(မဖြူဖြူသင်းက
သူ ကူညီခဲ့သူတွေထဲက ကိုရဲကျော်၊ ကိုသာပေါင်း တို့ အကြောင်းကို အပြုအမူ ပြောင်းလဲသွားသူ
၂ ဦး ဆိုတဲ့ အမည်နဲ့ ဧရာဝတီ မှာ ရေးခဲ့ဖူးပါတယ်။ သူ့ဘလော့မှာလည်း ဖတ်နိုင်ပါတယ်။ ဒီတခါတော့
မောင်ဇော်၊ ကိုစန်း ဆိုတဲ့ ထူးခြားသူ ၂ ဦးအကြောင်းကို မဖြူဖြူသင်းက ပြောပြထားပါတယ်။)
တချိန်ကဆိုရင်
ကျမ ကူညီနေတဲ့ လူနာတွေ ရှိတဲ့ ဝေဘာဂီဆေးရုံကို နေ့တိုင်းနီးပါး ကျမ ရောက်ပါတယ်။ အဲ့ဒီတုန်းကလည်း
မင်္ဂလာဒုံ ဆေးရုံကလည်း မပေါ်သေးတော့ ဝေဘာဂီမှာပဲ လူနာတွေ အတင် များတာပါ။ ဝေဘာဂီကို သွားရင်
ကျမလူနာကော ကျမလူနာ မဟုတ်သူတွေကပါ ကျမကို အကူအညီ တောင်းကြပါတယ်။ သူတို့က ကျမကို နိုင်ငံတကာ
အန်ဂျီအို တခုခုကလို့ ထင်မှတ် ထားကြပုံပါပဲ။ ကျမလည်း တတ်နိုင်သမျှ အားပေးပြီး ကျမမှာ
ရှိသမျှနဲ့ ကူညီပါတယ်။ ကူညီနေရပေမယ့် ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်တဲ့အတွက် ကျမလည်း
စိတ်မကောင်းခြင်းစွာ ဖြစ်ရပါတယ်။
မောင်ဇော်
ဝေဘာဂီ
ကူးစက်ဆေးရုံကို သွားရင် ဆံပင်ရှည်ရှည်နဲ့ တကိုယ်လုံး အရုပ်တွေ ထိုးထားတဲ့ ကောင်လေး
တယောက် အမြဲလိုလို အရက် မူးနေတာလိုလို ဆေးမူးနေတာလိုလို ကောင်လေး တယောက်ကို အမြဲတွေ့ပါတယ်။
သူက အမြဲ ပြုံးပြတာ လောက်ပဲ လုပ်ပါတယ်။ တခြား လူနာတွေလို ကျမဆီ အကူအညီ တောင်းတာမျိုးတော့
မလုပ်ပါဘူး။
အမူးသမားလိုလို
ဖြစ်နေတဲ့ ဒီကလေးကို ကျမလည်း စကားပြောချင်စိတ် မရှိလို့ မပြောပါဘူး။ ဒါပေမယ့် ကျမ လူနာတွေ
ပြောပြချက် အရ သူ့မိန်းမကော ကလေးပါ ဆေးရုံမှာ တင်ထားရတယ် ဆိုတာ သိရတော့ ကရုဏာ သက်မိသလို
သူ့ကိုလည်း စိတ်ဝင်စား မိပါတယ်။ သူကတော့ သန်သန်မာမာ ပါပဲ။ နောက်တပတ် အကြာမှာ ကျမ ဆေးရုံပေါ်
တက်သွားတော့ ငိုကြီးချက်မနဲ့ လူးလှိမ့်နေတဲ့
ကောင်လေးကို တွေ့ပါတယ်။ သူ့ကလေး ဆုံးသွားပြီတဲ့။ ကျမကလည်း အားပေးစကား ပြောတာပေါ့လေ။
အရက်နံ့ကတော့ သူ့ဆီက တထောင်းထောင်း ထနေတာပါပဲ။ ကျမကလည်း သူခံစားနေချိန် သောက်တာ ဖြစ်မှာပါ
ဆိုပြီး ဘာမှ မပြောပါဘူး။
တိုက်တိုက်
ဆိုင်ဆိုင်ပါပဲ သူ့ကလေးဆုံးပြီး ရက်လည်နေ့မှာ ကောင်လေးက အတော်လေး မူးရူးပြီး သတိလစ်သလိုလို
