24
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (နောက်ဆုံးပိုင်း)

ကွန်ဒုံး

လိင်ဆက်ဆံရာမှာ မျိုးဆက်ခြားခြင်း၊ သို့မဟုတ် လိင်ကကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ခြင်းတို့အတွက် ကွန်ဒုံးကို အသုံးပြုကြပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ကိုင်အိတ်ထဲမှာ ကွန်ဒုံးတွေ့ရင် ပြည့်တန်ဆာသက်သေအဖြစ် အမှုရင်ဆိုင်ခံရနိုင်ပါတယ်။

ပြည့်တန်ဆာ တစ်ယောက်အဖြစ် အသက်မွေးခဲ့တဲ့ မဇာခြည် (အမည်လွှဲ) ဟာ ကံကောင်းထောက်မစွာ ဘာအမှုအခင်းနဲ့မှ ရင်မဆိုင်ခဲ့ရပေမယ့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီနဲ့ အသက်ရှင် နေထိုင်သူတွေအတွက် ကျန်းမာရေးအသိပေးရတဲ့ လူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြောင်းလိုက်တဲ့ နောက်ပိုင်းမှာတော့ ပြည့်တန်ဆာ သက်သေနဲ့တကွ ရဲစခန်းကို ရောက်ဖူးခဲ့ပါတယ်။

"အမှန်က ကျွန်မ ဧရာဝတီတိုင်းဘက် သွားမလို့ပါ။ လှိုင်သာယာအဝေးပြေးကွင်းမှာ ရဲတွေ အိတ်တွေ လိုက်စစ်တော့ ကျွန်မအိတ်ထဲမှာ ကွန်ဒုံးတွေ တွေ့တာနဲ့ ချက်ချင်း ရဲစခန်းကို လိုက်သွားရတော့တာပါပဲ"လို့ မဇာခြည် က ပြောပါတယ်။

ခရီးဆက် သွားခွင့်မပြုဘဲ ဘာကြောင့် ကွန်ဒုံးတွေ သယ်ဆောင်လာရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရဲစခန်းမှာ အစစ်ခံရပေမယ့် ကျန်းမာရေး အလုပ်အတွက်ဆိုတာထက် ပြည့်တန်ဆာ အလုပ်လုပ်နေသူအဖြစ် ၀ိုင်းဝန်းစွပ်စွဲခဲ့ကြတယ်လို့ သူက ပြောပါတယ်။

နောက်ဆုံးမှာတော့ မဇာခြည် က သူနဲ့ သူ့ခင်ပွန်းမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိနေတာကြောင့် ကွန်ဒုံးနဲ့သာ ညအတူအိပ်ကြပြီး မယုံကြည်ရင် ဘယ်လိုသက်သေပြရမလဲလို့ ပြန်မေးကာ အလုပ်မှ တာဝန်ရှိသူတွေကို ဖုန်းဆက်ခေါ်မှ အကျပ်အတည်းကနေ လွတ်သွားခဲ့ပါတယ်။

ကွန်ဒုံးက အမှုဖြစ်စေသလို ဧည့်သည်အများစုရဲ့ ကျန်းမာရေးအသိ ပညာနည်းပါးမှုကြောင့် မြန်မာနိုင်ငံက လိင်လုပ်ငန်းတွေမှာ ကွန်ဒုံးအသုံးပြုမှု အားနည်းနေတုန်းပဲလို့ သူ့အမြင်ကို ပြောပါတယ်။

"တချို့ ဧည့်သည်တွေဆို မူးရူးပြီး ကျန်းမာရေး အသိလည်း မရှိတော့ ကိုယ်ဘယ်လောက် ပြောပြော ကွန်ဒုံး မသုံးချင်ကြဘူး။ ကျွန်မတို့ကလည်း လက်ထဲမရှိရင် တကူးတက ဈေးဆိုင် သွားမ၀ယ်ရဲဘူး၊ အနားမှာ ရဲကလည်း ရှိနေနိုင်သေးတော့လေ။ ဒီတော့ ကွန်ဒုံးမပါဘဲ အလုပ်လုပ်ကြရော" လို့ မဇာခြည် က ပြောပါတယ်။

