သူများယဉ်ကျေးမှု အတွန်းအတိုက် အဖိအဖေါ့တွေကြားမှာ ကိုယ့်ကိုယ်ကို အတော် လိုက်နိုင်မယ်။ လိုက်ရွှေ့နိုင်မယ်။ သူတို့ဆီက လေစိမ်းတွေလောက်တော့ အပျော့ ဆိုပြီး ထင်ခဲ့တာ။ ရုပ်သံလွှင့် အစီအစဉ်တခုက အမေနဲ့သမီး အတူတူ အင်တာဗျူးတာကိုကြည့်မိပြီး ကိုယ်ဖျားသွားတယ်။ ဆယ်ကျော်သက် လူငယ်တွေအတွက် သီးသီးသန့်သန့် ဖွင့်ပေးတဲ့ ဒီနေ့ခေတ် လူငယ်ဆေးခန်းတွေ အရေးပါတဲ့အကြောင်း ရုပ်သံဆွေးနွေးခန်း တခုမှာ အမေလုပ်သူနဲ့ သူ့သမီး ၁၈ နှစ်အရွယ်လောက် ဆွေးနွေးကြတာကို နားထောင်မိလို့...
"အမလေး …ခုမှ ကျမသမီးလေး အဆင်ပြေသွားတော့တယ်။ အရင်ဆို သမီးကိုယ်ဝန်... ကျမ လိုက်ဖျက်ဖျက်ပေးရတာ အရမ်း စိတ်ညစ်မှညစ်။ သမီးလေးလည်း ဒုက္ခ ခဏခဏရောက်လှတယ်…"
ဒါကို အမေကလည်း ရီရီမောမော ပေါ့ပေါ့ပါးပါး။ သမီးကလည်း အေးအေးဆေးဆေး။
ဒီလို တသီးတသန့်ဆေးခန်းတွေ ပေါ်လာတာ သိတ်ကောင်းကြောင်း၊ လူငယ်တွေ အတွက် အဆင်ပြေ အကျိုးရှိကြောင်း သမီးနဲ့ အတူတူ အင်တာဗျူးထိုင်တာ။ သူတို့အသံသူတို့ဟန်က ကိုယ့်အရိုးထဲက အခံတွေကို ဒက်ဒက်ထိ လှီးဖြတ်။ အဲဒီမှာ အရှေ့တိုင်းသား လန်ကျသွားတယ်။ ကိုယ်အဆင်သင့် မဖြစ်သေးတာ အဲဒီမှာ အသိတခုရ။ ငါ့သွေးထဲ ဒီ အနေအထားလောက်အထိ လက်ခံနိုင်အား မရှိသေးပါလား။ဘွားကနဲ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိတယ်။
ပွင့်လင်းလိုက်ကြပါပေ့။ အမေကိုယ်တိုင် သမီးအတွက် ကိုယ်ဝန်လိုက်ဖျက်ပေးရတာ အကြိမ်ကြိမ်တဲ့။ ဒီဆေးခန်းတွေပေါ်လာမှ ဒုက္ခငြိမ်းရဆိုပါလား။ သမီးကလည်း သူတို့လို လူငယ်တွေ အချိန်မရွေး ၀င်နိုင်တဲ့ ဒီဆေးခန်းတွေကြောင့် သူ့မှာ ကိုယ်ဝန်ဖျက်စရာ မလိုတော့တဲ့ အကြောင်း။ အဆင်ပြေ အကျိုးရှိကြောင်း။
တသက်လုံး ကိုယ်သိထား လက်ခံထားတဲ့ မိန်းမ အိနြေ္ဒတို့ အပျိုစင် အယူအဆတို့။ အရှက်နဲ့ လူလုပ်တဲ့ကိစ္စ။ အမေနဲ့ သမီးကြား ဆက်ဆံရေး။ ကျားမ လိင်ဆက်ဆံမှု အကန့်အသတ်တွေ တန်ဖိုး ဖြတ်မှုတွေ။ တဖြတ်ထဲနဲ့ အကုန် ခုတ်ထစ် လှီးထုတ်လိုက်တာ။ စိန်ခေါ်ခံလိုက်ရတာ။
