5
Apr

အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး



ကျမတို့ဆီ
လာရောက်ဆက်သွယ် ဆေးကုသကြသူတွေဟာ နယ်အသီးသီးကလာတာ များပါတယ်။ လူနာတွေနေတဲ့နေရာကို လူသစ်
ရောက်လာတယ်ဆိုရင်တော့ သူတို့အချင်းချင်း နာမည်ရင်းကို မခေါ်ဘဲ သူတို့ လာရာဒေသကို အစွဲပြုပြီး
ဖျာပုံ၊ သာပေါင်း၊ ဒေးဒရဲ၊ ပုပ္ပား အစရှိသဖြင့် ခေါ်ဝေါ်ကြပါတယ်။

တချို့ကိုတော့
သူတို့အလုပ် အကိုင်ကိုအစွဲပြုပြီးတော့ အမည်ပေး ကင်ပွန်းတပ်ပါတယ်။ ဥပမာ တပ်ထဲကလာတဲ့
အရာခံတယောက်ကို နာမည်တပ်မခေါ်ဘဲ ရဲဘော်ကြီးဆိုပြီး ခေါ်သလို ကျောက်ပန်းတောင်းဘက်က ရဲဝန်ထမ်းကို
ရဲပြုတ်၊ ရဲပြုတ်နဲ့ ခေါ်နေကြလို့ ဒီလို မခေါ်ဘဲ ရဲဟောင်းလို့ ခေါ်ပါဆိုပြီး ကျမက သင်ပေးရပါတယ်။

ဒါပေမယ့်သူက
“ရဲက ပြုတ်တာလည်း မဟုတ်ဘူး၊ အဟောင်းလည်း မဟုတ်ဘူး ရဲဘ၀ကို မလိုချင်လို့ ကျော်လာတာ၊
ကျနော့်ကို ရဲကျော်လို့ ခေါ်ပါ” ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပဲ သူ့နာမည်က ရဲကျော် ဖြစ်သွားပါတယ်။

ရဲကျော်
ဆိုတဲ့ ဒီကလေး ရန်ကုန်လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက
ကျမကိုအထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊
မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်းလုပ်လို့ အချုပ်
ခဏခဏကျတယ်၊ ရဲသား  ဘ၀မှာလည်း သူနဲ့ဆက်စပ်ရာ
ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ်ဆိုတဲ့ အကြောင်းပြောပြကြပါတယ်။

ကျမဆီ
စတင်ရောက်လာစဉ်ကတော့ တီဘီဆေး ပထမအဆင့် ယဉ်ပါးနေပြီးတော့ ပက်လက်လှန်ပြီး  ရောက်လာတာပါ။ 
မိတ်ဆွေများ သတိပေးသလိုပဲ အင်မတန် ရိုင်းစိုင်းပါတယ်။ လူကသာ ပက်လက်လှန်နေတာပါ၊
ဘ၀တူတွေကို မစာနာပါဘူး။ ဆဲဆိုလိုက်၊ ကြိမ်းမောင်းလိုက် လုပ်နေတာပါ။ သူလည်း တီဘီဆေးမတည့်တဲ့
စာရင်းမှာပါပါတယ်။ ဒါ့ကြောင့် ဒေါသ ပိုကြီးနေသလား ဒါမှမဟုတ် မူလ ကတည်းကပဲ ရိုင်းစိုင်းသလား
ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒဂုံမြို့သစ်
တောင်ပိုင်းမှာ ကျမ မိသားစုက လူနာတွေအတွက် ပေးထားတဲ့ အိမ်တလုံးမှာ ရဲကျော်က နေပါတယ်။
ခုချိန်ထိ လူနာတွေ အများအပြား အဲဒီမှာခိုလှုံနေကြပါတယ်။ တောင်ဒဂုံ ၁၈ ရပ်ကွက်မှာ ရှိတဲ့အိမ်ဖြစ်လို့
လူနာတွေ ကြားထဲမှာတော့ ၁၈ အိမ်ရယ်လို့ လူသိများပါတယ်။

