31
Oct

အရှေ့ကိုလျှောက်ပါလို့.. အနောက်ကိုတဲ့.. မျှော်လိုက်ရင် (၁၀) - နောက်ဆက်တွဲ

ရှုမြင်ပုံကွာ၊ ခံစားချက်ကွာ၊ ချဉ်းကပ်ပုံကွာ

ဒီမှာ သားသမီး ၁၆ နှစ်ပြည့်ရင် ညဘက် အပြင်ထွက်ခွင့် မိဘတွေက ပြုတယ်။ ဘွိင်းဖရင်း (Boy Friend)၊ (Girl Friend) ဂါးဖရင်း ဆိုတာ ဒီရောက်မှ ကိုယ်တွေက ကြားဖူး။ အဓိပ္ပါယ် အတိမ်အနက်ကို ဖြေးဖြေးချင်း ရှာဖွေနေရတာ။ သူတို့က အရွယ်ရောက်တာနဲ့ ရှိနေပြီ။ သူ့အဓိပ္ပါယ်က ရိုးရိုး သူငယ်ချင်းထက်တော့ ပိုတယ်။ အရွယ်ဝင်စမှာ အထူးသီးသန့် တွဲသွားတွဲလာ အဖေါ်။ အရွယ်ရောက်လို့ နှစ်ဦးသဘောတူရင် အတူတူ အိပ်လို့ရတယ်။  အသက်အတော်ကြီးတဲ့ အထိ တအိုးတအိမ် မဟုတ်ပေမယ့် အတူတူအိပ်။ အိမ်ထောင်ပြုဘို့ ရည်ရွယ်ချက်အထိ ထားချင်လည်းထား။ အဲဒီအထိ မရည်ရွယ်လည်း ကိစ္စမရှိ။ တယောက်ကို တယောက် ပြသနာ မလုပ်။ ကောင်မလေးကလည်း တသက်လုံးအတွက် အကဲခတ် နေတာဖြစ်နိုင်သလို အပျော်သဘောလည်း ဖြစ်နိုင်။ ကောင်လေးကလဲ အပျော်ကြံနိုင်။ အကဲစမ်းနိုင်။ တကယ် တသက်လုံးပေါင်းလို့ ရပြီလို့ (ထင်ကြရင်) အမျိုးသားက လက်ထပ်ခွင့် တောင်းမယ်။ လက်စွပ် ၀ယ်ပေးမယ်။ ကံကောင်းရင် အမျိုးသမီးက ခေါင်းငြိမ့်မယ်။ ဒါမှမဟုတ် ဒီလိုပဲနေချင်တယ်လို့ အမျိုးသမီးက ဆိုရင် ဆက်ကြိုးစားပေါ့။ တယောက်နဲ့ တယောက်ကြားမှာ ကျောရရုံကြံတယ်လို့ စွပ်စွဲတာမရှိ။ သာတာနာတာ မရှိ။ နစ်နာတာ မရှိ။ ပန်းကောင်းအညွန့်ကျိုး မရှိ။ ပန်းဦးပန်သူ မရှိ။ ညည်းငွေ့ရင် လမ်းခွဲ။

တချို့ ကောင်မလေးက ယောကျာ်းလေးဖေါ် တယောက်ထက်မကထားလို့ ဆိုပြီး ကောင်လေးကသူ့ ပြိုင်ဖက်တွေကို သွားရန်မရှာ။ လွတ်လပ်စွာပြိုင်။ ကောင်မလေးကို မျက်နှာများတယ်မပြော။ အထင်သေးတာတွေ မလုပ်။ အထင်တောင်ကြီးနေသေးတယ်။ ကိုယ်က ပြိုင်ဖက်ထက်သာအောင် ကြိုးစားပေါ့။ တခါကောင်လေးဖက်လည်း မိန်းခလေးဖေါ် တယောက်မက ထားလို့ ဆိုပြီး ကောင်မလေးကလည်း တော်ရုံ အသဲမကွဲ။ သူ့လမ်းမဆုံး။ သူ့အရပ် သူ့ဇာတ်။ ဟုတ်တော့ဟုတ်တယ်။

ဥရောပ အပျိုစင်

အရွယ်ရောက်တာနဲ့ လူငယ်တွေဟာ (Boy Friend)၊ (Girl Friend) ထားရင်း လိင်ကိစ္စ အတွေ့အကြုံ ရကြတာများတယ်။ ကျွန်တော့် အလုပ်ထဲမှာ ဥရောပ သူတွေ အတော်များများ အိမ်ထောင်ပြုတာ မဟုတ်ပဲ အိပ်ဖေါ် သူငယ်ချင်းထားတာ တွေ့ရပြီး၊ ဒါကို အထူးအဆန်း လုပ်မနေဘို့ဆိုတဲ့ အသိ၊ မကြာခင် ကျွန်တော်ရခဲ့ပါတယ်။ တလောကတင် ကျွန်တော် မိတ်ဆွေလင်မယားက သူတို့ မြေးရပြီဖြစ်ကြောင်း ၀မ်းသာအားရ ကျွန်တော့် ကို ပြောတယ်။ သူတို့သမီးမှာ ဘွိုင်းဖရင်းရှိတယ်။  အဲဒါနဲ့ ကလေးရတာ။

မင်္ဂလာ မဆောင်ရသေးဘူး။ ဒါမျက်နှာ ပူစရာ မဟုတ်ဘူး။ ဒီမှာ မင်္ဂလာဆောင်တာ အိမ်ထောင်ပြုတာ တော်တော် ပိုက်ဆံထောဘို့လိုတယ်။ ပိုက်ဆံပြည့်စုံမှ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနိုင်တာမို့ တခါတလေ ကလေး ၂ ယောက်လောက်ရမှ မင်္ဂလာဆောင်နိုင်ကြ မိတ်ဆွေတွေဖိတ် ဧည့်ခံကျွေးမွေးကြ။ တကယ် အိမ်ထောင်ပြုဖြစ် ကြတာလည်း မရှား။ ဒါအထူးအဆန်း တခုမဟုတ်။ တခါဆို နာမည်ကြီး ဆဲလ်လီဘရီတီ အမျိုးသမီး တယောက် သားအိမ်ကင်ဆာနဲ့ ဆုံးကာနီးမှ လက်ထပ်ပွဲကျင်းပတာ။ တနိုင်ငံလုံးက ၀ိုင်းသနားကြေကွဲလို့။  ခုဆို ဗြိတိန်မှာ လက်မထပ်ပဲ အတူနေ အတွဲပေါင်း ပိုများလာနေပြီး စာရင်းအရ ၂.၉သန်း ရှိနေတယ်လို့ သိရပါတယ်။

တချိန်ထဲမှာ Single Parent ၂ သန်းရှိနေပါပြီ။ ဆိုလိုချင်တာ အိမ်ထောင်စုပေါင်း ၂ သန်းမှာ အမေ သို့မဟုတ် အဖေမရှိပဲ မိဘတယောက်ထဲနဲ့ ဒီကလေးတွေ ကြီးပြင်းနေကြတဲ့ သဘော။ ဗြိတိန် ကလေး ဦးရေရဲ့ ၄ ပုံ တပုံကျော် (၂၆ ရာခိုင်နှုန်း) ဟာ မိခင် သို့မဟုတ် ဖခင်မရှိပဲ ကြီးပြင်းနေကြတယ်လို့ စာရင်းတွေက ပြောတယ်။

အဲဒီ Single Parent ၂ သန်းမှာ ၉၅ ရာခိုင်နှုန်းက အမေတွေတဲ့။ အခြေခံကတော့ living together အတူတူနေရင်း ကလေးရ။ ဒါပေမယ့် အိမ်ထောင်မပြု။ နောက်ပိုင်းသဘော မတိုက်ဆိုင်တဲ့ အခါ ခွဲခွါကြ။ ဒါမှ မဟုတ် ယောကျာ်းတွေက ပစ်သွားတဲ့ အခါ Single Mother တွေ ဖြစ်လာပါရော။