နတ်ပူးသလိုလို လုပ်နေတာ တွေ့ရ ပြန်ပါတယ်။ ကျမ အတော်လေး စိတ်ပျက် သွားမိပါတယ်။ ဒါပေမယ့်
ချက်ခြင်း ဆိုသလိုပဲ သူ့မိန်းမ အဲ့ဒီနေ့ပဲ ဆုံးသွားတယ် ဆိုတာ သိလိုက် ရတော့မှ ကျမလည်း
သူ့အတွက် အတော်လေး စိတ်မသက်မသာ ဖြစ်ရပြီး အတော်လေး သနားသွား ပါတယ်။
သူကလည်း
ရောဂါသည် ဆိုတော့ ခုလိုမျိုး စိတ်သောကနဲ့ အရက် သောက်တာတွေကော၊ ဆေးချတာတွေပါ လုပ်နေရင်
မဖြစ်ချေဘူး ဆိုပြီး နောက်တရက် မနက် အစောကြီး သူနဲ့ စကားပြောဖို့ ဆေးရုံကို လိုက်သွားပါတယ်။
အခြား လူနာတွေကို မေးကြည့်တော့ မောင်ဇော် တယောက် မျက်ရည် စက်လက်နဲ့ သူ့ရွာ ပြန်သွားပြီတဲ့။
သူနေတာက
ကွမ်းခြံကုန်း မြို့နယ်မှာပါ။ ဒီတော့ သူ့ကို ခြေရာခံဖို့ မခက်ခဲပါဘူး။ ကျမတို့ အဖွဲ့ဝင်တွေက
တဆင့် စုံစမ်းကြည့်တော့ ဒီကောင်လေး မနက်ကော ညကော တချိန်လုံး သောက်စားပြီး ငိုယိုနေတာပဲတဲ့။
မေးကြည့်တိုင်း မူးရူးနေတယ် ပြောပြောနေတော့ သေအောင် လုပ်နေတာပဲ၊ လုပ်ပစေတော့ ဆိုပြီး
မေ့မေ့ ပျောက်ပျောက် ထားလိုက်ပါတယ်။
တနှစ်လောက်
ရှိတော့ မောင်ဇော်ကို ဆေးရုံမှာ ပြန်တွေ့ပါတယ်။ မမှတ်မိလောက်အောင် ပိန်လှီနေပြီးတော့
အေအိုင်ဒီအက်(စ်) အဆင့်ကိုတောင် ရောက်နေပါပြီ။ သူက ကျမကို တွေ့တော့ ထုံးစံအတိုင်း ပြုံးပြ
ပါတယ်။ သူ့ကို ကြည့်ပြီး ကျမလည်း စိတ်မချမ်းမသာ ဖြစ်မိပါတယ်။ သူကတော့ ကျမကို အားတက်သရော
ပါပဲ။ "ကျနော် အခု ဆေးရတော့မယ် အစ်မ” တဲ့။ အေအာတီဆေးက မြန်မာနိုင်ငံမှာ လူနာတိုင်း
မရနိုင်ပါဘူး။ ဒါကြောင့် ဆေးရပြီ ဆိုရင် လူနာတွေက ၀မ်းသာ ကြပါတယ်။ ကျမကလည်း သူ့ကို
နင်ဆေးမသောက်ဘဲ အရက်ပဲ သောက်ပါလားလို့ နောက်မိပါတယ်။ ကျနော် ပြန်ကောင်းလာရင် မလုပ်တော့ပါဘူး
လို့တော့ ပြောတာပါပဲ။ ကျမက မယုံပါဘူး။ အဲ့ဒီလိုဆို
ကောင်းတာပေါ့ လို့ပဲ ပြောလိုက်ပါတယ်။
ကျမလည်း
ရုံးကိစ္စတွေ တခြား လူနာကိစ္စတွေကြောင့် ဆေးရုံဘက် မရောက်ဖြစ်ပြန်ဘူး။ ဒါပေမယ့် မောင်ဇော်
တယောက် NGO တခုမှာ စေတနာ့ဝန်ထမ်း လုပ်နေကြောင်း၊
အရက်လည်း မသောက်တဲ့ အကြောင်းတွေတော့ ကြားနေရပါတယ်။ ဒါနဲ့ သူ့အတွက်လည်း စိတ်ချမ်းသာ
ရပါတယ်။
တရက်ကျတော့
မောင်ဇော် တယောက် ကျမအိမ်ကို အစောကြီး ရောက်လာပါတယ်။ သူ့ဆီကလည်း အရက်နံ့ တထောင်းထောင်း
