ကုလသမဂ္ဂ
ကလေးများ ရန်ပုံငွေ အဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းရှိ အလုပ် လုပ်နေကြသော ကလေးငယ်
သန်းပေါင်း ၁၅၀ သည် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ဖြစ်ကြသည်။
ထိုအရေအတွက်
ခန့်မှန်းချက်သည် နိုင်ငံပေါင်း ၁၀၂ နိုင်ငံ၏ အချက်အလက် များပေါ်တွင် အခြေခံထားသည်။
ကလေး သူငယ်များကို အများဆုံး စေခိုင်းသည့် ဒေသသည် Sub-Saharan Africa ဖြစ်သည်။
ဘရာဇီး၊
အိန္ဒိယနှင့် မက္ကဆီကို နိုင်ငံတို့ကဲ့သို့ နိုင်ငံကြီးများတွင် စီးပွားရေး လုပ်ငန်းများ၌
ကလေးငယ်များ ခိုင်းစေမှု လျှော့ချနေသည်ကို လေ့လာ တွေ့ရှိရသော်လည်း နိုင်ငံ အများအပြားတွင်မူ
ဆက်လက် ခိုင်းမြဲ ခိုင်းနေကြပြီး အချို့ နိုင်ငံများတွင် ပို၍ ပို၍ပင် ခိုင်းစေမှု များလာသည်ကို
တွေ့ရသည်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ ကလေးသူငယ် အလုပ် ခိုင်းစေမှု
သုံးပုံနှစ်ပုံကျော်သည် စိုက်ပျိုးရေး ကဏ္ဍတွင် အလုပ် လုပ်နေကြသည်ဟု သိရသည်။ အသက် ၅ နှစ်မှ
၇ နှစ်အရွယ် ကလေးများပင် ထိုစိုက်ပျိုးရေး လုပ်ငန်းမှစ၍ အလုပ်သမား ဖြစ်လာကြသည်။ အထူးသဖြင့်
ကျေးလက်ဒေသမှ မိန်းကလေးငယ်များ ဖြစ်ကြသည်။
ကလေး
အလုပ်သမား ဖြစ်ရခြင်းသည် ဆင်းရဲမွဲတေမှု၏ အကြောင်းအရင်းနှင့် အကျိုးဆက်ကြောင့် ဖြစ်သည်။
ဆင်းရဲ မွဲတေမှုကြောင့် ကလေးငယ်များ၏ ပညာရေးကို ထိခိုက် နေသရွေ့ ကလေးငယ်များ၏ ဘ၀၊ ချွတ်ခြုံကျမှု
သက်ဆိုးရှည် နေမည်သာ ဖြစ်သည်။ လုပ်ငန်းခွင် အတွင်းသို့ စောစီးစွာ ရောက်ရှိသွားသော ကလေးငယ်များသည်
ကျောင်းနေမှု နောက်ကျခြင်း၊ အခြေခံ ပညာရေး ဆုံးခန်းတိုင် မပြီးမြောက်ခြင်း သို့မဟုတ်
ပညာသင်ခွင့် လုံးဝ မရခြင်းတို့ နှင့် ကြုံရသည်။ အလုပ် ဆင်းရသည့် မိန်းကလေးများသည် ကျောင်းစာ
တစ်ဖက်နှင့် ကျောင်းတက် နေရပါက ၎င်းတို့တွင် အိမ်အလုပ်၊ ကျောင်းစာအလုပ်နှင့် ပြင်ပအလုပ်
စသည့် အလုပ်သုံးမျိုးကို ၀န်ထုပ်ဝန်ပိုး အဖြစ် ထမ်းရွက်ကြရသည်။ ထိုသူများသည် မလွဲဧကန်
ပညာရေးဆုံးခန်း တိုင်မြောက် သင်ယူ ပြီးစီးကြမည် မဟုတ်ချေ။
ကလေးများ
အလုပ် ခိုင်းစေမှု အများအပြား ရှိနေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံအား လေ့လာကြည့်သည့်
အခါ ကျေးလက် ဒေသများရှိ ရွှေ့ပြောင်း နေထိုင်သူများ၏ ကလေးများနှင့် ဒေသခံ ကလေးများတို့သည်
