ပွဲစား
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မခင်ဝိုင်း(အမည်လွှဲ)ကတော့ ခေါင်းအိမ်တွေနဲ့ မန်နေဂျာတွေက ပြည့်တန်ဆာတွေအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်လွန်းတယ်လို့ ပြောခဲ့တဲ့ မသီတာရဲ့ စကားတွေကို မထောက်ခံပါဘူး။
ကိုယ် လက်ခံမယ့်အလုပ်ရဲ့ တန်ရာတန်ကြေးကို သိပြီးမှ အလုပ်လက်ခံလို့ရတာမို့ ခေါင်းအိမ်တွေရဲ့ အပြစ်တွေချည်းပဲလို့ ပြောလို့မရဘူးလို့ မခင်ဝိုင်း က ပြောပါတယ်။
သူက ဧရာဝတီတိုင်းဒေသကြီးက နယ်မြို့တစ်မြို့မှာ ပြည့်တန်ဆာ တစ်ဦးအဖြစ် ခေါင်းအိမ်မှာ အလုပ်လုပ် အသက်မွေးခဲ့ပြီး သူနေထိုင်ခဲ့တဲ့ အိမ်ကတော့ ဆိုးရွားခေါင်းပုံဖြတ်တဲ့ အပြုအမူတွေ မရှိဘူးလို့ မခင်ဝိုင်း က ပြောပါတယ်။
"သူက ကျွန်မတို့ကို ဧည့်သည်တစ်ယောက် ကျပ် ငါးထောင်နဲ့ သတ်မှတ်ထားပြီးသား။ ကိုယ်တောင်းတတ်လို့၊ ဒါမှမဟုတ် ဧည့်သည်သဘောကောင်းလို့ တစ်သောင်း၊ တစ်သောင်းခွဲ ရရင်လည်း ပိုတာ ကိုယ်ယူရတာပါပဲ" လို့ ၁၂ နှစ်ကြာ ပြည့်တန်ဆာတစ်ဦးအဖြစ် အသက်မွေးခဲ့တဲ့ သူ့အတွေ့အကြုံကို ပြောပါတယ်။
မန်နေဂျာနဲ့ ခေါင်းတွေက မိန်းကလေးတွေရဲ့ ၀င်ငွေထဲက ခေါင်းပုံ ဖြတ်လေ့ရှိပေမယ့် မိန်းကလေး အချင်းချင်း ၀င်ငွေမျှတအောင်တော့ ပြန်စီစဉ်ပေးပါတယ်တဲ့။
"တကယ်လို့ ညသန်းခေါင်အထိ ဖောက်သည်က ကိုယ့်ကို မရွေးသေးဘူးဆိုရင် အရွေးခံပြီးသား လူတွေကို မန်နေဂျာက ထုတ်မပြတော့ဘူး။ ဒီတော့ ၀င်ငွေမရှိ၊ အလုပ်မလုပ်ရတဲ့ ညဆိုတာ မရှိတော့ဘဲ အဲဒီအတွက်လည်း စိတ်ပူနေစရာ မလိုတော့ပါဘူး" လို့ မခင်ဝိုင်း က ပြောပါတယ်။
မန်နေဂျာ ဒါမှမဟုတ် ခေါင်းအိမ်တွေကို အကောင်းမြင်နေတဲ့ မခင်ဝိုင်းရဲ့ နာကြည်းတဲ့စိတ်က ပွဲစားလို့ခေါ်တဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားသူတွေဆီမှာ ပုံချလိုက်ပါတယ်။
သူ့အသက် ၂၀ ၀န်းကျင်မှာ အိမ်ဖော်အဖြစ် အလုပ်ပေးမယ်လို့ လိမ်ညာခဲ့တဲ့ ပွဲစားတစ်ယောက်ကြောင့် ပြည့်တန်ဆာအိမ်ကို ရောက်ရှိခဲ့ပြီး ပွဲစားက ရောင်းစားခဲ့တဲ့အတွက် ပြန်ဆပ်ရတဲ့ ငွေကြေးက လနဲ့ချီရှိပြီး တစ်နှစ်ပြည့်လုနီးပါးပါလို့ သူ့အတွေ့အကြုံကို မခင်ဝိုင်း က ပြောပါတယ်။
