တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အနှိပ်ခန်းများ၊ ကာရာအိုကေများ၌ ပြည့်တန်ဆာ လုပ်ငန်းသည် အလွယ်တကူ အခြေအနေဖြင့် လုပ်ကိုင်နေခြင်းများရှိကြောင်း သိရသည်။ အထူးသဖြင့် နယ်မြို့များတွင် ထိုလုပ်ငန်းလုပ်ကိုင်မှုမှာ ပိုမိုများပြားပြီး အဆောက်အဦကြီးများဖြင့် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ”တရားဝင်မဝင်တော့ မသိဘူး။ အဆောက်အဦနဲ့ လုပ်နေတဲ့ နေရာတွေတော့ အများကြီးပဲ၊ ယာဉ်ဝင်းဟောင်းအနီးနဲ့ ဘူတာနားမှာဆို ၆ ခုလောက်ရှိတယ်” ဟု ပဲခူးမြို့ခံ ဆိုင်ကယ်ကယ်ရီသမား တစ်ဦးဖြစ်သူ ကိုသားငယ်က ပြောသည်။
ထိုနည်းတူ ရန်ကုန်မြို့ မြို့လယ်၌ပင် အနှိပ်ခန်းသဖွယ် ဖွင့်လှစ်ထားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများရှိကြောင်း ယင်းနေရာများသို့ သွားရောက်ခဲ့ဖူးသူများ ထံမှသိရသည်။ ထိုသို့သော တရားမဝင်ဖွင့်လှစ် လုပ်ကိုင်နေသည့် ပြည့်တန်ဆာ လုပ်ငန်းများကြောင့် မိမိသားသမီးများ အတွက် စိုးရိမ်သည့် မိဘများလည်း ရှိပြီး ယင်းတို့အပေါ် တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်မှု အားနည်းသည့်အပေါ် ဘဝင်မကျမှုများလည်း ရှိကြောင်း သိရသည်။ ”ဖွင့်ထားတဲ့ တစ်နေရာဆို ရဲစခန်းထိပ်တည့်တည့် လမ်ပြတ်ပဲခြားတယ်။ ဖုန်းဆက်ပြီး တိုင်ရင်လည်း ကြိုပြီးအကြောင်းကြားထားလား မသိဘူး။
တစ်ယောက်မှ မရှိတော့ဘူး။ ပြီးရင်ပြန်ဖွင့်တာပဲ။ အဲဒီနေရာ တွေရှိတဲ့အတွက် အိမ်ကသမီးပျိုတွေကို ညဆို အပြင်မထွက်ခိုင်းဘူး” ဟု ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး ၁၃ တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ယင်းနှင့် ပတ်သက်၍ HIV & YOUTH အဖွဲ့မှ လက်ထောက် အရာရှိ ဒေါက်တာနေဝင်းက ”ဈေးဝယ်သူရှိနေရင် ဈေးရောင်းသူ ရှိမှာပဲ။ ပပျောက်ရေးစီမံကိန်းက တစ်ဖက်တည်း လုပ်လို့ရမှာ အဆင်မပြေဘူး” ဟု ပြောသည်။
လက်ရှိတွင် ထိုသို့သော အနှိပ်ခန်း၊ ကာရာအိုကေဟန်ဖြင့် ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာ လုပ်ငန်းများတွင် လုပ်ကိုင်နေရသည့် မိန်းကလေးများ အနေဖြင့် ခေါင်းပုံဖြတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ အနိုင်ကျင့် ခံရခြင်း အခြေအနေများ ကြုံတွေ့ရမှု ရှိခြင်းကြောင့် ထိုကိစ္စရပ်များ အတွက် ဆောင်ရွက်ရန် မြန်မာလိင်အလုပ်သမများ ကွန်ရက်တစ်ခုကို မကြာမီက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
”ဒီလိုသာ တရားဝင် ပေါ်လာမယ်ဆိုရင် ပိုက်ဆံရဖို့အလွယ် လမ်းလိုက်ချင်တဲ့ မိန်းကလေးတွေ အတွက် ပိုပြီး အကျိုးမဲ့စေနိုင်တယ်” ဟု PSI တွင် တာဝန်ထမ်းဆောင်နေသည့် စာရေးဆရာမ မြနှောင်းညိုက ပြောသည်။ အနှိပ်ခန်း၊ ကာရာအိုကေ အမည်ခံကာ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသည့် နေရာများသည် ရန်ကုန်မြိ့၌ များစွာရှိပြီး လူသိများသည့်ဒေသများမှာ ပဲခူး၊ မန္တလေးမြို့နှင့် နယ်စပ်မြို့များ ဖြစ်ကြောင်း သိရသည်။
Popular - အနှိပ်ခန်းနှင့် ကာရာအိုကေများ၌ တရားမဝင် ပြည့်တန်ဆာလုပ်ငန်း တရားဝင်ကဲ့သို့ အသက်ဝင်နေ




