8
Jul

အမြင်များ ပြောင်းလဲရေးနှင့် အိဒ်(စ်) ရောဂါ ပြဿနာ



ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံ အယ်ဒီတာစကား
(၃) အမြင်များ ပြောင်းလဲရေးနှင့် အိဒ်(စ်) ရောဂါပြဿနာ

 

ယခုအခါ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ (Acquired
Immune Deficiency Syndrome) ဖြစ်ပွားမှု ပြဿနာသည် တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့်
ထိပ်တန်း ပြဿနာတရပ် အဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

၂၀၀၁ ခုနှစ် ဇွန်လ (၂၅) ရက်နေ့က ကျင်းပခဲ့သော
အိဒ်(စ်) ရောဂါဆိုင်ရာ ကုလသမဂ္ဂ အထူးညီလာခံ ဖွင့်လှစ်ပွဲ အခမ်းအနား၌ ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအနန်က အိဒ်(စ်) ရောဂါကြောင့် ယခုအချိန်အထိ ကမ္ဘာတဝှမ်းလုံးတွင်
လူပေါင်း (၂၂) သန်းအထိ အသက် ဆုံးရှုံးခဲ့ရပြီ ဖြစ်ကြောင်း၊ အိဒ်(စ်) ရောဂါ
တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်မှု ရရှိစေရေး အတွက် ယင်းရောဂါနှင့် ပတ်သက်၍
ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ပြောကြား သွားပါသည်။

အိဒ်(စ်) ရောဂါ ဖြစ်ပွားမှုပြဿနာကို
မိမိတို့အနေဖြင့် ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ အိဒ်(စ်) ရောဂါ
ကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိ တည်ရှိနေမှုများကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန်
ငြင်းဆန်ခြင်းဖြင့် လည်းကောင်း ယင်းပြဿနာကို မဖြေရှင်း နိုင်ကြောင်း၊ အိဒ်(စ်) ရောဂါဝေဒနာ
ခံစားနေရသူများအား ချိုးနှိမ်ဆက်ဆံခြင်း၊ အရှက်တကွဲ အကျိုးနည်းအောင် ပြုလုပ်ခြင်း၊
အမှားဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြင့်လည်း ယင်းပြဿနာမှာ ပြီးပြတ် မသွားနိုင်ကြောင်း
… စသည်ဖြင့် စဉ်းစားဖွယ်ရာ အချက်အလက်များကို ထည့်သွင်း ပြောကြား သွားပါသည်။

အိဒ်(စ်)
ရောဂါ ဖြစ်ပွားမှုတွင် အထူးသဖြင့် အိဒ်(စ်) ရောဂါကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိ
တည်ရှိနေမှုများကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်းဆန်ခြင်းသည် ရောဂါ ဖြစ်ပွားမှုနှုန်းကို
ပိုမို မြင့်မားစေသည့် အဓိက အချက်ဟု ထင်မြင်မိပါသည်။ အဆိုပါ ရင်ဆိုင်ဖြေရှင်းရမည့်
ပကတိ တည်ရှိမှုများထဲတွင် ရောဂါ ကူးစက်မှုနှုန်းထား အများဆုံးဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှု
ပြဿနာနှင့် လိင်အပျော်အပါး လိုက်စားခြင်း ပြဿနာတို့ကို ကိုင်တွယ် ဖြေရှင်းရေးသည်
အထူး အရေးကြီး လှသည်ဟု ထင်မိပါသည်။

မူးယစ်ဆေးဝါး
သုံးစွဲမှု ပြဿနာကို ဖြေရှင်းရာတွင် ရောင်းသူရှိ၍ ဝယ်ယူသုံးစွဲမှု ရှိနေခြင်းအပေါ်
မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဖမ်းဆီးအရေးယူကာ အပြစ်ပေးခြင်းထက် စည်းရုံး သိမ်းသွင်း
ဖော်ထုတ်ပြီး စနစ်တကျ ဆေးဝါးကုသပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခဲ့သူများကို
မနှစ်မြို့ဖွယ်ရာ လူများအဖြစ် မရှုမြင်စေရန် လူ့အဖွဲ့အစည်းသို့ ပညာပေးခြင်း၊
ဆေးကုသမှု ခံယူပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပါဝင် လှုပ်ရှား လာစေရေးအတွက်
စနစ်တကျ ပြန်လည် ထူထောင် ပေးခြင်းတို့ကို ပြုလုပ်ပေးရမည် ဖြစ်ပါသည် (သို့မဟုတ်ဘဲ
ချိုးနှိမ်ပစ်ပယ် ထားပါက အမှား သံသရာထဲသို့ တကျော့ပြန် ရောက်ရှိ သွားစေနိုင်ပါသည်)။
ဤသို့ မူးယစ်ဆေးဝါး သုံးစွဲသူဦးရေကို စနစ်တကျ ထိန်းချုပ် လျော့ပါးစေခြင်းဖြင့်
အိဒ်(စ်) ရောဂါ ကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်းစေမည် ဖြစ်ပါသည်။

