်လောက်နေမှကုရင်ဘာဖြစ်နှိင်လဲ။
ကျွန်တော်တော့ မသိပါ။
Thu, Oct 25, 2012 at 8:16 AM
Sebaceous gland က လိင်တံပေါ်မှာရှိရင် ဘာဖြစိနိုင်လဲဆရာ။ ကုရင်ရောဘယ်လိုကုရမလဲဆရာ။ ၃ နှစ်လောက်နေမှကုရင်ဘာဖြစ်နိုင်လဲဆရာ။
ချွေးထွက် ဂလင်း ကိုပြောတာဖြစ်တယ်။ အရပြားနေရာတိုင်းမှာရှိတာပါ။ ရောဂါမဟုတ်ပါ။ အရင်လဲ ခပ်ဆင်ဆင်စကားလုံးနဲ့တခါမေးဘူးသလားမသိဘူး။ သေခြာအောင်ပြောပါအုံး။
Mon, Oct 22, 2012 at 9:53 PM
ကျွန်မအသက်က ၃၉ ပါ။ အိမ်ထောင်မရှိသေးပါ။ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်မသိလိုတာက မိန်းမကိုယ် အပြင်ဘက်ပိုင်း တင်းရင်းစေမဲ့ လေ့ကျင့်ခန်းရှိသလားလို့ပါ။ အတွင်းဘက်ကြွက်သား လေ့ကျင့်ခန်းကိုတော့ အမြဲလုပ်ပါတယ်။ ကျွန်မရဲ့ ဆီးခုံနဲ့ အောက်ဘက်နားက မို့မောက်နေပေမဲ့ ဟိုအောက်ဘက်ပိုင်းက လျှော့ရဲနေတယ် ထင်မိလို့ပါ။ နောက်ပြီး ကျွန်မအိမ်ထောင်ပြုရင် ဒီအသက်အရွယ်မှာ သားသမီးရဖို့ ဘာတွေဆောင်ရ၊ ရှောင်ရမလဲ သိချင်ပါတယ်။ ကျွန်မက ရာသီသွေးတော့ လစဉ်မှန်ပါတယ်။ ပုံမှန် ၅ ရက်ခန့် လာပါတယ်။ ကျွန်မကဆရာ့ရဲ့  စာဖတ် ပရိတ်သတ်တစ်ဦးပါ။ ကျွန်မရဲ့ မေးခွန်းကရိုင်းနေရင် ခွင့်လွှတ်ပေးပါဆရာ။
ရာသီလာနေတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်တာက အခြေခံအချက်ဖြစ်ပါတယ်။ တခြားအကြောင်းခံတွေလဲ လိုတော့ လိုသေးတာပေါ့။ ကလေးအတွက် ကြိုတင် မစိုးရိမ်ပါနဲ့။ ပုံမှန် ကျန်းမာရေးကောင်းနေဘို့သာ ဂရုစိုက်ပါ။ အားဆေးဆိုတာလဲ ဗီတာမင် ဘီ နဲ့ သံဓါတ်ဘဲ လိုပါမယ်။ ၃၉ ဆိုရင် ကယ်လ်စီယမ် လဲလိုမယ်။
မ-အင်္ဂါမေးတာ သိပ်တော့ မရှင်းပါ။ အတူမနေဘူးသေးသူတိုင်း ဘာမှ ပြုပြင်နေစရာ မလိုပါ။ နေဘူးတယ်ဆိုအုံးတော့ ကိုယ်ဝန်မဆောင်ဘူး၊ ကလေးကို မွေးလမ်းကနေ မမွေးဘူးသေးရင်လဲ မ-အင်္ဂါကို ပြင်ဆင်နေစရာ မလိုလှပါ။
အသက်ရလာရင်တော့ အထူးသဖြင့် ၃ဝ-၃၅ ကျော်လာရင် လျှော့ရဲတာတွေဖြစ်တယ်။ ဒါလဲဘဲ မ-အင်္ဂါမှာ ကလေး မမွေးဘူးရင် သိပ်မထူးလှပါ။
မိန်းမကိုယ်ခေါ်တဲ့ Vulva ဆိုတာ သူ့ပုံပန်းနဲ့သူ မတူတာတွေရှိတယ်။ ဒီအတွက် ကြောင့်ကျဘို့ မလိုပါ။ အိမ်ထောင်ပြုချိန် ငယ်တုံးကလိုဖြစ်ချင်တာအတွက် အဝနေရာနဲ့ အတွင်းလှိုင်ခေါင်းပိုင်း နှစ်ခုသာ အရေးပါတယ်။ အပြင်အမြင်တော့ ပြောခဲ့သလို ပြင်ဘို့မလိုအပ်ပါ။ အဝဆိုတာ မွေးလမ်းကနေ မွေးဘူးသူတွေသာ ပြုပြင်သင့်ရင် ချုပ်ပေးတာ လုပ်ဘို့လိုမယ်။ မဟုတ်ရင် အဝဟာ အကောင်းပကတိသာရှိမယ်။ အတွင်းလှိုင်လိုအပိုင်းမှာလဲ ဒီအတိုင်ပါဘဲ။ မေးတဲ့သူက လေ့ကျင့်ခန်း လုပ်နေတာမို့ အလွန်ကောင်းပါတယ်။
