6
Mar

အရေးပေါ်သန္ဓေတားဆေး မကြာခဏသုံးစွဲပါက ထိရောက်မှု မရှိဟုဆို

အရေးပေါ် သန္ဓေတား ဆေးကို မကြာခဏ အသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန် ကြီး ဒေါက်တာစိုးလွင်ကပြောသည်။

“အရေးပေါ် သန္ဓေတား ဆေးဆိုတာ အရေးပေါ်အတွက် သာ အသုံးပြုရမယ် ၊မကြာခဏအသုံးပြုနေရင် သန္ဓေတားခြင်းကိုထိရောက်စွာ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး၊ အခုမလိုချင်ပဲ ကိုယ်ဝန်ရကြလို့လာလာပြ တဲ့အထဲမှာ မေးကြည့်တော့ အရေးပေါ် သန္ဓေတား ဆေးတွေ မကြာခဏသုံးလို့ ရသွားကြတာများတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် “သူကဟော်မုန်းဆေးဆိုတော့ အထဲက ဟော်မုန်းဖြစ်စဉ်တွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်၊ အမျိုးသမီးတွေဆို ခဏခဏသောက်ရင် ရာသီမမှန်တာတွေ ရာသီနောက်ကျတာတွေဖြစ်တတ်တယ်” ဟု ဒေါက်တာစိုးလွင်က အကျိုးဆက်များကို ရှင်းလင်းပြောပြသည်။

အရေးပေါ်သန္ဓေတားဆေးကို မကြာခဏအသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်ပေးနိုင်သည့် အပြင် အမျိုးသမီးများဧ။် ဓမ္မတာ လာသည့်လုပ်ငန်းစဉ်အချို့ကိုပါ ထိခိုက်နိုင်သည်ဟု ဒေါက်တာ စိုးလွင်ကပြောပါသည်။

ယခုနောက်ပိုင်း လူငယ်များအကြား လက်မထပ်မီ အတူနေထိုင်ခြင်း များပြားလာကာ အဆိုပါစုံတွဲများသည် အရေးပေါ်သန္ဓေတားဆေးကို မကြာခဏ လာရောက်ဝယ်ယူကြသည်ဟု  ဒဂုံမြို့သစ်မှ ဆေးအရောင်းဆိုင် တဆိုင်က ပြောသည်။

“အမတို့ဆိုင်ဆို အရေးပေါ် သန္ဓေတားဆေး ဖောက်သည်တွေတောင်ရှိတယ် ၊တချို့ဆို တလ နှစ်ခါသုံးခါ လာဝယ်ကြတယ် ၊များသောအားဖြင့် လက်မထပ်ရသေးတဲ့စုံတွဲတွေ၊ ကောင်လေး၊ ကောင်မလေးတွေ လာဝယ်ကြတာများတယ်” ဟု ၎င်းကပြောသည်။

ကိုယ်တိုင် သုံးစွဲဖူးသူ တဦးဖြစ်သည့် သင်္ကန်းကျွန်းတွင် နေထိုင်သူ မနွယ်နွယ် (အမည်လွှဲ) က “ကျွန်မတော့တခါပဲသုံးဖူးတယ် ၊ သူကသုံးပြီးတော့ ဓမ္မတာ လာရော ၊တခါပဲသုံးဖူးတော့ ဘာမှဘေးထွက် ဆိုးကျိုး မရှိဘူးပေါ့၊ ခဏခဏတော့မသုံးရဲဘူး” ဟု ပြောသည်။

ဆေးဈေးကွက်ထဲတွင် အရေးပေါ် သန္ဓေတား ဆေးအမျိုးမျိုးရှိပြီး အသုံးများသည့် ဆေးအမျိုးအစားမှာ ECee 2,Pill 72 အစရှိသည်ဖြင့် ဈေးကွက်တွင် အရောင်းတွင်ကျယ်နေသည့် ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ အ၀င်များသည်ဟု ဆေးရောင်းသူများကပြောသည်။

ယင်းဆေးမှာ နှစ်လုံးပါရှိပြီး အတူနေပြီး ၃၆ နာရီအတွင်း၊၇၂ နာရီအတွင်းသောက်ရသည့်ဆေးဖြစ်၍ ဈေးနှုန်းမှာ ရောင်းချသည့်ဆိုင် အပေါ်မူတည်၍ ကျပ် ၆၀၀ နှင့် ၁၀၀၀ ကြားတွင်ရှိသည်ဟု သိရသည်။ ယင်းဆေး ကို ဆေးဆိုင်တိုင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သောကြောင့် လူငယ်များ အသုံးများလာခြင်းဖြစ်သည်။

လက်မထပ်ရသေးသည့် လူငယ်များအနေဖြင့် လိင်ဆက်ဆံသည့်အခါ ဖြစ်ပေါ်လာသည့် အန္တရာယ်များမှာ မလိုလားအပ်သည့် ကိုယ်ဝန် ရရှိစေသည့်အပြင် လိင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါ အန္တရာယ်များလည်း ရှိနိုင်သည်။ လက်မထပ်သေးသည့် လူငယ်များအနေဖြင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်နိုင်ရန် စောင့်စည်းမှုများ ထားသင့်သည်ဟု ဒေါက်တာစိုးလွင်က အကြံပြုပြောဆိုသည်။

ရန်ကုန်၊ မတ် ၆ ရက်၊ ၂၀၁၂ (YPI)

သစ်ထူးလွင် - အရေးပေါ်သန္ဓေတားဆေး မကြာခဏသုံးစွဲပါက ထိရောက်မှု မရှိဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top