သတင်းထောက်များ

သတင်းစာတွေနဲ့ ဂျာနယ်တွေမှာ ဖိနှိပ်ခံလူတန်းစားဖြစ်တဲ့ လိင်လုပ်ငန်းက အမျိုးသမီးငယ်တွေရဲ့ ဘ၀သရုပ်ဖော်တွေ၊ သတင်းဆောင်းပါးတွေ၊ ကျန်းမာရေးသတင်းတွေကို စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီ စာဖတ်သူတို့အတွက် တိကျမှန်ကန်စွာ ဖော်ပြလေ့ရှိကြပါတယ်။

ဒါပေမဲ့ စာစောင်တွေမှာ ဖော်ပြပြီးတဲ့နောက် ရက်အနည်းငယ် အတွင်းမှာတော့ အရေးပေါ် စီမံချက်တွေကြောင့် ပြည့်တန်ဆာအမျိုးသမီး အများစုဟာ အမှုတွဲထဲ ရောက်ကုန်ကြရပါတယ်လို့ လိင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်တဲ့ မသီရိ (အမည်လွှဲ)က ပြောပါတယ်။

ရဲဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေ၊ ခေါင်းနဲ့ မန်နေဂျာတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အရာတွေကို ဂျာနယ်လစ် သတင်းထောက်တွေဟာ စိတ်ဝင်တစား မေးမြန်းကြသလို သတင်းတိကျခိုင်လုံဖို့ အတွက်လည်း နေရပ်လိပ်စာတွေပါ ထည့်သွင်းတတ်ကြပါတယ်။

နှစ်ဖက် သတင်းရင်းမြစ်မျှတဖို့၊ ဘက်လိုက်မှု မရှိဖို့ ရေးသားကြတဲ့အခါမှာ သက်ဆိုင်ရာ ရဲစခန်းတချို့ကို ဆက်သွယ်မေးမြန်းတာရှိသလို အလုပ်လုပ်တဲ့ နေရာတွေကိုပါ မေးမြန်းဖော်ပြကြပါတယ်။

"ဒီတော့ မြို့နယ်ထဲမှာလား၊ ရပ်ကွက်ထဲမှာလား၊ ဘယ်အိမ်ကို ဘယ်လိုသွားချင်တယ်လို့ ပြောလိုက်တာနဲ့ ကျွန်မတို့ကို သိနိုင်တော့ မြို့နယ်နာမည်လေး ထည့်လိုက်တာနဲ့ ဒီလူတွေဆို ရဲဝန်ထမ်းတွေဘက်က ချက်ချင်းတန်းသိပါတယ်။ ဒီတော့ ဖမ်းဆီးရလည်း အရမ်းလွယ်ကူပါတယ်" လို့ မသီရိ က ပြောပါတယ်။

မြန်မာနိုင်ငံက ပြည့်တန်ဆာအများစုဟာ လမ်းဘေးအခြေပြု လုပ်ကိုင်ကြသူများတဲ့အတွက် လမ်းနာမည်တချို့ကို ဖော်ပြတာနဲ့ လူနဲ့အလုပ် တန်းသိနိုင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

"သတင်းထောက်တွေနဲ့ ကျွန်မတို့ တွေ့ရင် ဖြေပါတယ်။ ဒါပေမဲ့ နောက်ရက် ဂျာနယ်ထဲ ကိုယ်တွေပြောတဲ့ အကြောင်းအရာတွေ ပါလာပြီဆိုရင်တော့ အထူးစီမံချက်ကို ကြောက်လို့ ခဏ စတေးရှောင် (နေရာပြောင်း) နေခဲ့ကြရပါတယ်" လို့ မသီရိ က အရွှန်းဖောက်ရင်း ပြောခဲ့ပါတယ်။

မြန်မာတိုင်းမ် - အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (နောက်ဆုံးပိုင်း)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top