အရေးပေါ်သုံး ကိုယ်ဝန်တားဆေးများအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာ ရောင်းချလာမှုနှင့်အတူ လူငယ်များ၏ လွဲမှားစွာ အသုံးပြုမှုကြောင့် ဆေးယဉ်ပါးမှုဖြစ်ကာ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှုနှုန်း မြင့်မားလာသည့်နည်းတူ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုနှုန်းမှာလည်း မြင့်မားလာသည်ဟု သားဖွား မီးယပ် အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
၎င်းက ကိုယ်ဝန်တားဆေး ဆိုသည်မှာ မိမိသဘောဖြင့် သောက်သုံးခြင်းသည် အလွန်အန္တရာယ်များပြီး သောက်သုံး သူသည် တားဆေးနှင့် မတည့်ပါက မလိုချင်ဘဲ ကိုယ်ဝန် ရရှိတတ်သည့်အပြင် ရောဂါအခံရှိပါက အသက်သေဆုံးနိုင် သည်အထိ အန္တရာယ် ကြီးမားကြောင်း၊ တားဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ပြီး သားသမီး မလို ချင်၍ သောက်သုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ကာ သောက် သုံးရန် လိုအပ်ကြောင်း၊ ပဋိသန္ဓေတားဆေးများကို သားဆက်ခြားလိုသည့်မိခင်လောင်း များ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါရှိသည့် အမျိုးသမီးများ၊ ကလေးရယူလိုခြင်း မရှိသေးသည့် အမျိုးသမီးများ အတွက်သာ ရည်ရွယ်၍ ဆေးဝါးကျွမ်းကျင်သူများက ထုတ်လုပ် ရောင်းချခြင်းဖြစ် သော်လည်း လူငယ်ထုအတွင်း အရေးပေါ်သုံးတားဆေးများအား လွဲမှားစွာအသုံးပြုနေခြင်းများကြောင့် ဆေးယဉ်ပါးကာ မလိုချင်ဘဲ ကိုယ်ဝန်ရ ရှိခြင်းနှင့် ကိုယ်ဝန် ရရှိလာသည့်အခါ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသည့် လူငယ်နှင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီး ဦးရေပိုများလာကြောင်း ဆိုသည်။
”အရေးပေါ်သုံးဆိုတဲ့အတိုင်း တကယ်အရေးပေါ်ဖြစ်နေတဲ့အချိန်မှ တစ်ခါတစ်ရံပဲ သုံးလို့ရတယ်ဆို တာကို လူငယ်တွေက နားလည် မှုနည်းနေတယ်။ လူငယ်တွေ တော် တော်များများမသိတဲ့အချက်က ဒီအရေးပေါ် သုံးတားဆေးမှာ Failere rate ဆိုတာရှိတယ်။ သူက ၁ဝ ခါ သုံးရင် တစ်ခါနှစ်ခါ လောက်မှာ ဆေးက မထိရောက် တတ်ဘူး။ အဲဒီအခါကျရင် မလိုချင်တဲ့ကလေး ရသွားတတ်တယ်။
ဒီဆေးတွေကို ယုံကြည်လို့မရဘူး။ ဒီဆေးတွေ ရှိ နေတာပဲဆိုပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေလို့ မရဘူး။ ဆရာ့ဆီကိုလာတဲ့ လူနာတစ်ယောက်ဆိုရင် ဒီဆေးတွေ သောက်ပေမယ့် ကလေး ရလာ တယ်။ ဆေးရဲ့အညွှန်း မှာကတော့ ရာနှုန်းပြည့် ကိုယ်ဝန် မရနိုင်ဘူးဆိုပြီး ရေးထားတယ်။
တကယ်ကတော့ ဒီဆေးတွေက ရာနှုန်း ပြည့် စိတ်မချရဘူး။ နောက်ပြီး တစ်လအတွင်းမှာ ဒီဆေးကို ခဏခဏ သောက်နေရင်လည်း ဆေးယဉ်ပါးပြီး တစ်ချိန်မဟုတ်တစ်ချိန်မှာ မလိုချင်ဘဲ ကလေးရမှာပဲ။ ဒီဆေးမျိုးက တစ်ခါတစ်ရံ အရမ်းအရေးပေါ် ဖြစ်နေတဲ့ အချိန်မှာပဲ သုံးရတာ။ ပုံမှန်သုံးရင် သေချာပေါက်ဆိုးကျိုး တွေရမှာပဲ။ တချို့လူငယ်တွေကျ တော့လည်း ဒီဆေးတွေ မကြာခဏ သောက်မိလို့ ဆေးယဉ်ပြီး ကိုယ်ဝန် ရလာတဲ့အခါ လူကြီးမိဘတွေ အသိမပေးဘဲ တိတ်တိတ်လေး တရားမဝင် ကိုယ်ဝန်ဖျက်ချလို့ သေသွား ရတာတွေလည်း အများ ကြီးရှိလာတယ်။ အများအားဖြင့် တော့ ဆယ်ကျော်သက်လူငယ် တွေပိုများတယ်။ နောက်ပြီး ဒီ ဆေးက ဘေးထွက် ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ရောဂါအခံရှိတဲ့ အမျိုးသမီးတွေဆို ရုတ်တရက် အသက် သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်တယ်။ ပုံမှန်တားဆေး တွေလည်း သူ့ဟာနဲ့သူ ဘေးထွက်ဆိုးကျိုးတွေရှိကြတာပဲလေ” ဟု ၄င်းက ထပ်လောင်းပြောသည်။
ထိုဆေးများမှာ တန်ဖိုးနည်းပြီး အလွယ်တကူဝယ်ယူ ရနိုင်သည့်အတွက် လူငယ်အများစုမှ လာရောက် ဝယ်ယူလေ့ရှိကြောင်း၊ ထိုဆေးမှာ လိင်ဆက် ဆံပြီး ၂၄ နာရီသို့မဟုတ် ၇၂ နာရီအတွင်း သောက်သုံး ပါက ကိုယ်ဝန်မရနိုင်ဟုသာ သိရှိကြပြီး ဆေးယဉ်ပါးမှုနှင့် ဆေးကြောင့်ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများ အကြောင်းကို ပြောပြလိုသော်လည်း အများစုမှာ လက်ခံနားထောင်လိုခြင်း မရှိကြောင်း ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။
သူရထွန်း (Popular News)
Myanmar News Now
ယမုန်နာဆေးခန်း - အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ




