30
Jul

အသေးစား အောင်မြင်မှုများကြောင့် အေ့ဒ်စ်ရောဂါ ကုသရန် မျှော်လင့်ချက် ရှိလာကြောင်း ပညာရှင်များ သုံးသပ်

အိပ်ခ်ျအိုင်ဗွီပိုးကို ထိန်းချုပ်နိုင်ခြင်း၊ ပိုးကင်းစင်သွားခြင်းတို့ ဖြစ်ခဲ့သော လူအချို့နှင့် ပတ်သက်သော အသေးစားအောင်မြင်ခဲ့သည့် လေ့လာမှုများကြောင့် ဆယ်စုနှစ်သုံးစု ကြာမြင့်ပြီဖြစ်သည့် အေ့ဒ်စ်ရောဂါကို အမြစ်ဖြတ်နိုင် ရန် မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်ကြောင်း အမေရိကန်တွင် ကျင်းပနေသည့် အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ်ရောဂါကွန်ဖရင့်တွင် ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

လေ့လာမှုတစ်ခုတွင် ပြင်သစ်နိုင်ငံမှ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်မှာ ၁၀ ပတ် မပြည့်သေးသော လူ ၁၂ ဦးကို ရီထရိုဗိုင်းရပ်စ် သတ်ဆေးများပေးပြီး ကုသလေ့လာခဲ့ရာတွင် သုံးနှစ် နီးပါးကြာပြီးနောက် နောက်ထပ် ကုသရန် မလိုတော့ကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းလူနာများတွင် အိပ်ခ်ျအိုင်ဗွီလုံးဝ ကင်းစင်သွားခြင်း မဟုတ်သော်လည်း ၎င်းတို့၏ ဆဲလ်များအတွင်း အလွန်နိမ့်သော အဆင့်ဖြင့် ထိန်းထားနိုင်ပြီး ပိုးကြောင့် နာမကျန်း မဖြစ်စေရန်ပါ ထိန်းချုပ်နိုင်သည့် အဆင့်ကို ရောက်ရှိခဲ့သည်။

နောက်ထပ် ခြောက်နှစ်ကြာ စောင့်ကြည့်ကာလတွင်းလည်း နောက်ထပ်ကုသမှု လုံးဝ  မလိုအပ်တော့ကြောင်း တွေ့ရှိခဲ့ရသည်။ ပုံမှန်အားဖြင့်ဆိုပါက အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများမှာ ရီထရိုဗိုင်းရပ်စ်သတ်ဆေးများကို တစ်သက်တာ သောက်သုံးရလေ့ရှိသည်။ သို့ဖြစ်ရာ စောစီးစွာ ကုသနိုင်ခဲ့သည့် ယင်း ၁၂ ဦး၏ ခုခံအား စနစ်မှာ မည်သို့ ကောင်းမွန်သွားသည်ဆိုခြင်းကို ပညာရှင်များက ဆက်လက်လေ့လာနေသည်။

ဒုတိယလေ့လာမှုတွင်မူ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသားနှစ်ဦးမှာသွေးကင်ဆာကြောင့် သီးခြားစီအလှူရှင်ထံမှ ပင်မကလပ်စည်းသုံး အစားထိုးမှု ပြုလုပ်ပြီးနောက်ပိုးရှိသည့် လက္ခဏာ လုံးဝမတွေ့ရတော့ခြင်းကို တွေ့ရှိခဲ့ ရ သည်။ တစ်ဦးမှာ အစားထိုးမှုပြုလုပ်စဉ်တွင် ပိုးရှိသည်မှာ ရှစ်လ၊  အခြားတစ်ဦးမှာ ၁၇ လရှိနေပြီဖြစ်သည်။

ယင်းအမျိုးသားများကို ရီထရို ဗိုင်းရပ်စ်သတ်ဆေးသုံး ကုသမှုဆက်လုပ်ခဲ့ရာ အလှူရှင်ထံမှ ဆဲလ်များကို ကူးစက်ခြင်း မခံရစေရန် ဆေးက ကာကွယ်ပေးထားသောကြောင့်  ခုခံစွမ်းရည်သစ် ဖြစ်လာပြီး ပိုးကို တွန်းလှန်နိုင် ခဲ့ခြင်းဖြစ် သည်ဟု သုတေသနပညာရှင်များက ယူဆထားသည်။

'ဘာလင်လူနာ'ဟု ထင်ရှားသော ဂျာမနီနိုင်ငံ ဘာလင်တွင်နေထိုင်သည့် အမေရိကန်သူ တင်မိုသီဘရောင်း၏ အိပ်ခ်ျအိုင်ဗွီနှင့် လူကီးမီးယားသွေးကင်ဆာ ပျောက်ကင်းသွားမှု မှာလည်း ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး ဖွယ်ဖြစ်ခဲ့သည်။ ဘရောင်းသည် သဘာဝအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးကို ခုခံကာကွယ်နိုင်စွမ်းရှိသော အလှူရှင်တစ်ဦးထံမှ ရိုးတွင်းချဉ်ဆီ အစားထိုးမှုပြုခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ယင်းသို့ လုံးဝပျောက်ကင်း သွားခဲ့ခြင်း ဖြစ်သည်။

Eleven - အသေးစား အောင်မြင်မှုများကြောင့် အေ့ဒ်စ်ရောဂါ ကုသရန် မျှော်လင့်ချက် ရှိလာကြောင်း ပညာရှင်များ သုံးသပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top