Youth Clinic ဆိုတာတွေကို ဒီနေ့ ဗြိတိန်နိုင်ငံ အနှံ့မှာ တွေ့နိုင်ပါတယ်။ လူငယ်တွေ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်အောင် တံခါးတွေ ဖွင့်ထားတယ်။ အသက် ၁၉ နှစ်အောက် လူငယ်တွေ။ တယောက်ထဲလား။ ဒါမှမဟုတ် စုံတွဲလား။ ဒါမှမဟုတ် မိဘ တယောက်ယောက်နဲ့လား။ ကြိုက်သလိုလား။ ၀န်ဆောင်မှုပေးတဲ့ အချိန်တွေ တိတိကျကျ သတ်မှတ်ပေးလို့။ တိုက်ရိုက် ၀င်ဆွေးနွေး တိုင်ပင်တာ၊ ကုသမှုခံယူတာတွေ လုပ်နိုင် ပါတယ်။
လိင်ဆက်ဆံရာကရတဲ့ ကလာမိုင်းဒီးယားလို အဖြစ်များ ကူးဆက်ရောဂါတွေကနေ ဂနို-ဆစ်ဖလစ်၊ လိင်အင်္ဂါစပ်ရေယုန်၊ လိင်အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေကနေ အိပ်ခ်ျအိုင်ဗီအထိ။ နောက် အသည်းရောင်အသားဝါ၊ ဘီပိုး ကာကွယ်ဆေး ထိုးမလား ။ သန္ဓေတားနည်းတွေက မျိုးစုံ။ ကွန်ဒုံတွေ အလကား။ တခါ ပုံမှန်စားဆေး၊ ထိုးဆေးတွေမလို။ တက္ကသိုလ်-ကောလိပ် ကျောင်းသူတွေကြား ၃ နှစ်ခံဆိုပြီး ခေတ်စားတဲ့ Contraceptive Implant ။ အဲဒါက ကျွမ်းကျင်ဆရာဝန်၊ ဒါမှမဟုတ် ဆေးဝန်ထမ်းက လက်မောင်း အရေပြားအောက်ထဲမှာ သွင်းပေးတာ။ ၄ စင်တီမီတာလောက် ရှိတဲ့ ကျု့လေး၊ ဆေးအပ်သွင်းတာလို့၊ မြန်မာမှု ပြုကြတယ်။ သူက ပရိုဂျက် စထုန်းဆိုတဲ့ မဟော်မုန်းတမျိုးကို ၃ နှစ်လောက် တတိတိ ထုတ်ပေးတယ်။ ရာသီတော့ လာမယ်။ ဒါပေမယ့် မမျိုး ဥမကြွေ။ ၉၉ ရာနှုန်း ကျော်အောင် စိတ်ချရသတဲ့။
အကာအကွယ် မယူပဲ လိင်ဆက်ဆံမိခဲ့လည်း ကိုယ်ဝန်မရအောင် ၂၄ နာရီ အတွင်း သောက်တဲ့ အရေးပေါ် ဆေးဆိုတာ ရှိသေးတယ်။ morning after pill ဆိုတဲ့ နံမည် ဆန်းဆန်းနဲ့ဆေး ရမယ်။