အဲ့ဒီအိမ်က
လူနာတွေဟာ ကျမကို လာလာတိုင်ပါတယ်၊ ရဲကျော်က ဘယ်လိုဆဲကြောင်း၊ ဘယ်လို မိုက်ရိုင်းကြောင်း
အစရှိသဖြင့်ပြောပါတယ်။ ကျမလည်း သူ့ကို အိမ်ခေါ်ပြီး အေးအေးသက်သာ ဆုံးမပါတယ်။ ထုံးစံအတိုင်း
ကျမရှေ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါပဲ။ ကွယ်ရာမှာတော့ ဆိုးမြဲ ဆိုးပါတယ်။ ကျမကို ကူညီနေတဲ့လူငယ်တွေကဆို
“ဒီကောင် သေချင် သေပါစေ၊ ပြန်လွှတ်ပစ်လိုက်” ဆိုပြီး ပြောတာတောင်ရှိပါတယ်။ ဒါပေမယ့်
ကျမ စိတ်ရှည်ခဲ့ပါတယ်။

နောက်ဆုံးတော့
ကျမ သူ့ကို နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ကိုရင်ကြီး ၀တ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ လူ့စိတ်က
ဆန်းကျယ်တယ်ဆိုတာ ကျမ လက်တွေ့သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်ကြီး ၀တ်ပေးပြီးတော့
သူဟာတကယ့်ကို သိမ်မွေ့သွားလို့ပါ။ တခုခု လိမ်ချင်လို့များ လိမ်မာချင် ယောင်ဆောင်နေတာလား
လို့တောင် သူ့မိသားစုကထင်ကြပါတယ်။ ဒါပေမယ့် ၂နှစ် အတွင်း သူ ကွမ်းယာ ပြန်စားတာကလွဲပြီး
ကျန်တာတွေ မလုပ်တော့ပါဘူး။ တရား သဘောတွေ၊ ဘာတွေကို နားလည်လို့တော့ မဟုတ်ပါဘူးတဲ့၊ လူတယောက်
ကျင့်ဝတ် ဆိုတာကို သူ နားလည်သွားလို့ပါတဲ့။

ကျမလည်း
ခုထက်ထိ ဒီကလေးအကြောင်း ကြားလိုက်ရင် ကောင်းကြောင်းချည်းပဲ ကြားပါ တော့တယ်။ ရဲကျော်က
ဘယ်လူနာကို ဘယ်လိုကူညီတာ၊ ဘယ်လို ပြုစုစောင့်ရှောက်ပေးတာ ဆိုတာချည်းပဲ ကြားရတော့ သူတကယ်
ပြောင်းလဲသွားပြီ ဆိုပြီးတော့ ခုချိန်ထိ ၀မ်းသာတုန်းပါပဲ။

နောက်တယောက်က
သာပေါင်းမြို့ကလာလို့ သာပေါင်းလို့ အလွယ်ခေါ်ကြပါတယ်။ ဒီကလေး ကျတော့ လိုချင်လောဘများတယ်
ပြောရမလား၊ ဘယ်လိုပြောရမယ် မသိပါဘူး၊ အတော် များများ ကတော့ ဒီကလေးရဲ့ အပြုအမူကို မကြိုက်ကြပါဘူး။
ဥပမာ သူက ဘယ်သူ ဟင်းကောင်းချက်သလဲ ကြည့်ပြီးတော့ အဲ့ဒီ ဟင်းကောင်းချက်တဲ့လူ စားမယ့်အချိန်ကို
စောင့်တတ်တယ်၊ အဲ့ဒီလူတွေ စားတော့ သူပါ ထမင်းခူးပြီး ရောစား အစရှိသဖြင့် လုပ်တတ်ပါတယ်။

နောက်ထပ်တခုက
ကျမ အဲ့ဒီကို သွားရင် အမြဲပဲ သူ့ကို အိပ်နေတာပဲမြင်တယ်။ ကျမကတော့ သူ မသက်သာလို့ ထင်ပြီး
မုန့်ဖိုးပေးရင်လည်း သူ့ကိုပဲ များများပေးတာပေါ့။ နောက်ပိုင်းမှာတော့ တခြား လူတွေနဲ့
အဲ့ဒီမှာနေနေတဲ့ ကျမတို့ အဖွဲ့ဝင် ကိုရာဇာ ကိုယ်တိုင် ပြောပြတယ်၊ ဒီကလေးက ကျမ မလာဘူး
ဆိုရင်တော့ ပုံမှန် သွားလာနေတာပါပဲတဲ့။ ကျမ ရောက်လာပြီး ဟိုလူ့ နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက်
လုပ်နေပြီဆိုရင် သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲတဲ့။ ကျမလည်း နောက်တော့ သတိထားမိသွားပါတယ်။