တဖန်
လိင်အပျော်အပါး လိုက်စားသည့် ပြဿနာနှင့် ပတ်သက်၍လည်း ပွင့်ပွင့်လင်းလင်း တင်ပြချင်ပါသည်။
ခန္ဓာကိုယ် ဓာတ်သဘာဝ ဖွဲ့စည်းမှုသည် လူတဦးနှင့် တဦး မတူညီ ကြသည့်အလျောက် ဇီဝကမ္မ တောင်းဆိုမှု
(Physiological Demand) ဖြစ်သည့် လိင်စိတ်ဖြစ်ပေါ်မှု ပမာဏသည်လည်း လူတဦးနှင့်တဦး
မတူညီဘဲ အနည်းအများ ကွာခြားကြသည်သာ ဖြစ်သည်။ လိင်စိတ်ဖြစ်ပေါ်မှု နည်းပါးသူက
လိင်အပျော်အပါး လိုက်စားမှု နည်းပါးမည်ဖြစ်ပြီး လိင်စိတ် ဖြစ်ပေါ်မှု များပြားသူက
လိင်အပျော်အပါး လိုက်စားမှု ရှိနေမည်မှာ လျစ်လျူရှု၍မရသော ပကတိ တည်ရှိနေမှုများသာ
ဖြစ်ပါသည်။

ထို့ကြောင့်
လိင်ဆန္ဒကြီးမားသူများ လိင်အပျော်အပါး လိုက်စားရာတွင် ကျန်းမာရေး အသိရှိအောင်
ပညာပေးဖို့သာ လိုပေသည်။ ထို့အပြင် လိင်ဆန္ဒ ကြီးမားသူများ အနေဖြင့် မိမိ ဝါသနာပါရာ
အလုပ်တခုခုတွင် အာရုံစူးစိုက် လုပ်ဆောင် နေခြင်းဖြင့်လည်း လိင်ဆန္ဒကို လျော့ပါးစေကာ
ရောဂါကူးစက်ဖို့ အခွင့်အရေး နည်းပါးလာမည်ဟု ထင်ပါသည်။

တဖန်
ပြည့်တန်ဆာလုပ်ငန်း တည်ရှိနေမှု ပြဿနာသည် မည်သည့်ခေတ် မည်သည့်အခါတွင်မှ ဖမ်းဆီး အရေးယူခြင်း
နည်းလမ်းဖြင့် အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့သည် မဟုတ်။ အဆိုပါ ပြဿနာသည် ဖုံးဖိ ဖြေရှင်း၍
မရနိုင်ဘဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှ ရမည်ဖြစ်သည့် အလျောက် ကျန်းမာရေး အသိတရား
ကင်းမဲ့စွာ ပုန်းလျှိုး ကွယ်လျှိုး လုပ်ကိုင် နေကြခြင်းဖြင့် ရောဂါ ကူးစက်မှုနှုန်းထား
အလွန်အမင်း မြင့်မား နေစေမည့်အစား ဘဝပေးအခြေ အနေအရ ပြည့်တန်ဆာ လုပ်ငန်းဖြင့်
အသက်မွေးဝမ်းကျောင်း မပြုမဖြစ် ပြုနေရသည့် အမျိုးသမီးများကို ကျန်းမာရေး စစ်ဆေးကာ
စနစ်တကျ ခွင့်ပြု လုပ်ကိုင်စေခြင်းက ရောဂါ ကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်း
စေမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင်
အိဒ်(စ်) ရောဂါတိုက်ဖျက်ရေးတွင် ငြင်းဆန်မရသော ပကတိ တည်ရှိ နေမှုများ ဖြစ်သည့်
မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လိင်အပျော်အပါး လိုက်စားခြင်း ပြဿနာများကို အမြင်ကျယ်စွာဖြင့်
စနစ်တကျ ကိုင်တွယ် ဖြေရှင်းမှ ရောဂါ ကူးစက်မှုနှုန်ထား ကျဆင်းမည် ဖြစ်ရာ
ယင်းပြဿနာများကို ရင်ဆိုင် ဖြေရှင်းရာတွင် လူ့ အဖွဲ့အစည်းအတွင်း မှီတင်း နေထိုင်သည့်
လူအများစုကလည်း အမြင်များ ပြောင်းလဲရှုမြင်ကြဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း
ဆွေးနွေး တင်ပြလိုက်ရပါသည်။

(မြားနတ်မောင်
မင်္ဂလာ မဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၁ ခုနှစ်)

မှတ်ချက်
။ ။အနီရောင်ဖြင့် ပြထားသည့် စာပိုဒ်မှာ ထိုစဉ်က စာပေစိစစ်ရေးမှ ဆင်ဆာဖြတ်ခဲ့
သည်ကို အနီးစပ်ဆုံး ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။

ဒေါက်တာလွဏ်းဆွေ
-
အမြင်များ ပြောင်းလဲရေးနှင့် အိဒ်(စ်) ရောဂါ ပြဿနာ

ယှဉ်တွဲဖတ်ရှုလိုပါက - အေအိုင်ဒီအက်(စ်) ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top