Q: ကျွန်မ အသက် ၃ဝ ရှိပါပြီ။ အိမ်ထောင်မရှိ-အပျိုပါ။ (့) သင်တန်းဖွင့်ပြီး စာသင်ပါသည်။ နေ့စဉ် အလုပ်ချိန်မှာ နံနက် ၇ နာရီမှ ည ၉ နာရီအထိ ဖြစ်ပါသည်။ အစားသောက်မှာ ကိုယ်တိုင် မချက်နိုင်သဖြင့် ဖြစ်သလိုစားပါသည်။ ကျွန်မ၏ ကျန်းမာရေးပြဿနာမှာ ညပိုင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါ။ နံနက်လင်း အိပ်ယာနိုးလျှင် ခြေထောက်နှင့် လက်များ ထုံနေတတ်ပါသည်။ လန်းလန်း ဆန်းဆန်းမရှိပဲ ခေါင်းအနောက်ပိုင်း ကိုက်နေပါသည်။ သတိလည်း အရမ်းမေ့တတ်လာပါသည်။ တစ်ခုခုပြောမလို့ စဉ်းစားရင် ပြောမယ့်အကြောင်းအရာကို မျက်လုံးမှာမြင်ပြီး စိတ်ကသိနေသော်လည်း ပါးစပ်ကထုတ်ဖော်ပြောဖို့ ကြန့်ကြာနေပါသည်။ ချက်ချင်း မပြောနိုင်ပါ။ အရင်က အဲလိုမဟုတ်ပါ။ မြန်မြန်ဆန်ဆန် ပြောတတ်ပါသည်။ အကြောလည်း အရမ်းတက်ပါသည်။ တက်လျှင် ဇက်ကြောမှ မတက်ပဲ ပခုံးကြောသာ တတ်ပါသည်။ ကျွန်မက ဘာပလက်အရည်နှင့် မတည့်ပါ။ TV ကြည့်လျှင် တစ်ခါတစ်ရံ အာရုံစိုက်မရဘဲ စာတွေ ဝါးနေတတ်ပါသည်။
A: မိန်းကလေးဖြစ်လို့ ရာသီမှန်ပါသလား။ အိပ်ဆေး သောက်နေပါသလား။ ဆေးနာမည် သိသလား။ ထုံနေတာကိုရော ဆေးသောက်သလား။ ဆေးနာမည်။ ဆရာဝန်နဲ့ ပြဘူး၊ ဆေးစစ်ဘူးသလား။ မျက်မှတ်တပ်ရသလာ။ ဒါတွေစုံမှ ပြန်ဖြေပါမယ်။ သွေးထိအားပြောတာ ၉ဝ-၆ဝ ကိုပြောချင်တာ ဟုတ်ပါသလား။ နှလုံးခုန်နှုန်းကောသိသလား ဆရာဝန်နဲ့ မစမ်းဘူးရင် ကိုယ့်ဖါသာ လက်ကောက်ဝတ်နေရာ လက်မဘက်မှာ စမ်းပါ။ တမိနစ်မှာ ဘယ်လောက်လဲ။ ပုံမှန်က ၇ဝ-၈ဝ ရှိတယ်။ သံဓါတ်ပါ အားဆေး သောက်သလား။
Mon, Jan 9, 2012 at 3:43 PM
Q: ကျွန်မ လစဉ် ရာသီ အတိအကျ မှန်ပေမယ့် အဲအချိန်တိုင်း အရမ်းနာကျင်-ကိုက်ခဲတတ်ပါတယ်။ ဆီးစပ် တင်ပါးဆုံနေရာက ကိုက်ပါတယ်။ အစာမကြေဖြစ်ပါတယ်။ စာချဥ့်လည်းပြန်တတ်ပါတယ်။ လစဉ် Dofinal လိုဆေးမျိုး သောက်ပါတယ်။ လေဆေး သောက်ပါတယ်။ အိပ်ဆေးကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က သောက်ပါတယ်။ အခု မသောက်တော့ပါ။ ဆရာဝန်နဲ့ အခုဖြစ်တာတော့ မပြဖူးပါဘူးရှင်။ ရာသီကိုက်ခဲတာကို နေရာစုံပြဖူးပါတယ်။ ဆေးထိုး-ဆေးသောက်စဉ် ပျောက်သလိုပဲ၊ အရှင်းတော့ မပျောက်ပါရှင့်။ လစဉ်တော့ အမြဲကိုက်ခဲတာပါပဲရှင်။ ရက်နီးရင် စိတ်တိုတယ်။ ရင်ဘတ်နာတတ်ပါတယ်။ ဆေးတော့ မသောက်ဖြစ်ပါဘူးရှင့်။ ဟုတ်ကဲ့ သွေးပေါင်ချိန် ၉ဝ-၆ဝ လောက် အချိန်တော်တော်များများမှာ ဖြစ်ပါတယ်။ များလွန်းတာက ၁၁ဝ-၇ဝ ပါပဲ။ အိပ်ရေးပျက်တာ မခံနိုင်ပါရှင့်။ အအိပ်ပျက်ရင် အစားပါပျက်ပြီး သွေးပေါင်ချိန် 80-50 လောက် ဖြစ်တတ်ပါတယ်ရှင့်။ အကြောဆေးလည်း ခဏခဏ မသွင်းချင်ပါဘူး။ နှလုံးခုန်းနှုန်းက အခုစမ်းလိုက်တာ ၇၇ ရှိပါတယ်။ မျက်မှန်ကို အရင်က တပ်ပါတယ်။ ၆ လလောက်ပဲ တတ်ပါတယ်။ မုန်လာဥနီကို သုံးလလောက် စွဲစားလိုက်တာ မျက်မှန်မတပ်ရတော့ပါဘူးရှင်။ မျက်မှန်တောင် သူများကို ပေးလိုက်ပါပြီ။ မျက်မှန်တပ်ရတာ စိတ်ရှုပ်လို့ပါ။
A: လက်ကောက်ဝတ် နှလုံးခုန်နှုန် ၇၇ ဆိုတာ (ဘွတ်ခ်-ပစ်ချာ) လို့ပြောနိုင်တယ်။ သိပ်ကောင်းတယ်။ သွေးဖိအား ၉ဝ-၆ဝ ဆိုတာ နည်းနည်းတော့ နည်းတယ်။ ဒါပေမဲ့ တချို့က ပုံမှန်လို နည်းနေတာလဲရှိတယ်။ ရုတ်တရက် နည်းတာကမှ ဆေးကုဘို့ အရေးကြီးတယ်။ သွေးသွတ်၊ သွေးယို၊ ဝမ်းလျှော စတာမျိုးဖြစ်ရင် ရုတ်တရက်နည်းသွားတာက အရေးပေါ် လုပ်ရတယ်။ မှန်တယ် Drip သွေးကြောထဲ ဆေးသွင်းတာက ခဏသာ သွေးဖိအားတက်မယ်။ အားဖြစ်လှတယ် မရှိပါ။ ဆေးပုလင်းထဲမှာ ရေ ၅ဝဝ စီစီ၊ သကြား ၅% သာပါတယ်။ ဗီတာမင်တွေပါထည့်ရင် တရက်စာရမယ်။
• Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ နဲ့
• Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု ရေးထားတာတွေကို ပို့လိုက်ပါတယ်။
အိပ်ဆေးအမျိုးမျိုးလဲရှိသေးတယ် နဲ့
• Sleeping pills အိပ်ဆေး နဲ့
• Sleeping မအိပ်ဘဲနေ အသက်မရှည် တွေကိုလဲ ပို့လိုက်ပါတယ်။
ခြေ-လက်ထုံနေတာတော့ ဆေးလိုမယ်။ နှစ်ဘက်လုံး၊ အထက်-အောက်ဆိုရင် ဗီတာမင် ဘီ (၁) လိုနိုင်တယ်။ တခြားဟာလေးတွေရောပေါ့။ ဝယ်လို့လွယ်မယ် ထင်ပါတယ်။ (ဘာပလက်စ်) နဲ့ မတည့်သူတွေက စားဆေး မတည့်သူ၊ ထိုးဆေးမတည့်သူ ရှိတယ်။ အရည်ကလဲ တမျိုးပေါ့။ အားလုံးကို မတည့်တာတော့ မဟုတ်ဘူး။ အရင်ဆုံး Neurobion, Neurobion forte တခုခုကို စမ်းသောက်ကြည့်ပါ။ တည့်ရင်တော့ တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ကြာကြာ သောက်ပါ။ တခြား ဗီတာမင် ဘီအုပ်စုပါတဲ့ ဆေးတွေလဲ အများကြီးရှိတယ်။ တမျိုးမျိုးကို စမ်းသောက်လို့လဲ ရပါတယ်။ ဘယ်ဆေးမှ မတည့်ရင်တော့ တမင်းရေခမ်းချက်စား၊ ဒါမှမဟုတ် ထမင်းရည်သောက်ပေတော့။
