31
May

အပြုံးမျက်နှာနဲ့ အပုန်းဝေဒနာ



ဗန်ကာတေ့ရှ်ဟာ အိန္ဒိယနိုင်ငံ
အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်က နယ်စွန်နယ်ဖျား မြို့ရွာလေးတခုဖြစ်တဲ့ မန်ချေရီယာမြို့က
အိမ်ထောင်ရှင်တဦးပါ။ အခုဆိုရင် ဗန်ကာရဲ့သမီးလေးက အသက်နှစ်နှစ်တင်းတင်းပြည့်ပြီး
သူ့ မိန်းမမှာလဲ နောက်ကိုယ်ဝန် အရင့်အမာနဲ့ မွေးဖို့ဖွားဖို့
အသင့်အနေအထားဖြစ်နေပါပြီ။ ရပ်ထဲရွာထဲက အများသူတွေကတော့ ဗန်ကာရဲ့
ဘ၀ကိုအားကျမိကြမှာပါ။ ချောချောလှလှမိန်းမကလည်းရထား၊

 

ဟော...
သမီးလေးကလည်းချောလို့လှလို့ နောက်ထပ်ကိုယ်ဝန်က သားယောက်ျားလေးသာဖြစ်လာခဲ့မယ်ဆိုရင်
အင်း
ဗန်ကာ့ဘ၀ပြီးပြည့်စုံပြီလို့
ထင်ကြမှာပါ။ ဒါပေမယ့် အဲဒီအထင်တွေအမြင်တွေက ဗန်ကာရဲ့ဘ၀နဲ့တော့ တက်တက်စင်အောင်ကို
လွဲမှားနေကြတာပါ။  ဗန်ကာ့ဘ၀က
လူအများထင်သလိုမပျော်ပိုက်ပါ။ အခုလိုနေရတဲ့ ဘ၀ကိုလည်း ဗန်ကာမနှစ်ခြိုက်ပါ။

 

အမြဲလိုလိုစိတ်မွန်းကျပ်မှုတွေနဲ့
ဗန်ကာ့ဘ၀ကို ဖြတ်သန်းလာခဲ့ရတာ ခုဆိုသမီးလေးတောင် တော်တော်ကြီးနေပါပြီ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဗန်ကာ အခုယူထားတဲ့မိန်းမကို မချစ်မနှစ်သက်ပဲနဲ့
လက်ထပ်ခဲ့ရတာပါ။ မိဘဆွေမျိုး 
အသိုင်းအ၀ိုင်းက အတင်းအကျပ် လက်ထပ်ခိုင်းလို့ မျက်စိစုံမှိတ်ပြီး
ဒီမိန်းမကို ယူခဲ့ရတာပါ။ အခုလိုကလေးတယောက်သာရခဲ့တာ ခုအချိန်အထိ ဗန်ကာ့စိတ်တွေက
မိန်းမဆီမှာ တစက်ကလေးမှတောင် ကပ်မနေတာပါ။ အမှန်တကယ်ဝန်ခံရရင် ဗန်ကာ
တသက်လုံးကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်းသွားချင်တဲ့သူက ဗန်ကာ့လို
အမျိုးသားတယောက်ကိုပါ။ ဗန်ကာ ယောက်ျားအချင်းချင်း ချစ်မြတ်နိုးရတာကိုပဲ ရင်ခုန်တယ်၊
ယောက်ျားချင်းချင်း နီးနီးကပ်ကပ် အတူနေထိုင်ရတာကိုပဲကြည်နူးတယ်။ အဲဒီတော့
စပိမလို့ခေါ်တဲ့ မိန်းမအပေါ် ဘယ်လိုသာယာနိုင်ပါ့မလဲလေ။

 