ဒီက မိန်းမတွေက ပြတ်တယ်။ ယောကျာ်းအားမကိုးဘူး။ အစိုးရအားကိုးတာ။  ကလေးရှိပြီး ယောကျာ်းမရှိလို့ သိတ်မပူ။ ဒီ အနေအထားဆို အစိုးရကသေချာ ထောက်ပန့်တယ်။ အမေတယောက်ထဲ ကလေးကို ထိန်းသိမ်းပြုစု ပျိုးထောင်တဲ့ အခါ အလုပ်ထွက်လုပ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝကို အစိုးရက ကောင်းကောင်းသိ၊ အလေးဂရု ထားတယ်။  ကလေး ၅ နှစ်သားလောက် အထိ အစိုးရက နေစားရိတ်၊ ကလေးစားရိတ်၊ မိခင် စားရိတ်တွေပေး၊ ထောက်ပန့်ထားလို့ ကလေးအမေတွေက စိတ်အေးလက်အေး ကလေးကို ပျိုးထောင်ချိန် ရပါတယ်။ ကလေး ၅ နှစ်ကျော် ကျောင်းပို့လို့ ရတဲ့ အရွယ်ရောက်မှ အမေတွေ အလုပ်ပြန်လုပ်ဖို့ အစိုးရက တိုက်တွန်းတတ်တယ်။ ဒါကိုယ့်ဆီက လိုက်လို့မမှီတဲ့ အစိုးရ လူမှုစောင့်ရှောက် လုပ်ငန်းစဉ် တခုပေါ့။

ဒီမှာက လူမှုပြသနာတွေကို  Gender equality နဲ့လည်း စဉ်းစားကြ၊ woman rights တွေနဲ့ ဆက်စပ်ချဉ်းကပ် ကြပါတယ်။ ကွင်းဆင်း သုတေသန ပြုချက်အရ လူငယ်တွေဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြားမှာ လိင်ဆက်ဆံမှု အတွေ့အကြုံ စတင်ရကြသတဲ့။ ရုပ်ဖြောင့်ဖြောင့် ပိုက်ဆံလည်းရှိ၊ နာမည်ကြီး ဆယ်လီဗရီတီ (Celebrity) တယောက်နဲ့ ကျမ အိပ်ဖူးပါတယ်လို့ သတင်းစာကနေ ထုတ်ကြွားတဲ့ အမျိုးသမီး ငယ်ငယ်ချောချောတွေ ဒီမှာတွေ့တော့ သူတို့ကိုယ် သူတို့ ယုံကြည်မှုကို ကျွန်တော် လက်ဖျားခါမိတယ်။

ကျား နဲ့ မ တယောက်ပြီး တယောက် ထည်လဲတွဲတာ။ (Partner)  ပါတနာ အနဲအများ ထားတာမှာတော့ ဗြိတိန်က ဥရောပနိုင်ငံတွေမှာ ဗိုလ်စွဲတယ်လို့ စာရင်းဇယားတွေက ပြောတယ်။ ဒါပေမယ့် အမေရိကားကို မမှီဘူးတဲ့။

လိင်ပညာပေးဘို့ လိုသလား

ကျွန်တော်တို့ တိုင်းပြည်မှာ လိင်ပညာပေးဖို့ လိုမလို စဉ်းစားတဲ့အခါ ကလေးမလေး တယောက်အကြောင်း ခေါင်းထဲ ပြန်ပေါ်ပေါ်လာတယ်။ ၁၉၉၈ တ၀ိုက်က ကျွန်တော် ဆေးခန်းတခုမှာ အလုပ်လုပ်နေတုန်း လူငယ် တစုံတွဲ ဆေးခန်းကို ရောက်လာပါတယ်။ ကလေးမလေးက အတော့်ကို ချောမောလှပပြီး အသက်က ၁၈ နှစ်တောင် မပြည့်သေးဘူး။ ဒါပေမယ့် သူ့ရောဂါ အခြေအနေက သိတ်ဆိုးတယ်။ အဖျားတွေ အကြီးအကျယ် တက်ပြီးမှ ရောက်လာတာ။ အဖျားကြီးမှာပေါ့။ ပုသိမ်အောက်ဖက်က တောနယ်တခုသွား၊ ကလေးဖျက်ချတာ သားအိမ်ကို ထိခိုက်ပြီး အဲဒီဒဏ်နဲ့ သားအိမ်ပုတ်နေတဲ့ အဆင့်၊ ဒီ သားအိမ်ကို ဖြတ်မထုတ်ပဲ သူ အသက်မရှင်ဘူး။ ခွဲစိတ် ဆရာဝန်နဲ့ မီးယပ်သားဖွား ဆရာဝန်တွေက သူ့အသက်ကို မနည်းကယ်ကြရတယ်။ ကလေးမလေး အသက်ရှင်သွားပေမယ့် သူ့မှာ သားအိမ်မရှိတော့ဘူး။ သူ့ဒီတသက် ကလေးမရနိုင်တော့ဘူး။အသက်ငယ်ငယ်လေးမှာ ဖြစ်တာဆိုတော့ အဲဒီအချက်က သူ့ဘ၀မှာ အကြီးအကျယ် ထိခိုက်နိုင်တယ်။ အတော် စိတ်ထိခိုက်စရာ ကောင်းတယ်။

အဲဒီအချိန် လှိုင်သာယာမှာ တာဝန်ကျနေတဲ့ တာဝန်ခံ ဆရာဝန်က ကျွန်တော်နဲ့ ကျောင်းနေဖက်။ သူ့ကို ကြုံလို့ မေးကြည့်တဲ့ အခါ မြို့နယ်ဆေးရုံကို ကလေးပျက်ကျလို့ ဆိုပြီး ဆေးရုံတက်လာတဲ့ လူနာ ဦးရေက လစဉ် ၂၅၀ လောက်ရှိနေသတဲ့။ သူ့အထင် ဆေးရုံကို မရောက်လာပဲ အပြင်မှာ တရားမ၀င် အရပ်လက်သယ်တွေနဲ့ ကလေးဖျက်ချနေတာ (ဒီ့ထက် ၅ ဆ မက) အဆမတန် များမယ်လို့ သူခန့်မှန်းတယ်တဲ့။

ကျွန်တော် သိသလောက် အစိုးရ ကျန်းမာရေး ဌါနက တောလက်သယ် အရပ်လက်သယ်တွေကို နယ်တကာအနှံ့ စနစ်တကျ စည်းရုံး၊ ၀မ်းဆွဲ ဆရာမ သင်တန်းတက်ခိုင်းတဲ့ ကိစ္စ လုပ်နေတာကြာပြီ။ သိတ်ကောင်းတဲ့ အစီအစဉ် တခုပါ။ ပိုစနစ်ကျ လာမယ်။ မိခင်ကလေး အသေအပျောက်လျော့ပါးမှာ အမှန်ပါ။

ခုလို ဒီဂျစ်တယ် နည်းပညာ ခေတ်ထဲမှာ ကျွန်တော်တို့ ဆီက လူတွေ အရွယ်မရွေး လိင်ပညာပေးဘို့ လိုမလား။ လိုရင် ဘယ်အရွယ်ကစပြီး ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ဘယ်လောက်အထိ ပေးသင့် သလဲဆိုတာ ဆွေးနွေးသင့်တယ် ထင်ပါတယ်။

ကျွန်တော် အယူအဆကတော့ ခုခေတ်မှာ လူငယ်တွေကို အသက်၊ အတန်း အပိုင်းအခြားအလိုက် ကျောင်းပညာရေးထဲ အခြေခံ ဆေးပညာပေး လိင်ပညာပေး သင်ခန်းစာတွေ သိသင့်သမျှ ဘာသာရပ်တခုမှာ တွဲဖက် သင်သင့်တယ်လို့ မြင်ပါတယ်။

ဥရောပက ကလေးတွေကတော့ မူလတန်းနဲ့ အလယ်တန်း လွန်မြောက်ပြီးတာနဲ့ ကျောင်းသူကော ကျောင်းသားပါ ကျားနဲ့မ ခန္ဓာဗေဒနဲ့ ဖွဲ့စည်းပုံနဲ့  ခြားနားချက်၊ အပျိုဖေါ်လူပျိုဖေါ် Puberty ကိစ္စက ဘယ်လို။ ကောင်လေးတွေ အသံသြလာ။ နုတ်ခမ်းမွှေး ရေးရေးထွက်လာ။ ကောင်မလေးတွေ ရင်သားများ စူလာ။ ရာသီသွေး စဆင်း စသဖြင့်။ ကျားဟော်မုန်း။ မဟော်မုန်းတွေကဘာ။ သန္ဓေ ဘယ်လိုဆောင်။ သန္ဓေဘယ်လိုတား။ ကိုယ်ဝန်ပျက်တာ ဘယ်လို။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံရေးက ဘယ်လို။ လိင်ဆက်ဆံရေးကလာတဲ့ ကူးစက်ရောဂါတွေ ဆိုတာက ဘာတွေလဲ၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်က ဘာ။ အကုန်သိကြပြီ။ ဒါတွေကို မသိသင့်တာ ဘာရှိသလဲ။ ဘာသာရေးအရ ထိခိုက်တာ ဘာရှိသလဲ။ ကျွန်တော်ကတော့ ဘာမှ မရှိဘူးထင်တယ်။

