23
Jul

အရေးပေါ်တားဆေး ဒုက္ခပေး

တချိန်က ပြောင်းလဲ-ဖြစ်စဉ်သစ် တခုလို့ ထောက်ခံအားပေးခဲ့တဲ့ အရေးပေါ်-ကိုယ်ဝန်တားဆေးဟာ ကြာတော့ ဒုက္ခတွေ ပေးလာတာ တွေ့လာနေရတယ်။ ဆေးဆိုင်-ကောင်တာမှာ အလွယ်ဝယ်လို့ရတဲ့ ဒီ အရေးပေါ်-တားဆေးဟာ ဘေးထွက်-ဆိုးကျိုးသာမက တကယ်တန်း ကိုယ်ဝန်ကို မတားတာတွေပါ ဖြစ်နေတာ သိလာရတာပါ။

ကျောင်းသူတွေ၊ လူငယ်တွေ အလျှံပယ် သုံးလာကြလို့ နယူးဒေလီ ကိုယ်ဝန်ဖျက်ပေးတဲ့ ဆေးခန်းတွေမှာ လူနာတွေ တိုးလာနေပါတယ်။

"အပြင်လူနာဌာန ဖွင့်တဲ့နေ့တိုင်း ကိုယ်ဝန် မလိုချင်လို့လာသူ အနည်းဆုံး နှစ်ယောက်တော့ ရှိတယ်။ တချို့က တားဆေးမသောက်လို့၊ တချို့က တားဆေး သောက်ပါရက်နဲ့ ကိုယ်ဝန်ရကြတာ ဖြစ်ပါတယ်။ ဆေးက ကိုယ်ဝန်ကိုမတားတာ ၁ဝ% ရှိတယ်လို့ ပြောရမှာဘဲ" လို့ Max Healthcare က သားဖွါး-မီးယပ် ဌာန ဒါရိုက်တာ ဒေါက်တာ အနုရာဒါ-ကပူးကနေ ပြောလိုက်တယ်။

ဆေးပေါ်ကာစမှာ Chill pill လို့ ဂုဏ်တင်ပြီး ခေါ်ကြတယ်။ ကျား-မ အတူနေကြပြီး ၇၂ နာရီအတွင်း ဒီဆေးသောက်လိုက်ရင် ကိုယ်ဝန်ရမှာကို တားဆီးနိုင်တာမို့ ဆေးလက်မှတ် ရေးပေးမဲ့ ဆရာဝန်တွေဆီမှာတန်းစီ နေကြတယ်။ နောက်တော့ အစိုးရကတွန်း၊ ဆေးကုပ္မဏီကပါ ကြော်ညာကောင်းတော့ ၂ဝဝ၂ ကစပြီး "သုံးကြပါ၊ သုံးကြပါ" နဲ့ ၂ဝဝ၅ မှာ ဆိုင်ပေါ်တင် ဝယ်ချင်သူ ဝယ်လို့ရတာမျိုး ဖြစ်လာတယ်။ ရောင်းအားလဲ ကောင်းလာတယ်။

သားဖွါး-မီးယပ် အထူးကုတွေကနေ အခုထောက်ပြလာကြတာက "လူငယ်တွေ တလွဲသုံးတာ များလာနေတယ်" လို့။ GenNext ကနေ "ဒီဆေးမျိုးဟာ အရေးပေါ်၊ ဒါမှမဟုတ် နောက်ဆုံးဆေးလို သုံးရမှာကို ထမင်း စားရေသောက်လို သုံးနေကြတယ်" လို့ ဆိုပါတယ်။

"ဆက်ကာ ဆက်ကာသုံးတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်း မတည်ငြိမ်တာတွေ ဖြစ်လာစေတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုလဲ ဖိတ်ခေါ်နေတယ်။ ဒီရောဂါတွေထဲမှာ စေသေလောက်တဲ့ HIV လဲ ပါတယ်။"

"အမှန်က ဒီလို အရေးပေါ်-တားဆေးဆိုတာ (ကွန်ဒွမ်) ပေါက်ပြဲသွားမျိုးလို အခြေအနေထူးတာ ဖြစ်မှသာ သုံးရတာဖြစ်တယ်။ တချို့ အတွဲတွေက တလထဲမှာ ၄-၅ ခါဆိုသလို သုံးနေတာ တွေ့ရတယ်။ သူတို့က ဆေး တိုင်းဟာ ရာနှုန်းပြည့် အာမခံတာမျိုး မရှိတာကို သတိ မထားမိကြဘူး ထင်တယ်။ တချို့ကလဲ ၇၂ နာရီဆိုတာကို ကျော်တတ်သေးတယ်" လို့ ဆရာဝန်ကဘဲ ဆက်ပြောပါတယ်။

သားဖွါး-မီးယပ်အထူးက Dr Aasha Sharma က "ကျောင်းသူလေးတွေပါ လာကြတယ်။ ရာသီမမှန်လို့၊ ကိုယ်ဝန်ရလို့။ တပါတ်လောက် ရှိနေတာဆိုရင်တော့ ဖျက်ဆေးဖြစ်ဖြစ်၊ စုပ်ထုတ်ပေးတာဖြစ်ဖြစ် လုပ်ပေးလိုက်ရ တာဘဲ" လို့ ပြောတယ်။

"တချို့ ကျွမ်းကျင်သူတွေ ဒီဆေးမျိုး အလွယ်ရောင်းတာကို တားသင့်တယ်လို့ ဆိုတယ်။ ဆေးထဲမှာ ဟော်မုန်းတွေ အများကြီးပါတာမို့ ဆရာဝန် လက်မှတ်နဲ့သာ ရောင်းသင့်တယ်" လို့ AIIMS community medicine ဌာနက Dr Bir Singh က ဆိုပါတယ်။

"ဒီဆေးမျိုး တလွဲသုံးနေကြတာ စိုးရိမ်စရာ ကောင်းပါတယ်။ သြဂုတ် ၉ ရက်နေ့မှာ Population Council အစည်းအဝေးကြ ဒီအရေး ဆွေးနွေးဘို့ရှိတယ်" လို့ AIIMS က သားဖွါး-မီးယပ်ဌာန အကြီးအကဲ Dr Suneeta Mittal က ပြောလိုက်တယ်။

ဒါ့ကြောင့် အရေးပေါ်တားဆေး မသောက်ခင် နှစ်ခါပြန် စဉ်းစားပါလေ။

၁၈ နှစ်ပြည့်မှ ဖတ်ပါ - အရေးပေါ်တားဆေး ဒုက္ခပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top