ဟော
ခုဆိုညသန်းခေါင်ရောက်လုနီးပြီ၊ ဗန်ကာ အပြင်ထွက်ဖို့အချိန်ရောက်ပြီ၊
ဗန်ကာတယောက် 
ပျော်မွေ့ရာအသိုင်းအ၀ိုင်းဆီကို
လျှမ်းဖို့ သွားဖို့ရန်အချိန်တန်ပြီ။
ဗန်ကာကြည်နူးတဲ့အသိုင်းအ၀ိုင်းဆိုတာက ဗန်ကာ့လို ပုန်းရည်ကြီးမတွေ အချင်းချင်း
တွေ့ဆုံပျော်ပါးကြ၊ ရင်ထဲစောင့်ထိမ်းမြိုသိပ်ထားတဲ့ အာသီသတွေကို ဖြေသိမ့်ကြရတဲ့
နေရာလေးပေါ့။ အခုလိုမိန်းမ မသိအောင် ညသန်းခေါင်မှာ တိတ်တခိုးထွက်ပြီး မိမိပျော်မွေ့တဲ့
အသိုင်းအ၀ိုင်းဆီကို ခေတ္တခဏ ပြေးတွေ့ရတဲ့အလုပ်ကို မလုပ်ဖြစ်ဘူးဆိုရင်
အနည်းဆုံးတပတ်မှာ သုံးရက်လောက်ကတော့ ညတိုင်းလိုလို ရောက်ဖြစ်ပါတယ်။

 

မိန်းမနဲ့ကလေးမသိအောင်
တိတ်တဆိတ် ခြေကိုဖော့ဖော့လေးနင်းထွက်ခွါပြီး မီးရောင်ထိန်ထိန်လင်းတဲ့
ဘူတာရုံကိုဖြတ် ဟိုးတဖက်ခြမ်းက မီးရောင်မှိန်မှိန်၊ ရွံ့ဗွက်အမိုက်သရိုက်တွေ
ထူပြောပြီး လူသူအရောက်အပေါက်နည်းတဲ့ စွန့်ပစ်ပန်းခြံလေးက ဗန်ကာ သွားချင်နေတဲ့
ဗန်ကာတို့လို အပုန်းဘ၀ ယောက်ျားချင်းချစ်သူတွေရဲ့ နိဗ္ဗာန်လေးပေါ့။ 

 

ဒီနေရာလေးကိုရောက်ပြီဆိုရင်
ဗန်ကာတော့ တသက်တာမြိုသိပ်ထားတဲ့ ဟန်ဆောင်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်းကြီးကို ပွင့်ချလိုက်တော့တာပါပဲ။ အများခေါ် (ဂန်ဒူး)ဆိုတဲ့  အမူအရာတွေကို စိတ်လွတ်လက်လွတ်ကို
ပြောဆိုပြုမူလိုက်ပြီပေါ့။ အမျိုးတူ အခြောက်မတွေအချင်းချင်း ပြောစမ်း။
စိတ်လွတ်လက်လွတ် ကိုယ့်ကိုလာပြီ ထိကပါးရိကပါး စော်ကားနောက်ပြောင်မဲ့သူတယောက်မှမရှိဘူး။
ကိုယ့်ကိုလာပြီး မှားတယ်မှန်တယ် ဝေဖန်ပြောဆိုမယ့်သူလည်းမရှိဘူး။
စိတ်လွတ်လက်လွတ်ကို ပျော်လို့ရတဲ့နေရာပေါ့။ မီးရောင် ဖျော့တော့တော့
မှုန်မှုန်ဝါးဝါးအောက်မှာ ဘာလိုချင်လဲ၊ ဘာစားချင်လဲ။ အဆင်လေး လား၊ သူငယ်လေး လား၊
အအိုလား၊ လူပျိုလား၊ တောင့်တောင့်ဖြောင့်ဖြောင့်လေးလား၊ ပိန်ပိန်လေးလား၊ အပ်
ကလေးလား၊ အကိတ် ကြီးလား ကြိုက်တာရွေး အစုံရတယ်၊ အကုန်ရတယ်။ တခါတလေတော့လဲ
ဟောင်ကောင်တွေနဲ့ ကြုံရသေးတယ်။ တခါတလေတော့လဲ အင်္ဂလန်စိန်တွေက ရှိသေး။

 

တညတည်းနဲ့
ဘယ်နှစ်ယောက်စားနိုင်လဲ၊ ဘယ်နှစ်လုံး ဥမလဲ။ ပို့ချင် ကြိုချင် တဲ့သူတွေ
နှစ်ဦးနှစ်ဖက် အဆင်ကိုပြေနေရော၊ တပြိုင်တည်းနဲ့ ဘယ်နှစ်ယောက်နဲ့နွှဲနိုင်လဲ
နွှဲစမ်း ကြိုက်သလောက်၊ အဲသလိုကို စိတ်လွတ်လက်လွတ် မီးကုန်ရမ်းကုန် နွှဲနိုင်
ပျော်နိုင်ပါးနိုင်တဲ့နေရာက ဗန်ကာတို့လို အပုန်းမတွေအတွက်တော့ နိဗ္ဗာန်လို့
မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ
ဟုတ်ဘူးလား။  တညလုံး
အရိုကြေကြေအရေခမ်းခမ်း ပျော်ပွဲဆင်နွှဲပြီးလို့ မနက်လင်းအချိန်ရောက်လုပြီဆိုတော့
တယောက်စ နှစ်ယောက်စနဲ့ တဖြည်းဖြည်းလူစုခွဲကြပြီပေါ့။

