မြန်မာနိုင်ငံ
ကြက်ခြေနီအသင်း နှင့် IFRC အသင်းတို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂၀၀၉ ခုနှစ် အတွင်း၌
အဝေးပြေးယာဉ် လုပ်သားများတွင် HIV ပိုးတွေ့ရှိမှု
လျော့နည်းလာပြီး လူငယ်ထု အကြားတွင် ပိုးတွေ့ရှိမှု များပြားလာကြောင်း မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူအချို့၏ ပြောကြားချက်အရ သိရှိရသည်။
အဝေးပြေးယာဉ်
လုပ်သားများဆိုင်ရာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်တားဆီးရေး စီမံချက်ကို ၂၀၀၅
ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ် စာရင်းဇယားများအရ အဝေးပြေး ယာဉ်လုပ်သားများနှင့် တက္ကစီယာဉ်မောင်းသူများတွင် HIV ပိုးတွေ့ရှိရမှု လျော့နည်းသွားကြောင်း
သိရှိရသည်။
''၂၀၀၉
ခုနှစ်အတွင်း မြန်မာတစ်နိုင်လုံးမှာရှိတဲ့ စီမံချက်မြို့နယ် တွေက အဝေးပြေးယာဉ်လုပ်သား
တွေကို HIV/ AIDS ရောဂါ အကြောင်းနဲ့ ပတ်သက်တာတွေ သိရှိနားလည်စေဖို့ အသိပညာ ပေးတာ ကို
အဓိကထား ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြို့နယ်တွေတိုင်းက အဝေးပြေးယာဉ် ကားဝင်းတွေမှာ ဆိုရင်လည်း
ပိုးဘယ်လိုကူးစက်တတ်သလဲ ဆိုတာတွေနဲ့ ကူးစက်မှုမရှိအောင် ကာကွယ်နည်းတွေကို အသိပညာပေးခဲ့တယ်။
အဝေးပြေးယာဉ်လုပ်သားတွေကို ပိုးကူးစက်တာ မရှိအောင် ကွန်ဒုံးဖြန့်ဝေ ပေးတဲ့အတွက် ပိုးတွေ့ရှိသူဦးရေ
လျော့နည်းသွားပါတယ်။ ဒါကြောင့် စီမံချက်ကာလအတွင်းမှာ HIV ပိုးတွေ့ရှိသူ ဦးရေကလည်း
လျော့နည်းသွားတာ တွေ့ရှိရပါတယ်။
ဒါပေမယ့်
မထင်မှတ်တဲ့ နေရာတွေမှာ ပိုးတွေ့ရှိရတာ ပိုများလာပါတယ်။ အဓိကအနေနဲ့ လူငယ်ထုအတွင်း
HIV ပိုးတွေ့ရှိတာ ပိုများလာတယ်။ ဒီနှစ်အတွင်းမှာတော့ လူငယ်ထုကို HIV/ AIDS ရောဂါနဲ့
ပတ်သက်တဲ့အကြောင်းတွေကို လူငယ်တွေ သိရှိလာအောင် အသိပညာပေး ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု
မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
အဝေးပြေး
ယာဉ်လုပ်သားများ၏ ၄င်းတို့နှင့် ဆက်စပ်နေသည့် လုပ်သားများအတွင်း HIV/ AIDS ရောဂါအကြောင်းကို
သိရှိလာကာ ကွန်ဒုံးသုံးစွဲမှုများတွင်လည်း စနစ်တကျသုံးစွဲလာကြောင်း သိရှိရသည်။ အဆိုပါ
ပိုးအကြောင်းကို သိရှိလာ သည့်အတွက် VCCT သွေးဖောက် စစ်ဆေးမှုများ ရှိလာပြီး ယခင်နှစ်များ
နှင့်နှိုင်းယှဉ်ပါက VCCT သွေး ဖောက်စစ်ဆေးသူဦးရေ ပိုမိုလာကြောင်း သိရှိရသည်။
''အဝေးပြေးယာဉ်
လုပ်သားတွေအနေနဲ့ VCCTသွေးဖောက် စစ်ဆေးတဲ့ ဦးရေများလာတဲ့အတွက် HIV ပိုးကူးစက်တာ လျော့နည်းသွားတယ်။ အဝေးပြေးယာဉ်လုပ်သား
တွေသာမကဘဲ ကားဝင်အတွင်းမှာ ရှိကြတဲ့ ဈေးသည်တွေကိုပါ အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးတယ်''
ဟု ၄င်းက ဆက်လက် ရှင်းပြသည်။
လူငယ်ထုအကြား
HIV/ AIDS ရောဂါနှင့်ပတ်သက်သည့် အသိပညာများ၊ ဘ၀တွက်တာ ကျွမ်းကျင် ဆင့်ပွားသင်တန်းများ
ဖွင့်လှစ်ပေးပါက လူငယ်ထုအတွင်း အသိပညာများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ
ပညာရှင်အချို့က သုံးသပ်ခဲ့သည်။
အဝေးပြေး
ယာဉ်လုပ်သားများ နှင့် မြို့တွင်းတက္ကစီယာဉ်မောင်းသူ များအပြင် ခရီးသွားပြည်သူများ အား
ပညာပေးအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ရပ်နား စခန်းပတ်ဝန်းကျင်ရှိ ဟိုတယ်၊
တည်းခိုခန်း၊ စားသောက်ဆိုင်နှင့် ကာရာအိုကေ ဆိုင်များတွင်လည်း HIV/ AIDS ရောဂါနှင့်
ပတ်သက်သည့် ပညာပေးအစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
FIRST 11 -