ထလို့။ သူလုပ်နေတဲ့ NGO နဲ့ အဆင်မပြေဘူး ဆိုတဲ့ အကြောင်းတွေ၊ အဆင် မပြေတာတွေကို ကပေါက်
ကချာ ပြောနေ ပြန်ပါတယ်။ ဒီကလေးကို ကြည့်ပြီး ကျမလည်း ဘာလုပ် ရမှန်းလည်း မသိ၊ ဒေါသကလည်းဖြစ်၊
နင်ဘာလုပ်မလဲ ဆိုတော့ ကျနော် အစ်မ တို့ကို ကူညီချင်တယ်တဲ့။ ကျမ အတော်လေး စိတ်ပျက်သွားပါတယ်။
မဖြစ်မနေ နင်နေချင်ရင်တော့ လူနာတွေ စုနေတဲ့ တောင်ဒဂုံ(၁၈) အိမ်မှာ သွားနေဖို့ ပြောလိုက်တယ်။
သွားနေပါတော့လို့
ပြောလိုက်ရပေမယ့် သူ့ကို ဘယ်လို ထိန်းသိမ်းမလဲ၊ ဒါပေမယ့် အဲ့ဒီမှာ နေတဲ့ ကျမအဖွဲ့က
လူငယ်တွေကလည်း ရှိနေတော့ ကြည့်ထိန်းရင် ဖြစ်လောက်ပါတယ် လို့တော့ တွေးမိ ပါတယ်။ သူကကော
ပြုပြင်ချင်စိတ် ရှိပါ့မလား စဉ်းစားပြီး စိတ်မောမိပါတယ်။ အံ့သြ ၀မ်းသာဖို့ ကောင်းတာက
အဲဒီနေရာကို ရောက်ပြီး နောက်ပိုင်း
လူနာတွေအိမ်
ရောက်ပြီး နောက်ပိုင်း မောင်ဇော်ဟာ ဒီနေ့ချိန်ထိ သောက်တာ စားတာလည်း မရှိတော့ပါဘူး။
ပြီးတော့ လူနာတွေမှန်သမျှ ဆေးရုံတက်ရင်လည်း သူပဲ လိုက်စောင့်၊ ဆေးခန်းလည်း သူပဲပို့၊
သေတဲ့လူလည်း သူပဲ အသုဘချ ဆိုတာတွေကို လုပ်ပေး နေရှာပါတယ်။ ဒီအလုပ်တွေ အတွက် သူ ငွေတပြားတချပ်မှ
မရဘူး၊ ထမင်းကိုတော့ အလျဉ်းသင့်သလို ကျွေးပြီး လမ်းစရိတ် ပေးတာလောက်ပဲ လုပ်နိုင်ပါတယ်
ဆိုတဲ့ ကျမတို့ အခြေအနေ မှန်ကိုလည်း သူ သိပါတယ်။
ကိုစန်း
နောက်တယောက်က
ကျမတို့ အိမ်နီးနားချင်း တယောက်ပါ ကိုစန်းလို့ အလွယ် ခေါ်ပါတယ်။ ကျမတို့ ငယ်စဉ်ကတည်းက
ရင်းနှီးနေတာပါ။ ကျမတို့ အိမ်ရှေ့မှာ ကော်စက် ဆွဲတဲ့အလုပ် လုပ်ပါတယ်။ ဒါပေမယ့် သူက
စကားလည်း မပြောပါဘူး။ ဒါပေမယ့် ဥက္ကလာထဲမှာ ရိုက်ပွဲ ဖြစ်တယ်ဆိုရင် သူ ထိပ်ဆုံးကပဲ။
လမ်းသူရဲ ခေါ်မလား လူမိုက် ခေါ်မလားပဲ။ လူလည်း ခဏခဏ ရိုက်ပါတယ်။ ဘယ်လောက် ဆိုးသလဲ ဆိုတော့
လက်ဖက်ရည် တခွက် တိုက်ရင်ကို လူရိုက်ပါသတဲ့။ ကျမတို့နဲ့ ရင်းနှီးတယ် ဆိုပေမယ့် ဒီလို
စရိုက်ကြီးကြောင့် ကျမတို့ကတော့ ဖာသိဖာသာ နေလိုက်တာပါပဲ။
ဒါနဲ့
သူငါးနှစ်လောက် ပျောက်သွားပါတယ်။ ရေတာရှည်ဘက်မှာ အိမ်ထောင် ကျပြီး သစ်မှောင်ခို လုပ်နေသလိုလို