 

ညကအတူတူ နွှဲခဲ့တဲ့သူတွေက ဘယ်သူ
ဘယ်ဝါဆိုတာ ကွဲကွဲပြားပြား ဘယ်သူမှမသိကြတော့ပါ။ မှတ်မိအုံးတော့လဲ အပြင်မှာဘယ်သူမှ
မေးထူးခေါ်ပြောမလုပ်ကြတော့ပါ။ ကိုယ်လုပ်စရာရှိတဲ့ နိစ္စဒူဝ
ဝမ်းစာရေးအလုပ်တွေကို  တာဝန်ကျေကျေ
လုပ်ကြကိုင်ကြ၊ ပြီးတော့ အချိန်တန်လို့ တိတ်တခိုး ပျော်မြူးရမယ့်
ညအချိန်ရောက်လာရင် ဘယ်သူမှ ချိန်းချက်လုပ်ထားစရာမလိုဘဲ အလိုလိုကို ဆုံရပ်ကိုရောက်လို့လာကြပြန်တယ်။ 

 

ဒီလိုတိတ်တခိုး ပျော်ပါးခဲ့တဲ့
အကျိုးရလဒ်လို့ပြောရမလားမသိ။ ဗန်ကာတယောက် တခါမှမကြားဖူးတဲ့ရောဂါတခု
အဲဒီနေရာကရခဲ့တယ်။ ဘယ်ကနေဘယ်လို ရခဲ့တယ်ဆိုတာကိုတော့ ဗန်ကာနားမလည်ခဲ့။  တော်သေးတာပေါ့ ကျန်းမာရေးအဖွဲ့အစည်းတခုက
ပညာပေးသင်တန်းမှာ သွားတက်ခဲ့လို့ အဲဒီ
HIV/Aids ရောဂါအကြောင်းကို သိခဲ့တာ။ သိသိချင်းပဲ
ဗန်ကာသွေးသွားစစ်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ ပေါ့စတစ်(
positive)
တဲ့ ရောဂါပိုးစ၀င်နေပြီပေါ့။
ဒါပေမယ့် ရောဂါလက္ခဏာကတော့မပြသေးဘူး။

 

ရောဂါပိုးဝင်တဲ့အဖြေရတော့လည်း
ဗန်ကာ သိပ်တော့ထိတ်လန့်မသွားခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သွေးမစစ်ခင်မှာ ကြိုတင်ပြင်ဆင်
ဆွေးနွေးအကြံပေးမှုတွေကို ရယူခဲ့ပြီးလို့လေ။ ဒါပေမယ့် မိန်းမနဲ့ ကလေးကရော
ဘယ်လိုဖြစ်မလဲ ဗန်ကာ တယောက် မတွေးရဲတဲ့အကြောင်းအရာတခုပါ။

 

မိန်းမနဲ့ကလေးကတော့
တကယ့်သနားစရာပါ။ ဒီနေ့ဒီအချိန် ဗန်ကာ ဘယ်သွားလို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ
သူတို့သိကြမှာမဟုတ်ပါ။  ဒီလိုနဲ့ခုတော့
ဘန်ကာတယောက် မန်ချာရီယာမှာရှိတဲ့ ကိုယ့်လို လိင်တူချစ်သူအမျိုးသားတွေ အကြားမှာ
HIV/Aids
လိင်ပိုင်းဆိုင်ရာကူးစက်မှု
ရောဂါတွေအကြောင်းကို ပညာပေးတဲ့ စေတနာ့ဝန်ထမ်းတယောက် ဖြစ်နေပါပြီ။ နေ့ဘက်ကျရင်တော့
အလုပ်လုပ် မိသားစုကိစ္စအ၀၀ကို ဖြေရှင်းပေး၊ ညပိုင်းကျရင်တော့ ထုံးစံအတိုင်း
နိဗ္ဗာန်ဘုံလေးဆီကို တိတ်တဆိတ်လှမ်းခဲ့ ပြီတော့ ပျော်ကြနွှဲကြ
စိတ်ဆန္ဒတွေဖြေဖျောက်ကြပေါ့။ ဒါပေမယ့် အခြားသူတွေထက်စာရင် ဗန်ကာ
ကတော့အလုပ်တခုပိုတယ်ပေါ့။