ချဲ့ပြောရရင် ရှင်းပြခဲ့တဲ့ ခန္ခာဗေဒပိုင်းအပြင်၊ ဟော်မုန်းတန်ခိုး၊ လူမှုဆက်ဆံရေး လိမ်မာမှု၊ အနေအထား၊ အလိုက်ကို သိခြင်းနဲ့ ဆွဲဆောင်နည်းတွေလည်း လိင်ဆက်ဆံရေးမှာ လိုတာတွေချည်းဖြစ်ပါတယ်။ အသက်ငယ်လို့ ခန္ခာဗေဒအရ သာလွန်နေပေမဲ့ ကျန်တာတွေကို ဂရုမထားရင် အားနည်းချက်ဖြစ်နေလိမ့်မယ်။ မေးတဲ့သူက စာတွေဖတ်ထားတာမို့ အားသာချက်အဖြစ် အသုံးပြုနိုင်ပါတယ်။ လိုသေးလဲ မေးပါ။
Mon, Oct 22, 2012 at 11:00 PM
သမီးနံမည်က (့) ပါ။ ရန်ကုန်မှာ နေတာပါ။ သမီးချစ်သူနဲ့ 3.10.2012 နေ့ကအတူတူနေမိပါတယ်။ အကာအကွယ်လဲ သုံးပါတယ်။ ပေါက်ပြဲတာလဲမရှိခဲ့သလို ပေသွားတာမျိုးလဲမရှိပါဘူး။ သမီးအရင်လက 21.9.2012 မှာ ရာသီသွေးဆင်းခဲ့ပါတယ်။ တစ်ခါဆင်းရင် သုံးရက်အများဆုံးဆင်းတက်ပါတယ်။ အခုလမှာလဲ 18.10.2012 ရက်နေ့မှာ ရာသီသွေး အနည်းငယ်သာဆင်းပါတယ်။ တစ်ညနေ လောက်ပဲဆင်းပြီး ဆက်မဆင်းတော့ပါဘူး ဆရာ။ 19.10.2012 မနက်စောစောမှာ သမီး ကေသီပန် တစ်ထုပ်သောက်လိုက်ပါတယ်။ ဒါပေမယ့် ခုချိန်ထိကိုရာသီသွေး ဆက်မဆင်းတဲ့အတွက် သမီးအရမ်း စိုးရိမ်မိလို့ပါ။ ဒါက သာမန်မဆင်းတာလား။ ကိုယ်ဝန်ရှိလို့ မဆင်းတာလား။ ဘာများဖြစ်တာလဲဆိုတာ သိချင်ပါတယ် ဆရာ။ တစ်ခုခုဖြစ်တာဆိုရင် သမီးချစ်သူနဲ့ နောက်ထပ်နေဖို့ရက်တွေ ရှောင်ဖို့လို မလို အကြံပြုစေလိုပါတယ်ဆရာ။
ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်မရလောက်ပါ။ တညနေဆင်းခဲ့တာက ရာသီလဲဖြစ်နိုင်သလို တခြားလဲ စဉ်းစားရတယ်။ သေခြာချင်ရင်တော့ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက် အတူနေတာအတွက်တော့ တားဆေး၊ တားနည်းတွေဖတ်ပြီး လိုက်နာပါ။
Mon, Oct 22, 2012 at 8:38 PM
ကျနော် အသက် ၂၅ နှစ်ရှိပါပြီ။ မိန်းမရတာ ၃ လလောက်ရှိပြီ။ ဒါပေမယ့် ကျနော့်မှာပြသနာရှိတာက မိန်းမနဲ့အိပ်ရင် ပြီးတာမြန်တယ်ဆရာရေ။ မိန်းမမပြီးခင်မှာဘဲ ကိုကအရင်ပြီးလိုက်တယ်။ ကျနော်လည်းရသလောက် ဆေးပညာတွေကိုလိုက်ဖတ်ပါတယ်။ ဒါပေမယ့် မတိုးတက်ဘူးလို့ဘဲမြင်မိတယ်။ အခုတလောတော့ ဆေးကျမ်းတခုထဲက ကြက်ဟင်းခါးသီးတို့ ဂွေးထောက်ရွက်တွေ စားရင်တဖြည်းဖြည်းနဲ့ကြာလာတယ်လို့ပြောတယ်။ ကျနော်စားတာလည်း ၁ လလောက်ပြည့်နေပြီ ဒါပေမယ့် မြန်နေတုန်းပါဘဲ။ ကျနော်ဘာလုပ်သင့်လဲဆိုတာ ဆရာအကြံပေးပါအုံး။ ကျနော်စိုးရိမ်တာက အဲလိုဆက်ဖြစ်ရင် မိန်းမကစိတ်ပျက်ပြီးတော့ အိမ်ထောင်ပြိုကွဲသွားမှာကြောက်တယ်။ အဲဒါကြောင့် အကူအညီတောင်းခံတာပါ။
Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
နောက်ထပ်လဲ ဆရာ့ ဆိုက်မှာ ရေးထားတာတွေရှိတယ်။ မာတိကာမှာရှာဖတ်ပါ။ အရပ်နည်းတွေ၊ ကြော်ညာဆေးတွေ အားမကိုးပါနဲ့။
ယမုန်နာဆေးခန်း - အမေးအဖြေ (၈၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