အိန္ဒိယ ကျားနဲ့ တရုပ်ကျား နှစ်ကောင်ကြားက ရိုးရာ အကိုင်ခံရတဲ့ မြန်မာ့ဓလေ့များ

ငယ်ငယ်တုန်းက သီချင်းတွေ စာပေတွေထဲ လင်ကိုဘုရား သားကို သခင်ဆိုတဲ့ အသုံးအနှုန်းတွေ၊ အိမ်ဦးနတ် အယူအဆတွေ တော်တော်များများ ဖတ်ခဲ့ရ ကြားရ။ ကိုယ်က ယောကျာ်းလေးဖြစ်နေတော့ သဘောကျ သလိုလို။ အိန္ဒိယ ရိုးရာမှာလည်း ယောကျာ်းကသာ ပိုတန်ဖိုးရှိ အရေးပါတယ်။ တရုတ်ကလည်း ယောကျာ်းလေးကမှ မျိုးဆက် မျိုးရိုးအမွေကို ထိမ်းတယ်။ ကျားအဓိက အယူရှိတဲ့ ဧရာမ တိုင်းပြည်ကြီး ၂ ခုကြားမှာ မြန်မာပြည်က အလိုလို ဖိုဝါဒ ပဓါနဖြစ်တာ မဆန်းပါဘူး။ မိန်းခလေးတွေက အလိုလိုအောက်ကြေး ရောက်သွားတယ်။

သမီးတကောင် နွားတထောင် ဆိုတဲ့စကား၊ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ဖြစ်အောင်ထားရမယ်။ အဖေတွေ အဖိုးတွေက ဒီလိုစကားတွေနဲ့ ကြပ်မတ်တယ်။ အဖွားတွေ အဒေါ်တွေက လင်ယူ မမှားစေနဲ့နော်။

လင်ကုန်ရှုံးတော့ တသက်လုံး မှောက်တယ်။ စာချိုးပြီး ခြိမ်းခြောက် ကြပြန်ရော။  မြန်မာ မိန်းခလေး ရိုးရာမှာ အလိုလို နာမ်နှိမ်ခံရပြီးသား။ မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရ ဆိုတော့ ခြေလှမ်းတောင် ရဲရဲလှမ်းဖို့ခက် လွတ်လွတ်လပ်လပ်နေမိတောင် နှံ့တယ်လို့ မိန်းမချင်း မေးငေါ့ခံရ။

"အကြွေပန်းရဲ့သဘော.... အနမ်းမခံဝံ့ တော့ပြီလား.... ဟောင်းတယ်လို့ စိတ်အားင်.... လေထဲပျံဝဲ.. မွှေးစေတဲ့ ရနံ့ဆိုတာ.... စိတ်နဲ့ ပိုသက်ဆိုင်တယ်.. ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်.."  ဆိုတဲ့ -သိတ်လှတဲ့ အဖွဲ့နဲ့ နူးညံ့တဲ့ သီချင်းလေး။

ဒီသီချင်းလေးကို တကယ်ကြိုက်မိဖူးတယ်။ တချိန်က။ ငဲ့ညှာတတ်တဲ့ အရင်းခံစိတ် စေတနာကို ကြိုက်တာ။ ခုငှဲ့ကြည့်တော့ ငါဒီလိုတွေးတာ မှန်ရဲ့လား။  မိန်းခလေး တယောက်မှာ ပြင်ဆင်ခွင့် မရှိဘူးလား။ တခါမှားတာနဲ့ လူညွန့်တုံးသင့်သလား ဆိုတဲ့ အယူအဆ ၀င်လာတယ်။ ကောင်မလေးတယောက် လင်ပစ်သွားတာနဲ့၊ လင်မယားကွဲတာနဲ့၊ တသက် လူတောမတိုးတော့ ဘူးလား။ တဘ၀လုံး အောက်စည်းက နေရတော့မှာလား။ ဒီလို ပြန်တွေးဖြစ်လာတယ်။

ခွန်ဆိုင်း  ( ၂၆-၁၀-၂၀၁၃ )

ခွန်ဆိုင်း - အရှေ့ကိုလျှောက်ပါလို့.. အနောက်ကိုတဲ့.. မျှော်လိုက်ရင် (၁၀) - နောက်ဆက်တွဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top