27
Apr

အနှိပ်ခန်းနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက်



မကြာသေးမီက
အသစ်ပြောင်းရွှေ့လာသည့် ရန်ကုန်တိုင်း ရဲမှူးကြီးအားပေးရန်အတွက် ရဲအုပ်တဦးက ဦးဆောင်ကာ
ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်းနှင့် လောင်းကစားဒိုင်များထံမှ ဆက်ကြေးငွေ ကောက်နေသည်ဟု
သိရသည်။

စစ်တွေမြို့မှ
ရန်ကုန်တိုင်းရဲမှူးကြီးအဖြစ် ပြောင်းရွှေ့လာသူ ရဲမှူးကြီး အောင်ဒိုင်းအတွက် ဂါဝရပြုရန်ဟုဆိုကာ
လှိုင်မြို့နယ်အတွင်း တာဝန်ကျ ရဲအုပ် နိုင်ဦး ဆိုသူက ယခုလလယ်ပိုင်းလောက်မှစ၍ ရန်ကုန်တိုင်းအတွင်း
ငွေကောက်နေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက
“ရဲအုပ် နိုင်ဦးက အရင် ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်ရဲ့ လက်စွဲပဲ။ ဝင်းနိုင်
အလုပ်ပြုတ်၊ ထောင်ကျတော့ သူ့နေရာရောက်လာတဲ့ ရဲမှူးကြီး အောင်နိုင်သူ လက်ထက်မှာ သူ့ကို
မသုံးဘူး။ အခု အောင်နိုင်သူက မန္တလေးပြောင်းရတော့ ရခိုင်ဘက်နေ အောင်ဒိုင်းဆိုတာ အသစ်ရောက်လာတယ်။
သူ့ကို ကန်တော့ဖို့၊ ဂါရဝ ပြုဖို့ဆိုပြီး အရင် ဝင်းနိုင်ရဲ့ လက်စွဲ နိုင်ဦးဆိုတာက
ကမကထ လုပ်ပြီး ငွေကောက်နေတာ။ မျက်နှာလုပ်တာပေါ့ဗျာ။ ရဲမှူးကြီးအတွက်ဆိုတော့ ကျန်တဲ့
မြို့နယ်က ရဲတွေလည်း ငြိမ်ငြိမ်နေပေးရတာပေါ့
ဟု ပြောသည်။

ယခုကဲ့သို့
ငွေကောက်ခံမှုကို ရန်ကုန်တိုင်း ရဲမှူးကြီးအောင်ဒိုင်း ကိုယ်တိုင် သိမသိ မသိရှိနိုင်သော်လည်း
ရဲအုပ် နိုင်ဦးက အခြားရဲတပ်ဖွဲ့ဝင်တဦးနှင့်အတူ အနှိပ်ခန်းများမှ ကျပ် (၅) သိန်းနှုန်း၊
နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားဒိုင်များထံမှ ကျပ် (၁) သိန်းနှုန်းဖြင့် ရန်ကုန်မြို့အတွင်း
လှည့်လည်ကာ ငွေကောက်နေသည်ဟု အဆိုပါ ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက
“လစဉ်ကြေးတို့၊ လိုင်းကြေးတို့နဲ့မဆိုင်ဘူး။ အဲဒါတွေက ရဲစခန်းအပိုင်အလိုက် သူ့ဟာနဲ့သူ
ရှိပြီးသား။ အဲဒါကိုလည်း လုပ်ရိုးလုပ်စဉ်အတိုင်း ပေးကြပေါ့။ အခုဟာက သီးသန့်ကောက်တာ။
ရဲမှူးကြီးကို မျက်နှာလုပ်ပြတဲ့ သဘောနဲ့ ရဲအုပ် နိုင်ဦးက အလိုက်တသိ လုပ်ပေးတဲ့ပုံမျိုးပေါ့

ဟု ပြောသည်။

အနှိပ်ခန်း၊
လောင်းကစားဒိုင်များက ရဲစခန်းသို့ လစဉ်ကြေးအပြင် အခြားသော ငွေကြေးများကို မကြာခဏဆိုသလို
ပေးကြရကြောင်း၊ သို့သော် တခါတရံ စီမံချက်အရ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာလျှင် မိမိတို့ငွေ
ပေးထားသည့် ရဲများက လာရောက်တာဝန်ယူ ဖြေရှင်းခြင်းမျိုးမရှိကြောင်း အင်းစိန်မြို့နယ်အတွင်း
အနှိပ်ခန်းလုပ်ကိုင်ဖူးသူတဦးက ပြောသည်။

၎င်းက
“ပုံမှန်လိုင်းကြေးအပြင် ဟိုရဲစခန်းမှူးက နယ်ပြောင်းရမှာမို့၊ ဘယ်သူက ပြောင်းတော့မှာမို့ဆိုပြီး
ငွေကောက်တာလည်း ခဏခဏ ကြုံရတယ်။ ကိုယ်ကတော့ အလုပ်မဖြစ်လို့ ဆိုပြီး တောင်းတဲ့အတိုင်း
မပေးဘဲ လျှော့ယူခိုင်းတာကလွဲလို့ ဘာမှ လုပ်လို့မရဘူး။ ဖမ်းတာဆီးတာဖြစ်လာရင်လည်း ကိုယ့်ဖာသာကိုယ်ရှင်း၊
ငွေတောင်းစားထားတဲ့ ကောင်တွေက မသိသလို ရှောင်နေကြတာ
ဟု ပြောသည်။

 

ခေတ်ပြိုင်
- အနှိပ်ခန်းနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top