9
Aug

အရေးပေါ် သွေးလိုအပ်သော လူနာများ HIV Free Blood Pool အဖွဲ့နှင့် ဆက်သွယ်ပါ



မြန်မာနိုင်ငံ
ဆရာဝန်အသင်း လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်မှ ‘ပျော်ရွှင်တက်ကြွ ဆယ်ကျော်သက် ဘဝ’ အခြေခံသင်တန်း
ဆင်းပြီးသော လူငယ်များစုစည်းကာ ‘HIV 
Free  Blood  Pool’ အဖွဲ့ကို ဖွဲ့စည်း၍ အရေးပေါ် သွေးလိုအပ်သည့်
လူနာများကို သွေးလှူဒါန်းခြင်းများ ပြုလုပ်ပေး နေကြောင်း သိရသည်။

၂ဝဝ၅ ခုနှစ်မှ စ၍
UNFPA ၏ စီမံချက် တစ်ခုအဖြစ် မြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှ ဦးဆောင်၍ နှစ်စဉ် ပြုလုပ်ခဲ့သော
လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်၏ သင်တန်း အဆင့်ဆင့် တက်ရောက် ခဲ့ပြီး သူများထဲမှ အဆိုပါ အစီအစဉ်တွင်
သင်တန်း နည်းပြများ အဖြစ် ပြန်လည် လုပ်ကိုင် နေကြသော လူငယ်များ ကိုယ်တိုင် ၂ဝဝ၈ ခုနှစ်မှ
စကာ ဖွဲ့စည်း လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။ ”အရင်တုန်းကတည်းက လှူဒါန်း ထာရှိခဲ့ပါတယ်။
တစ်ဦးချင်းပေါ့။ အဖွဲ့လိုက် မဟုတ်ဘဲနဲ့ တစ်နှစ်မှာ နှစ်ကြိမ် သုံးကြိမ် လှူခဲ့ကြတယ်။


နာဂစ်ကာလမှာ စုပေါင်း လှူဒါန်းခဲ့တာကစပြီး အဖွဲ့ဖွဲ့ဖြစ်ခဲ့တယ်” ဟု အဆိုပါ လူငယ်ဖွံ့ဖြိုးမှု
အစီအစဉ်တွင် တက်ရောက်ခဲ့ပြီး ယခုအခါ Supervisor အဖြစ်  ပြန်လည် ဆောင်ရွက် နေသူ အသက် ၂၅ နှစ်ရှိ  ဒေါက်တာ စည်သူဆွေက ပြောသည်။ အဆိုပါ အဖွဲ့အနေဖြင့်
မူလက ၄င်းတို့ထံ အကူအညီ တောင်းခံသော လူနာများအား လိုအပ်သလို လှူဒါန်း ပေးခဲ့သော်လည်း
၂ဝဝ၉ မှ စကာ အရေးပေါ်သွင်းရန် လိုအပ်သော သွေးကိုသာ လှူဒါန်းရန် သတ်မှတ် ခဲ့ကြောင်း၊
မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် လူနာနှင့် သက်ဆိုင်သူ ကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့်
ဖြစ်စေ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး ငွေကြေး တစ်စုံ
တစ်ရာ ပေးရန် မလိုကြောင်း သိရသည်။ ”ခုချိန်ထိတော့ အဖွဲ့ဝင် ၂၂ဝ ရှိပါတယ်။

နောက်ထပ်
ဝင်ချင်တဲ့ လူငယ်တွေကိုလည်း ဒီက ပထမ အဆင့် အခြေခံသင်တန်း၊ နောက်ဆုံး နေ့တွေမှာ မေးပြီး
စာရင်းကောက် ပါတယ်။ အဓိက က အသက် ၁၈ နှစ် ပြည့်ပြီး ကျန်းမာရမယ်။ HIV ကင်းစင် ကြောင်းကို  ကိုယ်တိုင် အာမခံ တာဝန်ယူနိုင်ရမယ်။ ဒါမှ လက်ခံ
ပေးပါတယ်။ ခုဆို ကျွန်တော်တို့ အဖွဲ့ရဲ့ ဖုန်းနံပါတ်တွေ ဆေးရုံ အတော်များများမှာ ရှိပါတယ်။
ဘယ်ဆေးရုံကပဲ ဖြစ်ဖြစ် တကယ့် အရေးပေါ် သွေးလိုတဲ့အခါ ဆက်သွယ်နိုင်ပါတယ်။

ဒီမှာက အဖွဲ့ဝင်တွေကို
မှတ်တမ်းထားပြီး သွေးအုပ်စု အလိုက်ရော၊ လှူဒါန်းခဲ့တဲ့ အချိန်ကိုပါ လုပ်ထားတဲ့အတွက်
လိုအပ်လာရင် ချက်ချင်း ဆောင်ရွက် ပေးနိုင်ပါတယ်” ဟု ၄င်းက ဆိုသည်။

အောင်ခွန်းဆက်

Aug 6th, 2010

Popular News -
အရေးပေါ် သွေးလိုအပ်သော လူနာများ HIV Free Blood Pool အဖွဲ့နှင့် ဆက်သွယ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top