မိသားစု စိုက်ပျိုးရေး လုပ်ငန်းများ ကြံစိုက်ခင်း၊ စပါးစိုက်ခင်း၊ ပြောင်းစိုက်ခင်း၊
ရော်ဘာ စိုက်ခင်းနှင့် လိမ္မော်ခင်းများတွင် အလုပ်ဆင်း နေကြရသည်။ မြို့ပြ ဒေသများတွင်မူ
ဓာတ်ငွေ့ဖြည့်သည့် စက်ရုံများ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ဈေးများ၊ စားသောက်ဆိုင်များ၊
ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းဘေး ဈေးဆိုင်များ၊ အထည်ချုပ် စက်ရုံများ၊ ငါးဖမ်း
လုပ်ငန်းများ၊ ပုစွန်နှင့် ရေထွက်ပစ္စည်း ထုပ်ပိုး လုပ်ငန်းများနှင့် ပင်လယ် အစားအစာ
ထုတ်လုပ်ရေး လုပ်ငန်း များတို့တွင် ကလေး အလုပ်သမားများ တွေ့ရသည်။
မြို့လယ်ခေါင်များတွင်
လမ်းပေါ်နေ ကလေး အမြောက်အမြား ရှိကြပြီး အများစုမှာ တောင်းရမ်း စားသောက် နေကြသည်။ ပြည့်တန်ဆာ
လုပ်ငန်းများနှင့် ညစ်ညမ်းပုံ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ကလေးငယ်များ ခေါင်းပုံဖြတ်
အမြတ်ထုတ်ခံနေရသည်။
ထိုင်းနိုင်ငံသည်
လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်ရန်နှင့် အလုပ် ခိုင်းစေရန် အတွက် ကလေးငယ်များအား လူကုန်ကူးမှု
ပြုလုပ်နေသည့် မူရင်းနိုင်ငံ၊ ကြားခံနိုင်ငံနှင့် ခရီးဆုံး နိုင်ငံလည်း ဖြစ်သည်။ အဓမ္မ
တောင်းရမ်းခိုင်းစေရန် နှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် အတွက် မြန်မာ၊ ကမ္ဘောဒီးယား၊
တရုတ်၊ လာအိုနှင့် ဗီယက်နမ်တို့မှ ကလေးငယ်များကို ထိုင်းနိုင်ငံ အတွင်းသို့ လူကုန်
ကူးလျက်ရှိကြသည်။
ထိုင်းနိုင်ငံ
National Commission of Women's Affairs ရုံး၏ ခန့်မှန်းချက် အရ ၁၈ နှစ်အောက် ထိုင်းနိုင်ငံသူ
ပြည့်တန်ဆာ အမျိုးသမီး ၂၂၅၀၀ မှ ၄၀၀၀၀ ရှိရာ ထိုင်းနိုင်ငံ အတွင်း ပြည့်တန်ဆာ ဦးရေ၏
၁၅/၂၀ ရာခိုင်နှုန်းခန့်သည် ၁၈ နှစ်အောက် ကလေးငယ်များ ဖြစ်ကြသည်။
ထိုင်းနိုင်ငံတွင်
အသက် ၁၅ နှစ်ရှိမှသာ အလုပ် လုပ်ကိုင်ခွင့်ရှိသည်။ ၁၈ နှစ်အောက် ကလေးငယ်များအား ငှားရမ်း
အသုံးပြုမည် ဆိုပါက အလုပ်သမား စစ်ဆေးဌာနသို့ အလုပ်ရှင်မှ အကြောင်းကြား အစီရင် ခံရသည်။
အလုပ်ချိန်ကိုလည်း ညဆယ်နာရီမှ နံနက် ခြောက်နာရီအထိ အလုပ်မဆင်းရန် ၎င်းတို့ ဥပဒေက တားမြစ်ထားသည်။
၎င်းတို့ အလုပ်သမား ဥပဒေတွင် ကလေးငယ်များကို အသက်အန္တရာယ် ရှိသော အလုပ်များ၊ အန္တရာယ်ရှိသော
အဆိပ်ဖြစ်စေသော ဓာတုဗေဒ ပစ္စည်းများ၊ အပူချိန် များပြားသည့် နေရာများ၊ အလွန် ဆူညံသည့်