ကိုယ်ဝန် ရှိမရှိ စစ်ပေးတယ်။ မတော်တဆ ကိုယ်ဝန်ရသွားလည်း မပူနဲ့။ ကိုယ်ဝန် ဖျက်ပေးတယ်။ အင်္ဂလန်၊ ဝေလနယ်နဲ့ စကော့တလန်နယ်တွေမှာက ၂၄ ပတ်သား ကိုယ်ဝန်အထိ တရားဝင် ဖျက်ခွင့် ရှိတယ်။တချို့ ကတော့ ၁၆ ပတ် ၂၀ ပတ် အထိပဲ ဖျက်ခွင့်ပေးဘို့ ဥပဒေပြင်ဘို့ ကြိုးစားတယ်။ ခုထိတော့ မအောင်မြင်သေးဘူး။ ၂၄ ပတ်ထက်ပိုတဲ့ ကိုယ်ဝန်တောင် ခိုင်လုံတဲ့ အကြောင်းရှိရင် (ဥပမာ မိခင်က နှလုံးရောဂါနဲ့ ကလေးမွေးဘို့ မလွယ်တာ။ စိတ်ရောဂါ ရှိနေတာ။ အလိုမတူပဲ ကာမ ရယူလို့ ဖြစ်လာတဲ့ ကိုယ်ဝန်။ သန္ဓေသားက သိတ်အခြေအနေ ဆိုးတဲ့ ချို့ယွင်းချက်ဖြစ်နေတဲ့ ကိုယ်ဝန်၊ ဒါမျိုးတွေဆို) ကိုယ်ဝန် ဖျက်ခွင့်ပြုပါတယ်။ ဖျက်ဘို့တော့ ဆရာဝန်၂ ဦး ထောက်ခံချက် လိုတယ်။ ၂၄ ပတ်ကျော်မှ အကြောင်းမဲ့ ကိုယ်ဝန်ဖျက်မိရင်တော့ လူသတ်မှုပေါ့။ ထောင်ကြီးကြီး တကယ်ကျတယ်။
ရိုမန် ကက်သလစ် ဘာသာဝင်တွေများတဲ့ မြောက်အိုင်ယာလန် နယ်မှာတော့ ဘာသာရေး အရခွင့်မပြု။ ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေမရှိ။ ဒါကြောင့် တချို့ အင်္ဂလန်မှာ လာဖျက်ကြတယ်။
ကောလိပ်မှာ ပညာရတဲ့ ကျွန်တော်
ဒီရောက်ခါစ ကိုယ် အလုပ်ပြီးချိန် Sheffield College မှာ ညနေအချိန်ပိုင်း ၃ နာရီလောက် ကိုယ်သင်ချင်တာလေးတွေ ၃ နှစ်လောက် သွားတက်ဖူးတယ်။ တညနေ ကျောင်းဆင်ဝင်ခန်းမထဲ ၀င်လိုက်တော့ ၂ ယောက်အိပ် ကုတင်ကြီး တလုံး သေချာပြင်ထားတာ သွားတွေ့တယ်။ ကျောင်းခန်းမ အ၀င်ဝမှာ ဘာများပါလိမ့်ပေါ့။ ကွန်ဒုံတွေလည်း အစီအရီ ချိတ်လို့။ စားပွဲတွေပေါ်မှာက လက်ကမ်းစာစောင်တွေ အထပ်လိုက်။ နဲနဲ စပ်စပ်စုစု လုပ်မှ ကျောင်းမှာ ဒီနေ့ ကောလိပ်ကျောင်းသူ ကျောင်းသားတွေ အတွက် အကာအကွယ်ယူ လိင်ဆက်ဆံခြင်း အကြောင်း ပညာပေးလှုံ့ဆော် ကင်ပိန်းလုပ်တာတဲ့။ လူငယ်တွေ သတိထားမိအောင် ပြတဲ့ ပါဖေါမင့် အခင်းအကျင်းမှာ ကျွန်တော် မျက်လုံးလည်းပြူးရ။ အသိတရားလည်းရ။ ပညာကို ဒီလိုပေးလို့ ရပါလား။
နောက်ဆက်တွဲ အနေဖြင့် ဆက်လက်ဖော်ပြပေးသွားပါမည်...
Khun Saing's Facebook - အရှေ့ကိုလျှောက်ပါလို့……အနောက်ကိုတဲ့.…မျှော်လိုက်ရင် ( ၁၀ )