အလှအပကြိုက်ပြီး အလုပ်မည်မည်ရရ မရှိဘဲ သုံးဖြုန်းချင်တဲ့ မိန်းမငယ်တွေကို ပွဲစားတွေက အမြဲလို စောင့်ကြည့်နေကြတာဖြစ်သလို သူတို့ ဖြားယောင်းပြီး ရောင်းစားခံခဲ့ရတဲ့ မိန်းမငယ်တွေ ကတော့ လိင်ဖျော်ဖြေမှုနဲ့ ခေါင်းအိမ်မှာ အကြွေးတွေ တစ်ပုံတစ်ခေါင်းကြီး ဆပ်ရတော့တာပါပဲ။
"အကြွေးလည်းကျေရော ကိုယ်လည်း ဒီဘ၀ကို လုံးလုံးရောက်နေပြီလေ။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် မထူးတော့ပါဘူးဆိုပြီး ဆက်လုပ်ဖြစ်ကြတာပေါ့" လို့ မခင်ဝိုင်း က ပြောပါတယ်။
ပညာရေးနဲ့ ဗဟုသုတ နည်းပါးတဲ့ အမျိုးသမီးငယ်တွေကို လိင်ကျွန်အလို့ငှာ ဖြားယောင်း သွေးဆောင်သူ အများစုဟာ ကိုယ့်အသိမိတ်ဆွေ အရင်းထဲကဖြစ်ပြီး ကိုယ့်အကြောင်း ကောင်းကောင်းသိသူတွေသာ ဖြစ်တတ်ကြပါတယ်။
"ကိုယ်လည်း အပျိုပြန်ဖြစ်တာမှ မဟုတ်တာ၊ တရားလည်း စွဲမနေတော့ပါဘူး။ တကယ်လို့ တရားစွဲရင်လည်း ကိုယ်က ပြည့်တန်ဆာမှုနဲ့ ထောင်ကျဦးမယ်၊ မကျဘူးပဲထား.. တရားရုံးမှာ မပြောတတ်၊ မဆိုတတ်၊ ငွေကုန် ကြေးကျများတာပဲ အဖတ်တင်မှာပါ" လို့ သူသိသလောက် မခင်ဝိုင်း က ထုတ်ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရန်ကုန်မြို့ကို ပြောင်းလာတဲ့ မခင်ဝိုင်း တစ်ယောက် ခုချိန်မှာတော့ ခေါင်းရွက်ဗျပ်ထိုး ဟင်းသီးဟင်းရွက်သည် တစ်ဦးအဖြစ် စီးပွားရှာနေပါပြီ။
ရဲ နှင့် ရဲယောင်ဆောင်သူများ
"ပြည့်တန်ဆာအလုပ်ဆိုတာ သူများပစ္စည်း ခိုးယူတာမဟုတ်လို့ ကျွန်မကတော့ မရှက်ပါဘူး" လို့ ခေါင်းမော့ပြီး ပြောတတ်တဲ့ မနှင်းဆီ(အမည်လွှဲ)က ရဲသားတစ်ယောက်ရှေ့မှာတော့ ပြည့်တန်ဆာအလုပ် မလုပ်ဘဲနဲ့တောင် ခေါင်းမော့ ရင်ကော့ မလျှောက်ရဲခဲ့ပါဘူး။
"သူတို့က ကျွန်မတို့ကို သိနေတယ်လေ.. ဒီတော့ လိုင်းကြေး ဘယ်လောက်ပေးပေး အမှုအခင်း မရှိတဲ့အချိန်တွေဆို ကျွန်မတို့ကို အချိန်မရွေး ထောင်ထဲပို့နိုင်တယ်" လို့ မနှင်းဆီက ခပ်သွက်သွက် ပြောပါတယ်။
ဟုတ်ပါတယ်..။ မင်းတုန်းမင်း လက်ထက်ကတည်းက ပြည့်တန်ဆာအလုပ် မြန်မာနိုင်ငံမှာ ရှိခဲ့တယ်လို့ စာအုပ်တချို့မှာ ဖော်ပြထားပေမယ့် ခုချိန်ထိတော့ တရားမ၀င်သေးတာကြောင့် ပြစ်မှုမြောက်ပါတယ်။
ခေါင်းပုံဖြတ်၊ ဖိနှိပ်တဲ့ ပြည့်တန်ဆာအိမ်တွေမှာ မလုပ်ချင်ဘူးဆိုရင်တော့ ကလပ်တက်၊ ဂျွန်ဆင်း (တစ်ဦးတည်း လမ်းဘေးတွင် ဧည့်သည်ကို စောင့်ခေါ် သော ပြည့်တန်ဆာ) တွေပဲ လုပ်ရပြီး ရဲနဲ့ အယောင်ဆောင်ရဲတွေကို အကာအကွယ်မဲ့စွာ တွေ့ကြုံရတော့တာပါပဲ။
