10
Oct

အပြစ်မဲ့ သန္ဓေသားဆီသို့ HIV မကူးစေရေး အမျိုးသားများ ဆေး စစ်ခြင်း ဆောင်ရွက်မည်

မိခင်မှ သန္ဓေသားသို့ HIV မကူးစက်စေရေး အတွက် အမျိုးသား များကိုပါ ဆေးစစ်ခြင်းမျိုးများ ယခုနှစ် စီမံကိန်းမှစ၍ ထည့်သွင်း ဆောင်ရွက်သွားတော့ မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးမှ တာဝန်ရှိသူ ဒေါက်တာ ဥမ္မာအောင်က ပြောသည်။ ”အတင်းကြီး လုပ်ဆောင်ခိုင်း မှာမျိုးတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ မိခင်ကနေ သန္ဓေသားဆီ မကူးဖို့ ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသားတွေ သွေးစစ်ဖို့ တကယ် လိုအပ် နေပါပြီ” ဟု ၄င်းက ဆက်လက် ပြောသည်။ မိခင်မှတစ်ဆင့် သန္ဓေသားထံသို့ HIV ကူးစက်မှုနှုန်း လျှော့ ချရေးအတွက် ၂ဝဝဝ ပြည့်နှစ်ကပင် ကော့သောင်းနှင့် တာချီလိတ်တို့တွင် စတင်ဆောင်ရွက်နေခဲ့ရာမှ ၂ဝ၁၁ ခုနှစ်တွင် အမျိုးသား မဟာဗျူဟာ စီမံကိန်းထဲ၌ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ထည့်သွင်းထားသည်ဟု ၄င်းထံမှ သိရသည်။

HIV ပိုးကူးစက်မှု လျှော့ချရေး လုပ်ငန်းစဉ်များအား မြို့နယ် ပေါင်း ၂ဝဝ ကျော်နှင့် ဆေးရုံပေါင်း ၃ဝ ကျော်တို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း ပြည်သူများ ပူးပေါင်း ပါဝင်မှု အပေါ်၌မူ အားရကျေနပ်ဖွယ် မရှိသေးကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ် ရေးဌာနမှ ဒေါက်တာမြင့်ရွှေက ဆိုသည်။ ”လက်ရှိ ပြဿနာကတော့ ကိုယ်ဝန်ဆောင်တာနဲ့ HIV ပိုးရှိ၊ မရှိ စစ်ဆေးရမယ် ဆိုတာကို လုံးဝ မသိကြတာမျိုးဆိုတဲ့ ကိစ္စပဲ” ဟု ၄င်းက ပြောသည်။

မိခင်လောင်းများ အနေဖြင့် သွေးစစ်ရန် ဆွေးနွေးမှု ခံယူသူ ၈ဝ ရာခိုင်နှုန်းခန့် ရှိသော်လည်း ၆ဝ ရာခိုင်နှုန်းခန့်သာ သွေးစစ်ကြပြီး သွေးအဖြေကိုမူ ၄င်းတို့ထဲမှ ၅ဝ ရာခိုင်နှုန်းသာ လာယူကြခြင်းကြောင့် ကူးစက် မှုနှုန်းလျော့ကျရေး လုပ်ငန်းစဉ်၌ ကွာဟချက်များ များစွာရှိလာနေကြောင်း ဒေါက်တာ မြင့်ရွှေက ထပ်လောင်းဆိုသည်။

HIV/AIDS ဆိုင်ရာ အကူအညီ ပေးနေသူ တစ်ဦးက ယနေ့ လူ့အဖွဲ့အစည်းတွင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို အထင်အမြင် သေးသည့်အပေါ် ပြုပြင်ပြောင်းလဲဖို့ အရင်လိုကြောင်း လင်ရော၊ မယားပါ အတူတကွ စစ်ဆေးဖို့ လိုခြင်းကို ပညာပေးသင့်ကြောင်း ထောက်ပြခဲ့သည်။

Popular - အပြစ်မဲ့ သန္ဓေသားဆီသို့ HIV မကူးစေရေး အမျိုးသားများ ဆေးစစ်ခြင်း ဆောင်ရွက်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top