နေရာများ၊ စက်ယန္တရားကြီးများ၊ မြေအောက်နှင့် ရေအောက် စသည့် ဆက်နွယ်မှု ရှိသော လုပ်ငန်းခွင်များတွင်
မခိုင်းစေရန် ပြဋ္ဌာန်းထားသည်။ ၎င်းအပြင် အရက်သေစာ ရောင်းသည့်နေရာများ၊ ဟိုတယ်များ၊ အနှိပ်ခန်းများ
စသည့် နေရာများလည်း ပါဝင်သည်။ ထိုတားမြစ်ချက်များကို ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ်
ကျခံရမည် ဖြစ်သည်။
၂၀၀၈
ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ၁၉၉၇ ခုနှစ်ကို အသစ်
ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။ လူကုန်ကူးခြင်း ခံရသူသည် အသက်ပိုင်းအခြားနှင့် လူကုန် ကူးခံရမှု
ပုံစံပေါ်တွင် မူတည်ပြီး ပြစ်ဒဏ်နှင့် ဒဏ်ကြေးတို့ကို ဖြည့်စွက် ထည့်သွင်းထားသည်။ ၁၅
နှစ်မှ ၁၈ နှစ်အရွယ် လူကုန်ကူးခြင်း ခံရပါက လူကုန်ကူးသူအား ထောင်ဒဏ် ၆ နှစ်မှ ၁၂ နှစ်
နှင့် ငွေဒဏ် ထိုင်းဘတ်ငွေ ၁၂၀၀၀၀ မှ ၄၂၀၀၀၀ ထိ ကျခံရမည် ဖြစ်သည်။ ၁၅ နှစ်အောက် ကလေးငယ်များကို
လူကုန်ကူးသူအား ထောင်ဒဏ် ၈ နှစ် မှ ၁၅ နှစ်နှင့် ငွေဒဏ် ထိုင်းဘတ်ငွေ ၁၆၀၀၀၀ မှ ၃၀၀၀၀၀
ထိ သတ်မှတ် ထားသည်။ ကုမ္ပဏီ တစ်ခု သို့မဟုတ် အေးဂျင့်တစ်ခုက လူကုန်ကူးမှု ကျူးလွန်ခဲ့လျှင်
ထောင်ဒဏ် ၆ နှစ်မှ ၁၂ နှစ်နှင့် ငွေဒဏ် ထိုင်းဘတ်ငွေ နှစ်သိန်းမှ တစ်သန်းထိ သတ်မှတ်ထားသည်။
ကလေးငယ်တို့၏
ကျန်းမာရေး၊ ပညာရေး သို့မဟုတ် တိုးတက် ဖွံ့ဖြိုးရေးကို ထိခိုက် နစ်နာစေမည့် အလုပ် ခိုင်းစေခြင်းမျိုးကို
ကာကွယ် တားဆီးရန် နိုင်ငံတိုင်း၌ တာဝန်ရှိသလို အလုပ်လုပ်ရန် အတွက် အငယ်ဆုံး အသက်အရွယ်
ကန့်သတ်ခြင်းနှင့် အလုပ်၏ စည်းကမ်းချက်များ သတ်မှတ်ပေးခြင်းတို့လည်း လိုအပ်သည်။
ထို့ကြောင့်
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ် အပိုဒ် ၃၂ တွင် ကလေး
သူငယ်များ အနေဖြင့် စီးပွားရေး ခေါင်းပုံဖြတ် စနစ်မှ အကာအကွယ် ရရှိရန်နှင့် ၎င်းတို့၏
ပညာရေး ဘေးရန် မကင်းသော သို့မဟုတ် အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် ကျန်းမာရေး သို့မဟုတ်
ကိုယ်ကာယဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
အတွက် အန္တရာယ်ရှိသော မည်သည့်အလုပ် မျိုးကိုမဆို လုပ်ကိုင်ခြင်းမှ အကာအကွယ် ပေးရမည်ကို
အဖွဲ့ဝင် နိုင်ငံများက အသိအမှတ်ပြု ရမည် ဖြစ်ပေသည်။
ဝင်းနိုင်ထွန်း
07
December 2009
ရွှေအမြူတေ - ဥပဒေအကာအကွယ်
လိုအပ်နေသော ကလေးငယ်များ




