အရေးပေါ်
သန္ဓေတားဆေးများကို တစ်လလျှင်နှစ်ကြိမ်ထက် ပိုသုံးပါက အန္တရာယ်ရှိနိုင်ကြောင်း၊ ဆေးများတွင်
အမျိုးသမီးဟော်မုန်းဓာတ် လွန်ကဲစွာပါဝင်ပြီး၊ ဆေးများတွင်ပါဝင်သော ဟော်မုန်းဓာတ်သည်
နေ့စဉ်သုံး သန္ဓေတား ဆေးတစ်လုံးထက် ငါးဆပါဝင်ကာ၊ ထိုဆေးသည် သန္ဓေတားဆီးမှုကို ရာခိုင်နှုန်းပြည့်
ကာကွယ်မပေးနိုင်ကြောင်း သိရသည်။
“အမျိုးသမီးတွေအနေနဲ့
အရေးပေါ် သန္ဓေတားဆေးတွေကို တစ်လကို နှစ်ကြိမ်ထက် ပိုမသုံးသင့်ဘူး။ ခဏခဏ ဆေးသုံးနေရင်
ဆေးကယဉ်သွားပြီး ကိုယ်ဝန်ရနိုင်တယ်။ ဆေးသောက်ပြီး ခဏအကြာ ပျို့အန်မယ်ဆိုရင်လည်း သွေးထဲကိုဆေးမရောက်တဲ့အတွက်
ကိုယ်ဝန်ရှိသွားနိုင်တာပဲ။ ဒီဆေးတွေက ကိုယ်ဝန်မရှိအောင် ၁၀ဝ ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်ဘူး။
ဆေးတွေကို အခုနောက်ပိုင်း ငါးနှစ်အတွင်းမှာ တော်တော်လေးသုံးလာကြတယ်။ ဆေးသုံးစွဲနေတဲ့
၂၀ဝန်းကျင် ကောင်မလေး တွေက နောင် ၁၀နှစ် ၁၅နှစ်လောက်မှာ အမျိုးသမီးတွေဖြစ်တဲ့ ရင်သားကင်ဆာတို့၊
သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်တယ်။ ဆေးသောက်ပြီးတဲ့ လတ်တလောအချိန်မှာတော့
သွေးတွေ အရမ်းဆင်းမယ်၊ ဓမ္မတာလာချိန်မမှန်ဘဲ နောက်ကျမှလာတာတို့၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊
ဖျားနာတာတွေကိုတော့ ချက်ချင်းခံစားရမယ်” ဟု ဒေါက်တာမီမီကိုက ပြောသည်။
ယင်းဆေးများကို
လွန်ခဲ့သော ၁၅ နှစ်ခန့် လောက်ကတည်းက တင်သွင်းခွင့်ပြုထားကြောင်း၊ မမျှော်လင့်ဘဲ လိင်မှုဆိုင်ရာအကြမ်းဖက်မှုများကို
ခံစားရသော အမျိုးသမီးများအား ကိုယ်ဝန်မရရှိရန် အရေးပေါ်တားဆေးအဖြစ် ရည်ရွယ် ထုတ်လုပ်ခွင့်ပြုခဲ့သည်ဟု
ဆိုသည်။ မြန်မာ့ယဉ်ကျေးမှု နှင့်အညီ မြန်မာအမျိုးသမီးများသည် မိမိကိုယ်ကို တန်ဖိုးရှိစွာ
နေထိုင်သူများဖြစ်၍ ထိုအရေးပေါ် သန္ဓေတားဆေးများကို တစ်လွဲအသုံးမပြုသင့်ကြောင်း ဒေါက်တာမီမီကိုက
ဆက်လက် ပြောပြသည်။
Ecovisionjournal
- အရေးပေါ်သန္ဓေတားဆေးများ တစ်လကို နှစ်ကြိမ်ထက်ပိုမိုသုံးစွဲပါက အန္တရာယ်ရှိနိုင်




