ပန်းသေ၊ ပန်းညှိုး
ပန်းကြာရှည်မလန်းဆန်းနိုင်ခြင်းကို Impotency (သို့မဟုတ်) Erectile Dysfunction ဟု
သုံးနှုန်းလေ့ရှိသော်လည်း၊ ယင်းဝေါဟာရနှစ်ခု ကွာခြားမှု ရှိပါသည်။ မည်သို့ပင်ဆိုစေ
ပန်းသေ ပန်းညှိုး ပန်းကြာရှည်မလန်းဆန်းမှု ပြဿနာမှာ အမျိုးသားများ၏ ဘ၀သက်တမ်း
တစ်လျှောက်တွင် အများအားဖြင့် ကြုံတွေ့ ရလေ့ရှိသော ပြဿနာ တစ်ရပ်ဖြစ်သည်။
ပန်းသေ ပန်းညှိုး ပန်းမလန်းဆန်းနိုင်ခြင်းမှာ
အကြောင်းဇာစ်မြစ် မြောက်မြားစွာ ကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ
ပြဿနာကြောင့် ဖြစ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ ရောဂါ ဝေဒနာ များကြောင့်လည်း
ဖြစ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာနှင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါ ဝေဒနာ နှစ်မျိုးစလုံး
ပူးတွဲဖြစ်ပေါ်မှုကြောင့်လည်း ပန်းသေ ပန်းညှိုး ပန်းကြာရှည်မလန်းခြင်း
ဖြစ်နိုင်ပါသည်။
ပန်းသေ ပန်းညှိုး ပန်းကြာရှည်မလန်းနိုင်ခြင်းမှာ
အသက်အရွယ်ကြီးသူများတွင် ဖြစ်လေ့ ရှိသော်လည်း၊ အသက်အရွယ်မရွေး ဖြစ်နိုင်သော
လိင်ဆက်ဆံမှု ဆိုင်ရာ ပြဿနာဖြစ်သည်။ အမျိုးသားများ အနေဖြင့် မိသားစုဆရာဝန်များထံ
အများဆုံးတင်ပြလာသော ပြဿနာ တစ်ရပ်ဖြစ်သည် ဟု ဆိုနိုင်ပါသည်။
ပန်းသေ ပန်းညှိုး၊
ပန်းကြာရှည်မလန်းဆန်းနိုင်ခြင်းကို သောက်ဆေးများ၊ လိင်အင်္ဂါကို တိုက်ရိုက်ထိုးရသော
ဆေးများနှင့် လိင်အင်္ဂါဆီးပြွန် သုတ်လမ်းကြောင်းအတွင်း ထည့်သွင်းရသော ဆေးများဖြင့်
ကုသပေးနိုင်သည်။ ထိုဆေးဝါးများသည် အတိုင်းအတာ တစ်ခုအထိ အကျိုး သက်ရောက် မှု
ရှိကြောင်း တွေ့ရသည်။
လေဟာနယ် ပြုလုပ်၍ လိင်အင်္ဂါအတွင်း သွေးဝင်စီးဆင်းမှု
များစေပြီး၊ သွေးများ ပြန်မထွက် စေရန် ညှစ်အားပေးနိုင်သော ကွင်းတပ်ဆင်၍
လိင်ဆက်ဆံဖြင်းဖြင့် ပန်းကြာရှည် လန်းဆန်းမှုကို ဖြစ်စေနိုင်ပါသည်။ ဆေးဝါးများဖြင့်
လန်းဆန်းအောင်ပြုခြင်း၊ လေဟာနယ်ပြု၍ လိင်အင်္ဂါ တောင့်တင်းမှု ကို
ကြာရှည်စေခြင်းတို့မှာ ယာယီသက်သာ ပျောက်ကင်းသက်သာစေသော ကုထုံးတစ်ရပ်ဖြစ်သည်။
သို့သော် ပန်းသေ ပန်းညှိုး၊
ပန်းကြာရှည်မလန်းဆန်းခြင်း၏ ကြောင်းရင်းဇစ်မြစ်ကို ကုသခြင်း ဖြင့် လုံးဝ အမြစ်ပြတ်
ပျောက်ကင်းစေနိုင်မည် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ပန်းသေ ပန်းညှိုး၊
ပန်းကြာရှည်မလန်းဆန်းခြင်း ဖြစ်လျှင်၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု လိုအပ်မည်
ဖြစ်သည်။ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း (Counseling) သည် ပန်းသေ ပန်းညှိုး
ပန်းကြာရှည် မလန်းဆန်းခြင်း ပြဿနာကို ကုသရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။
ပန်းသေ ပန်းညှိုး
ပန်းကြာရှည်မလန်းဆန်းနိုင်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ် လာနိုင်ပြီး
နောက်ဆက်တွဲ အကျိုးဆက်အဖြစ် လူမှု ရေး ပြဿနာများလည်း ထပ်ဆင့် ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ ပန်းသေ ပန်းညှိုး ပန်းကြာရှည်မလန်းဆန်းခဲ့လျှင် မိမိဘာသာ မျိုသိပ်မနေဘဲ၊
တတ်ကျွမ်း နားလည်သူ ဆေးပညာရှင်များနှင့် ပြသ၍ ကုသမှု ရယူကြရမည် ဖြစ်ပေသည်။
ဒေါက်တာ
အိတ်က်ဇ်
(October
14, 2009 Family Health Journal)




