23
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့

မြန်မာတစ်နိုင်ငံလုံးမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ ဦးရေ ၇၀,၀၀၀ ၀န်းကျင်ရှိတယ်လို့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးအဖွဲ့ ယူအင်န်အေ့ဒ်စ်ရဲ့ စစ်တမ်းတစ်စောင်မှာ ဖော်ပြထားပြီး သူတို့တွေထဲကမှ ၈ ဒသမ ၁ ရာခိုင်နှုန်းသော ပြည့်တန်ဆာတွေက အိပ်ခ်ျအိုင်ဗီပိုးနဲ့ အသက်ရှင်နေထိုင်သူတွေ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာထဲကမှ ပြည့်တန်ဆာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့မှာ အလုပ်လုပ်ကိုင်နေကြပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့မှာ ၁၁ ရာခိုင်နှုန်းနဲ့ မန္တလေးမြို့မှာတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း အလုပ်လုပ်ကိုင်နေကြတယ်လို့လည်း စစ်တမ်းကောက်ယူထားမှုကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည့်တန်ဆာလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် ပေါ်ပေါက်လာရေးအတွက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အဆိုပြုတင်သွင်းခဲ့ပေမယ့် အကြောင်းပြချက်များစွာနဲ့ ပယ်ချခံခဲ့ရပါတယ်။

ဒါကြောင့် ခုချိန်ထိ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င် လုပ်ငန်းအဖြစ် ဆက်လက်တည်ရှိနေပြီး ၁၉၄၉ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အမှတ် (၂၄)၊ ပုဒ်မ ၃(က)(ခ) ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ တို့နဲ့ တရားစွဲဆို ဖမ်းဆီးနိုင်သလို ရဲဥပဒေ ၃၀ (ဃ) နဲ့လည်း ဖမ်းဆီးအကျဉ်းချနိုင်ပါတယ်။

ဒီလို တရားမ၀င် လုပ်ဆောင်နေတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ကြုံတွေ့နိုင်တဲ့ လိင်ဆက်ဆံမှု ကတစ်ဆင့် ရရှိလာမယ့် အိပ်ခ်ျအိုင်ဗီပိုး၊ အနိုင်အထက်ပြုကျင့်ပြီး တန်ရာတန်ကြေးမပေးတဲ့ လိင်ဆက်ဆံဖော် ဧည့်သည် စတာတွေအပြင် တခြားသူတို့ စိုးရိမ်ကြောက်လန့်နေရတဲ့ အကြောင်းအရာတချို့ကို ဖော်ပြလိုက်ပါတယ်။

မန်နေဂျာ (သို့မဟုတ်) အရပ်အခေါ် ခေါင်း

သားလေးတစ်ယောက် မွေးဖွားပြီးနောက်ပိုင်း အိမ်ထောင်ပျက်ရာက ပြည့်တန်ဆာအဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ မသီတာ(အမည်လွှဲ)မှာ သူအလုပ်လုပ်ကိုင်ခဲ့ရာ ပြည့်တန်ဆာအိမ်၊ သို့မဟုတ် ခေါင်းအိမ် (အမျိုးသမီးများကို ပြည့်တန်ဆာ အလို့ငှာ ခေါ်ယူနိုင်သည့်အိမ်)ရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုအတွေ့အကြုံတွေက ခုချိန်ထိ အမှတ်ရစရာအဖြစ် ကျန်ရှိနေပါသေးတယ်။

ခေါင်းအိမ် တစ်အိမ်စီမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိတတ်ပြီး တစ်အိမ်နဲ့ တစ်အိမ်တော့ မတူပါဘူး။ မသီတာ အလုပ်လုပ်ခဲ့တဲ့ အိမ်မှာတော့ တစ်ညကို ငါးဆက်ရှင် (အချိန် ငါးချိန်) လိင်ဆက်ဆံဖော် ဧည့်သည်နဲ့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

"ငါးဆက်ရှင်ဆိုတာ လူ ငါးယောက်နဲ့ လိင်ဆက်ဆံရမှာ ပြောတာ မဟုတ်ပါဘူး။ အချိန် ငါးချိန်လို့ သတ်မှတ်ထားတဲ့အတွက် တစ်ချိန်စီမှာ လာတဲ့ဧည့်သည်များရင် များသလို ကျွန်မတို့ ပင်ပန်းတာတွေ ရှိပါတယ်။ တစ်ခါတလေ အလုပ်ဆက်လုပ်လို့ မရအောင် နေမကောင်းတာ မျိုးတွေ ရှိပေမယ့် ငါးချိန် မပြည့်ရင်တော့ ကျွန်မတို့ ရမယ့်ပိုက်ဆံတွေ သေချာပေါက် အဖြတ်ခံရတာပါပဲ" လို့ မသီတာ က ရှင်းပြပါတယ်။