 

အဲဒါကတော့ ကိုယ့်သူငယ်ချင်းတွေ
ပျော်ပါးကြတော့မယ်ဆိုရင် ကွန်ဒုံးနဲ့ ချောဆီ (ဂျယ်)အထုတ်လေးတွေ လိုက်လံဝေမျှပေးတာ၊
ကွန်ဒုံးသုံးဖို့ သတိလိုက်ပေးတာတို့ကို လုပ်ရတာပေါ့နော်။ အလွှာပါးတာကို
ကမ္ဘာခြားတယ်လို့မထင်စေချင်တဲ့အကြောင်း ပြောပြရတာများ ပါးစပ်တောင်ညောင်းတယ်။
သိတယ်မို့လား ဂျီမတွေက မျိုးစုံ ကြိုးခုန်၊ လုပ်ကြံ မုန့်ပန်းကန်တွေလေ။  တကယ်လို့များ
HIV/Aids အကြောင်းကို အကျယ်တ၀င့်သိချင်တယ် ဆိုရင်တော့
စိတ်ရှည်လက်ရှည်ရှင်းပြတယ်။

 

လိုအပ်မယ်ထင်ရင်
ပညာပေးဌာနရှိရာရုံးရဲ့ လိပ်စာကို ပြောပြလိုက်တယ်။ နောက်တော့ကိုယ်ကိုယ်တိုင်လဲ
စိတ်လိုလက်ရ တ၀ကြီးပျော်ပါးပြီးတော့ အိမ်ပြန်တာပေါ့နော်။ နောက်ပိုင်းမှာ
ဗန်ကာတို့ရဲ့ လူထုကျန်းမာရေးပညာပေးဌာနကို အပုန်းတွေရော၊ အပွင့်မတွေရော
အကုန်လုံးလိုလို တဖွဲဖွဲရောက်လာကြပါတယ်။ တချို့ဂျီမတွေ ဆိုရင် တငိုငိုတယိုယိုနဲ့
ဗန်ကာတို့ကျန်းမာရေးဌာနကို ရောက်လာကြတယ်။ ဘာဖြစ်လို့လဲမေးကြည့်တော့ ဗန်ကာတို့
အိန္ဒိယအစိုးရကဖွင့်ထားတဲ့ ဆေးပေးခန်းနဲ့ ဆေးရုံတွေကို ပထမသွားပြကြတယ်တဲ့။

 

ရောက်တယ်ဆိုရင်ပဲ ဆရာဝန်က
သူတို့ကိုမြင်မြင်ချင်း အခြောက်မတွေ၊ ဂန်ဒူးမတွေ၊ ရောဂါပိုးကုန်သည်တွေဆိုပြီး
သမုတ်တော့တာဘဲတဲ့။ ဒါနဲ့ဆေးရောကုပေးလားဆိုတော့ မကုပေးတဲ့အပြင် ပြန်နှင်လွှတ်တယ်တဲ့။
ဆိုတော့သူတို့မှာ လူရှေ့သူရှေ့မှာ မိအေးနှစ်ခါနာ အဖြစ်နဲ့ရင်ဆိုင်ခဲ့ကြရတော့တာပေါ့။
အင်း တော်သေးတာပေါ့ ဗန်ကာက အပုန်းပုံစံနဲ့ဆိုတော့ လူရှေ့မှာမသိသာလို့
ဒီလိုအဖြစ်နဲ့မတိုးတာ။ 

 