သတိမေ့တာအတွက် မကြာသေးဘူး စာတပုးရေးထားတာကိုလဲ ပို့လိုက်ပါတယ်။ စာသင်ပေးတဲ့ ဆရာမ ကျောင်းသူ ပြန်ဖြစ်တာပေါ့။ စာဖတ်စရာတွေ များလိမ့်မယ်။
• Memory loss သတိမေ့ခြင်း
TV ကြည့်လို့ ဝါးတာဆိုရင် အဝေးကြည့် မျက်မှန် လိုတာ ဖြစ်နိုင်ပြန်တယ်။ အချိန်ရရင် မျက်စိဆရာဝန်ကို ပြပါ။ မျက်မှန် စမ်းပေးတဲ့ ဆိုင်ကို အရင် သွားမပြပါနဲ့။ မျက်မှန်ကို မုံလာဥနီနဲ့ ချွတ်နိုင်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ မုံလာဥနီမှာ ဗီတာမင် (အေ) ပါတာမှန်တယ်။ (အေ) က မျက်စိအားပေးတယ်လို့ ယေဘုယျ နားလည်ကြတယ်။ အမှန်က ဗီတာမင် (အေ) ဟာ ကြက်မျက်သင့်တာကိုသာ ကာကွယ်နိုင်တယ်။ ကြက်မျက်သင့်တယ်ဆိုတာ ညနေခင်း အလင်းရောင်နည်းလာချိန်မှာ ကောင်းကောင်း မမြင်တာကို ပြောတာ ဖြစ်တယ်။ ကောင်းသွားပြီ ဆိုတာကလဲ တကယ်ကောင်းတာပါဘဲ။
Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် ကိုတော့ မပို့တော့ပါဘူး။ သိပ်များနေအုံးမယ်။
Mon, Jan 9, 2012 at 8:40 PM
ကျွန်တော့် အသက် က ၃ဝ ကျော်ကျော်လေးပါ။ လူက တော်တော် ပိန်တယ်။ ဝမ်းလဲ အမြဲတမ်း ချုပ်တယ်။ မြန်မာဝမ်းနှုတ်ဆေး အမြဲတမ်း စားနေရတယ်။ အသက် ၂ဝ လောက် ငှက်ဖျား တော်တော်လေး ဖြစ်ခဲ့ပါတယ်။ ငှက်ဖျား ဆေးတွေလဲ စားရပါတယ်။ ကွီနိုင်းတွေကောပေါ့။ ခုက ဝမ်းအမြဲတမ်း ချုပ်တယ်။ ရေကို ဂရုစိုက်ပြီး သောက်တော့လဲ မကြာဘူး ဆီးသွားချင်တာတာပဲရှိပြီး ဝမ်းချုပ် တာကတော့ ဒီအတိုင်းပဲ။ ပြီးတော့ ကျွန်တော့် အောက်နှုတ်ခမ်းတွေဆို ကွဲနေ ခြောက်နေတာ များတယ်။ ရေသောက် များလည်း အတူတူပဲ။ ပြီးတော့ ခုစိတ်ညစ်နေတာက နှပ်ချေးခြောက် ထွက်တာများနေလို့။ ကျွန်တော့် ကြည့်လိုက်ရင် နာခေါင်းနှိုက်နေတာ များတယ်။ နာခေါင်းထဲမှာလဲ အလယ်က အရိုးပေါ်မှာ နှစ်ဘက်လုံး အနာလိုလို ဖြစ်တယ်။ ပျောက်လိုက် ဖြစ်လိုက်ပဲ။ ကျွန်တော့် ခုအလုပ်လုပ်နေရတာက စားသောက်ဆိုင်မှာ ချက်ရပြုတ်ရတာဆိုတော့ ခဏခဏ အပြောခံ ရတယ်။ နှာခေါင်းနှိုက်နေလို့ မနှိုက်ပဲ နေတာ့လဲ နှပ်ချေးခြောက်က ရှိနေတော့ ယားနေတာ့ နှိုက်မိနေတယ်။ အဲဒါ ဘယ်လို ကျင်ါကြံ နေထိုင်ရမယ် ဆိုတာနဲ့ ဘာဆေးတွေ သုံးရင် အဆင်ပြေပါမလဲ။ ခုက (့) မှာပါ။