တချို့ ခေါင်းအိမ်တွေမှာတော့ အချိန်မပြည့်ရင် ၀င်ငွေဖြတ်ရုံတင်မကဘဲ နောက်တစ်နေ့မှာပါ နေ့ပိုင်းအပြင်ထွက်ခွင့် ပိတ်တယ်လို့ သတ်မှတ်ထားတာကြောင့် မိသားစု မသိအောင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူတွေ၊ ချစ်သူရည်းစားနဲ့ တွေ့ဖို့ ပြင်ဆင်နေသူတွေအတွက် အချိန် ငါးချိန်ပြည့်အောင် ကြိုးစားကြရပါတယ်တဲ့။

"မိုးက လင်းတော့မယ်။ အချိန်က မပြည့်သေးဘူးဆိုရင် အိမ်ကို ဘယ်လိုပြန်ရမလဲဆိုတဲ့ စိတ်နဲ့ အရမ်းစိတ်ညစ်ရပါတယ်။ တစ်ခါတလေ ကွန်ဒုံး မသုံးချင်ဘူး၊ ဈေးများတယ် စတဲ့ ကကြီကကြောင် ဧည့်သည်တွေနဲ့ တွေ့ရင်လည်း အချိန်ပြည့်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့ပဲ ကြိတ်မှိတ် နေလိုက်ရတာပါပဲ" လို့ ဆေးရုံမှာ ညဘက် လူနာစောင့် အလုပ်လုပ်တယ်လို့ အိမ်ကို လိမ်ပြောခဲ့တဲ့ မသီတာ က သူ့အတွေ့အကြုံကို ပြောပါတယ်။

ခေါင်းအိမ်တွေအနေနဲ့ ဧည့်သည်ကို ရှာပေးတတ်သလို အမှုအခင်း ဖြစ်ရင်လည်း တရားရုံးမှာ ပြည့်တန်ဆာတွေဘက်က အကုန်အကျခံ ကာကွယ်ပေးပေမယ့် တကယ်တမ်း အမှုအခင်းက လွတ်တာနဲ့ ကုန်ကျစရိတ်ကို နှစ်ဆတိုးပြီး ပြန်တောင်း တတ်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

"ပြည့်တန်ဆာအမှုဆိုရင်တော့ လိုက်လို့ မရဘူးပေါ့။ မှောင်ရိပ်ခိုမှုလောက်၊ ၃ (က)(ခ) (လူစည်ကားရာအရပ်တွင် လျှပ်ပေါ်လော်လည် ၀တ်ကာ ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းခြင်း)တို့နဲ့ ဆွဲတယ်ဆိုရင်တော့ ခေါင်းတွေက လိုက်ရှင်းပေးတယ်။ ဒါပေမဲ့ အတိုးနဲ့ ယူရတယ်ဆိုပြီး ကိုယ်တွေက သူတို့ပြောသမျှ ပိုက်ဆံကို ပြန်ဆပ်ဖို့အတွက် သူတို့အိမ်မှာပဲ ဆက်လုပ်ဖြစ်တာပေါ့" လို့ မသီတာ က ပြောပါတယ်။

အခုအချိန်မှာတော့ မသီတာ က ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်လိုက်ပြီး နိုင်ငံတကာ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုမှာ ပြည့်တန်ဆာတွေကို ကျန်းမာရေးအသိ လိုက်ပြောပေးရတဲ့ ၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေပါပြီ။

"အနှိပ်ခန်း မန်နေဂျာတွေရော၊ ခေါင်းတွေရော ကျွန်မတို့ကို ကောင်မလေးတွေနဲ့ ဘယ်တုန်းကမှ ပေးမတွေ့စေချင်ခဲ့ဘူး။ နောက်ဆုံး ကောင်မလေးတွေဘက်က တောင်းပန်ပြီး သွေးစစ်ချင်လို့၊ ဆီးစစ်ချင်လို့၊ ကွန်ဒုံး လိုချင်လို့ စသဖြင့် ကျွန်မတို့နဲ့ တွေ့ပါရစေဆိုလို့ ခွင့်ပြုလိုက်ရင်လည်း တွေ့ရတဲ့ အချိန်ကို လိုက်ပြီး သူတို့ကို ပိုက်ဆံပြန်ဖြတ်သေးတယ်" လို့ မသီတာ က စိတ်မကောင်းစွာ ပြောပါတယ်။

ဒီလို ဖိနှိပ်မှုတွေ ရှိနေပေမယ့်လည်း ပြည့်တန်ဆာ မိန်းကလေးတွေ အနေနဲ့ ရသင့်တဲ့ ငွေကြေး အတိုင်းအတာ မရရှိသလို မတရားမှုကို တိုင်ကြားစရာ နေရာလည်း မရှိတာကြောင့် ပြည့်တန်ဆာ အိမ်တွေမှာပဲ ဆက်လက်လုပ်ကိုင်ကြရပါတယ်။

မြန်မာတိုင်းမ် -အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top