ယူနီဖောင်း ၀တ်မထားတဲ့ ရဲဝန်ထမ်းတွေဟာ ရိုးရိုးသာမန်လူတွေလို့ အထင်ရောက်စေတာမို့ မနှင်းဆီ တို့လို ပြည့်တန်ဆာအမျိုးသမီးတွေက သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ကျတဲ့ ရဲဝန်ထမ်းတွေရဲ့ မျက်နှာကို အလွတ်မှတ်ထားလေ့ရှိပါတယ်။
ရဲဥပဒေ ၃၀ (ဃ) အရလည်း မှောင်ရိပ်ခိုမှုလို အမှုတွေကအစ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အနေအထားမို့ လိင်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသမီးတွေဟာ အလုပ်မလုပ်တဲ့ ကိုယ်ပိုင် အချိန်တွေမှာလည်း အနေအထိုင် သတိထားကြရပါတယ်။
"ကိုယ်က ရိုးရိုးသားသား လမ်းထိပ်မှာ ဟင်းသွားဝယ်နေတုန်းတောင် အခန့်မသင့်လို့ အမှုလိုနေရင် ချက်ချင်း အဖမ်းခံရနိုင်တယ်။ တရားရုံးရောက်မှ ပြည့်တန်ဆာမှုနဲ့ အဖမ်းခံရပြီဆို ၀န်ခံရင် တစ်နှစ်၊ ၀န်မခံရင် သုံးနှစ်လေ။ ဒီတော့ ၀န်ခံလိုက်တယ်။
"တရားသူကြီးက ဘာတွေလဲမသိဘူး၊ ဖတ်ပြနေတာကို နားထောင်.. နောက်ဆုံး ဟုတ်သလားလို့ မေးရင် ဟုတ်တယ်လို့ ဖြေလိုက်တာပါပဲ" လို့ ပညာရေးအရ မူလတန်းအဆင့်မှာပဲ ရပ်ခဲ့တဲ့ မနှင်းဆီ က သူ့အတွေ့ အကြုံကို ပြောပါတယ်။
ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ ရဲဝန်ထမ်း မဟုတ်ဘဲ အယောင်ဆောင် လူလိမ်ရဲတွေနဲ့ ဆုံတွေ့နိုင်တာမို့ ယူနီဖောင်းကို သေချာမှတ်ရတယ်လို့ သူက ဆက်ပြောပါတယ်။
ရဲယောင်ဆောင်ထားတဲ့ လူလိမ်တွေဟာ တရားဥပဒေအရရော၊ လူမှုအသိုင်းအ၀ိုင်းကပါ ပြန်လည် ခုခံနိုင်စွမ်းအားနည်းတဲ့ ပြည့်တန်ဆာ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထား လုယက်လာကြတယ် လို့ မနှင်းဆီက ပြောပါတယ်။
လူလိမ်တွေဟာ သူတို့နဲ့အတူ လိင်ပျော်ပါးဖို့ တောင်းဆို၊ ပိုက်ဆံ တောင်းတဲ့အပြင် ရွှေ၊ ငွေပစ္စည်း တွေကိုပါ လုယက်ကြပြီး ရိုက်နှက်ထွက် ပြေးတတ်ကြတယ်လို့ သူ့ သူငယ်ချင်းတချို့ရဲ့ အတွေ့အကြုံကိုပြောပါတယ်။
"အဲဒီလိုဖြစ်ရပ်မျိုးဆို ကျွန်မတို့ ဘယ်ကို တိုင်ရမှန်း မသိဘူး။ ကိုယ်တွေကိုယ်တိုင်က ပြစ်မှုမြောက်နေတာ့ ဒီလိုပဲ ကြိတ်မှိတ်နေကြရတာပါပဲ"လို့ သူက ပြောပါတယ်။
မြန်မာတိုင်းမ် - အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (အဆက်)