ဝမ်းနဲ့ပတ်သက်တာ စာတပုဒ် ပို့လိုက်ပါတယ်။ လိုက်နာပါ။ Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃)။
ဗီတာမင် ဘီ အုပ်စုဆေးလဲ ပုံမှန် သောက်ပါ။ တခါသောက် ၁ ပြား၊ တနေ့ ၂ ခါ သောက်ပါ။ အစာထဲမှာ ဗီတာမင် စီ ပါမဲ့ စိုစိမ်းပြီး ချဉ်တာမျိုးလဲ စားပါ။
နှာခေါင်းထဲမှာ ဖုံ-အမှုံ ဝင်ရင် နှာခေါင်းထဲက ချွဲကျိကျိအရည်နဲ့ တွေရင် နှပ်ဆိုတာ ဖြစ်လာတယ်။ လေထဲမှာ မသန့်တာ များနေချိန်မှာ နှပ်ပိုများမယ်။ နှာခေါင်းကို ခဏခဏ နှိုက်ဖန်များရင် ထိခိုက်တာကြောင့် အနာဖြစ်မယ်။ တတ်နိုင်သလောက် ဆင်ခြင်ပါ။ ကြာရင် အကျင့်ဖြစ်လာလို့ သိပ်မလိုဘဲလဲ နှိုက်မိနေတာကို ပြင်ပါ။ ဖြစ်နိုင်ရင် နှာခေါင်းစည်း သုံးပါ။ ပတ်ဝန်းကျင် ပြင်ပါ။ တနေ့ ၃-၄ ခါ အချိန် လုပ်ထားပြီး လက်ဆေးခွကှ်ေရ့မှာ နှာခေါင်းထဲကို ရေနဲနဲ ရှူလိုက်ပြီး ခြောက်နတာတွေ စိုစေပြီးနောက် နှပ်ကုန်အောင် ညှစ်ထုတ်ပေးပါ။ အဲဒီအချိန်ဟာ ဘေးလူနဲ့ ဝေးနေတာ ဖြစ်ရင် ပိုကောင်းမယ်။ ဥပမာ ရေချိုးခန်းထဲ။ ကျန်တဲ့အချိန်မှာ ဆင်ခြင်ပါ။
Mon, Jan 9, 2012 at 6:37 PM
အရေးကြီးပါသဖြင့် အမြန်ပြန်လည်ဖြေကြားပေးပါခင်ဗျာ။ ကျွန်တော့် လိင်အင်္ဂါမှ ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေပြီး ဆီးသွားတိုင်း နာကျင် ခက်ခဲနေပါတယ်။ ဆေးဆိုင်မှာ ပြောပြီး ဝယ်သောက်သော်လည်း ဆေးလေးခွက်စာ ခန့်သောက်ပြီးသော်လည်း မထူးခြားပါ။ အဲဒီ မတိုင်ခင် ၃ ရက်ခန့်က ပျော်ပါးမိခဲ့ပါတယ်။ ဘာများဖြစ်နိုင်ပါသလဲခင်ဗျား။ ဘာဆေးသောက်ရမလည်း ပြီးတော့ သောက်ရမယ့် ဆေးအမည်ကို ရေးပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင် အခုဖြေ ကြားပေးပါခင်ဗျား။ ပြန်စာကို စောင့်နေပါ့မယ်။
• STDs/STIs General Recommendations လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ ဥပဒေသ
• Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် တွေကို ချက်ချင်းပို့လိုက်ပါတယ်။ ချက်ချင်းဆေးကုပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ Jan,2012(1) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