ကားစပယ်ယာ လုပ်နေသလိုလို ကြားတာပါပဲ။ ၇ နှစ်လောက် ရှိတော့ သူ ပြန်ရောက် လာပါတယ်။ မိန်းမကော
ကလေးပါ ဆုံးသွားပြီတဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ဆုံးတာပါတဲ့။ သူ့အဒေါ်တွေက ကျမတို့ အိမ်မှာ
အလုပ်လုပ်တော့ သူ့အကြောင်းကို မကြားချင်လည်း ကြားနေရတာပါပဲ။
သူကတော့
ထုံးစံတိုင်း စကား နည်းမြဲပါပဲ။ ဒါပေမယ့် ကျမက ဒီ အိပ်ခ်ျအိုင်ဗွီ ကိစ္စတွေ လုပ်နေတယ်
ဆိုတာ သိတော့ အကူအညီ လာတောင်းပါတယ်။ သူ့မိန်းမနဲ့ ကလေးကော ဒီရောဂါနဲ့ ဆုံးသွားလို့
သူလည်း သွေးစစ်ချင်တယ် ပြောပါတယ်။ သူရောဂါ ဖြစ်နေတယ် ဆိုတော့လည်း ကျမ လိုက်ကူညီ ပေးပြီးတော့
ဆေးရအောင် လုပ်ပေးပါတယ်။ ဒီမှာတင် ပြဿနာ တခုက သူ့မှာ နေစရာမရှိ ဖြစ်နေတယ် ဆိုတာပါပဲ။
ကျမကလည်း
သူ့ကို ကြောက်တော့ ခေါ်ထားဖို့ အတော့်ကို စဉ်းစားရပါတယ်။ အခြား အတူနေ လူနာတွေကို မထင်ရင်
မထင်သလို လုပ်လိုက်မှာကို ကြောက်တာပါ။ ဒါပေမယ့် အရဲစွန့်ပြီးတော့ ခေါ်ထား လိုက်ပါတယ်။
ကြောက်စရာ
ကိုစန်းတယောက် လူနာအိမ်ရောက်ပြီး နောက်မှာ အင်မတန် ပြောင်းလဲသွားပါပြီ။ ခုဆို အဝေးပြေး
ကားဂိတ်မှာ လူနာကြိုတာ၊ ဆေးခန်းပြတာ၊ လူနာတွေကို လိုက်ပြုစုပေးတာ၊ အိမ်တွေကို လိုက်ပြုစု
ပေးတာတွေကို ကျမတို့နဲ့ တန်းတူ တကယ် လုပ်နေပါတယ်။
မောင်ဇော်
နဲ့ ကိုစန်းတို့ နှစ်ယောက် ပြောင်းလဲပုံကိုလည်း ကျမ အံ့သြမိတယ်။ ဒါနဲ့ ကျမ နှစ်ယောက်စလုံးကို
မေးကြည့်ပါတယ်၊ သူတို့ ပြန်ပြော ပြတာကတော့ တူနေပါတယ်။ သူတို့ကြောင့် အပြစ်မဲ့တဲ့ မိန်းမ
တယောက်နဲ့ ကလေး တယောက်စီ သေခဲ့ရပြီးပြီ၊ ဒီတော့ သူတို့ ဒီရောဂါနဲ့ ဆက်ဆိုးနေမယ်၊ ဆက်မိုက်နေမယ်
ဆိုရင် သူတို့တင်မက အပစ်မဲ့ သေသွားတဲ့ သူတို့ ဇနီးသည်တွေနဲ့ ကလေးတွေပါ ဘ၀ကူး မကောင်းအောင်
လုပ်သလို ဖြစ်နေမှာပေါ့တဲ့။ အဲဒီတော့ သေဆုံးသွားတဲ့
မိန်းမနဲ့ ကလေးအတွက် တတ်နိုင်သမျှ ကောင်းမှု အစုစု လုပ်ပေးနေတာပါ တဲ့။
ကျမလည်း
ကြည်နူး ၀မ်းသာစိတ်နဲ့ သာဓု ခေါ်မိပါတယ်။ ဒီနှစ်ယောက်စလုံး ကျန်းမာ သက်ရှည်ပြီး ကောင်းကျိုး
များများ ပြုလုပ် နိုင်ပါစေကြောင်း ဆုတောင်း လိုက်ရပါတယ်။
သြဂုတ်
၁၁၊ ၂ဝ၁ဝ
ဖြူဖြူသင်း - အပြုအမူတွေ
ပြောင်းလဲသွားတဲ့ မောင်ဇော်နဲ့ ကိုစန်း