သူ့ကို
ဘယ်လိုဆုံးမရမလဲဆိုတာ စဉ်းစားနေတုန်း နောက်ရက်တွေမှာ သူ အတော်လေး ပြောင်းလဲ သွားပါတယ်၊
မရှိ ရှိတာနဲ့ စားတယ်၊ နောက်သူတပါးကိုလည်း တော်တော်လေး ကူညီလာတာ တွေ့တော့ ကျမအံ့သြသွားပါတယ်။
ရက်ပိုင်းအတွင်း ပြောင်းလဲသွားတာ ဆိုတော့ ကျမလည်း သိပ်တောင် မယုံချင်ဘူး။ သူ့ကိုလည်း
မေးမကြည့်မိဘူး။

လူတိုင်းကလည်း
“သာပေါင်း၊ သာပေါင်း” ဖြစ်လာပါတယ်။ အယင်ကလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ဆဲဆိုပြီးတော့ ဖြစ်တာပါ။
ခုဖြစ်တာကျတော့ ချစ်လို့တမ်းတတာပါ။ ဒီကလေး ပြန်မယ်ဆိုရင် လမ်းစရိတ် စုပေးတာမျိုးကအစ
လုပ်ပြီးတော့ တော်တော်လေးကို ချစ်ခင်သွားတာ တွေ့ရတော့ ဘယ်လိုများ စည်းရုံးထားသလဲတောင်
စဉ်းစားမိပါတယ်။ တခြားလူတွေကလည်း သာပေါင်း ပြောင်းလဲသွားတာတော့ သိတယ်၊ ဘယ်လို ပြောင်းလဲသွားသလဲ
ဆိုတာ ကျမကို မပြောပြ တတ်ကြပါဘူး။

နောက်ဆုံးတော့
ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင်လောဘလည်း
ပါပါတယ်၊ ရောဂါ သည်းနေတာလည်းပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာကတရက် ခေါ်ပြောပါတယ်၊
ဟေ့ယောင် - ငါအမုန်းဆုံးက လူတွေရဲ့ ကရုဏာတရားကို လိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလို လုပ်နေတာ
ကြာပြီ။ ဒီတော့ ပြင်ရင် ပြင်၊ မပြင်ရင်တော့ မင်းကို ငါ စကားမပြောတော့ဘူး၊ မင်းဖာသာ
နေချင်သလို နေလို့ ပြောတော့ ကျနော်လည်း စဉ်းစားရင်း ရှက်လာတယ်။ နောက် - မျက်ရည်လည်း
ကျမိတယ်” တဲ့။

အရင်တုန်းက
ကိုရာဇာက သူ့ကို ဘာတခုမှ မပြောတာဟာ အကြောင်း မသိလို့ မဟုတ်ဘဲ သူ ဘယ်အချိန် ပြုပြင်ပြောင်းလဲသွားမလဲ
ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့  လိပ်ပြာမလုံ
ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ
အချိန်က စပြီးတော့ ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်တယ်၊ လူဆိုတာ ဘာလဲပေါ့။ ငါလည်း
သေမယ်၊ သူလည်း သေမယ်၊ နေရတုန်း လူတွေ မုန်းတာ ခံမလား၊ ဒါမှမဟုတ် တခြား လူတွေကို ကူညီပြီးတော့
အသက် ရှင်မလား ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ လူပီသအောင် နေလိုက်တာပါ” တဲ့။ သူရှင်းပြတာကို
ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။

လူနာတွေက
ကျမကို ချစ်ကြပြီးတော့ ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့ ကျမတို့ အဖွဲ့ထဲက ကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို
ကြောက်ကြပါတယ်။

အပြုအမူ
လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း
ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။

ကျမတို့
အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။
တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊
တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။

ဧရာဝတီ
- အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top