ဗန်ကာတို့အစိုးရကိုက
ဆိုးလွန်းပါတယ်။ ကြည့်ပါလား ခုချိန်ထိ ဟိုးပဝေသဏီ ကိုလိုနီလက်ထက်က အင်္ဂလိပ်တွေ
ထားခဲ့တဲ့ ခေတ်မမှီတော့တဲ့ လက်ကျန်ဥပဒေပုဒ်မ ၃၇၇ (သဘာဝမကျတဲ့နည်းဖြင့်
လိင်ဆက်ဆံခြင်းကိုတားမြစ်သည့်ဥပဒေ) ကို ဒီနေ့အထိ ဆက်လက်ကျင့်သုံးနေတုန်းပဲ။
အကျိုးအမြတ်ကဘာတုန်း ဗန်ကာ့ တို့လို အပုန်းမဘ၀နဲ့ ဟန်ဆောင်နေရတာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ပေါ်တင်နေရင် ၃၇၇ နဲ့ ဂျေး(
jail)ထဲကို တန်းရောက်သွားမှာပေါ့။

 

ဒီလိုဆိုတော့
ကိုယ်စားချင်တဲ့အရာကိုလည်း ကောင်းကောင်းမွန်မွန် အေးအေးလူလူမစားရ အာသာမဖြေရနဲ့
လူမမြင်ကွယ်ရာမှာ လစ်ရင်လစ်သလို ခိုးစားကြတော့တာပေါ့။ အဲဒီလို ဖြစ်ကတတ်ဆန်း
ခိုးစားနေကြတော့လည်း ရောဂါပိုးကမကူးနိုင်စရာလား။ ဗန်ကာ တခါတခါ ဒီအစိုးရကို
အရမ်းစိတ်ဆိုးတယ်။ ကိုလိုနီ အင်္ဂလိပ်တွေဆီက အတုယူသင့်တဲ့ဟာ
အမွေယူထားခဲ့ဖို့ကောင်းတဲ့ဟာတွေကတော့ မယူ ဟော
ဒိတ်အောက်နေပြီးသား ဥပဒေကိုကျပြန်တော့ အမြတ်တနိုးနဲ့
သိမ်းထားနေလိုက်တာ အံ့ရော အံ့ရော။ 
ဗန်ကာတို့ တနေ့တနေ့ သွားလာနေထိုင် အသက်ရှင်နေရတာများ
ယောက်ျားမျက်နှာဖုံးတပ်ပြီး အသက်ရှင်နေရသလို ပါဘဲ။ ဟန်ဆောင်နေကြရတာကလည်း ဖတ်ဖတ်ကိုမောနေတာဘဲ။
ကံထူးလို့ ဂန်ဒူးဖြစ်ရတာတောင် ပွင့်ပွင့်လင်းလင်း မဖြစ်ရဲ။

 

အင်း တဖက်ကလဲ
လူမှုအသိုင်းအ၀ိုင်းနဲ့ မိသားစုရဲ့ဖိအားကြောင့် မိန်းမလဲယူရ၊ ကလေးပါမွေးလိုက်သေး၊
လူမှုအသိုင်းအ၀ိုင်းရဲ့ ဖယ်ကျင်စွန့်ပစ်မှာကို ကြောက်တော့ မတတ်သာလို့သာ
လုပ်လိုက်ရတာ ကိုယ့်ကိုယ်ကိုတောင် မသတီတော့ သလိုခံစားရတယ်။ အမြဲဆုတောင်း
မေတ္တာပို့မိတာလေးတော့ရှိတယ်။

 

ဗန်ကာတို့ ဘ၀မှာတော့
ဒီလိုရှိပါစေတော့။ ဒါပေမယ့် နောင်လာမယ့် မျိုးဆက်သစ်တွေမှာတော့ ဒီလိုလူမှု
အသိုင်းအ၀ိုင်းကရော၊ တရားဥပဒေဘက်ကရော ဗန်ကာတို့လို လိင်တူချင်းချစ်သူတွေအပေါ်မှာ
တရားဝင်တားမြစ် အရေးယူ ခွဲခြားဆက်ဆံတာတွေ ကွယ်ပျောက်သွားပါစေတော့လို့ပဲ
ဆုတောင်းမိပါတယ်။ အဲဒီလိုမျိုး ဗန်ကာတို့လို လိင်တူချစ်သူတွေအပေါ်
ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ဖို့ကလည်း ဗန်ကာတို့လို
အပုံးမတွေ၊ အပွင့်မတွေ အခြားလိင်တူ၊ လိင်ကွဲချစ်သူတွေ အားလုံးရဲ့ တာဝန်ပဲလေ
မဟုတ်လား။




Colours Rainbow

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top