2
Jun

ဦးတည်ချက် တူသူတို့ ဆုံစည်းရာဝယ်



အစည်းအဝေး တက်ရမယ် ဆိုတဲ့ အခါတိုင်း ကျွန်မ ပျင်းရိလေ့
ရှိတတ်ပါတယ်။ အဲဒါဟာ ငယ်စဉ် ကတည်းက ကျောင်းမတက်ချင်၊ အနှောင်အဖွဲ့နဲ့ မနေချင်ဘဲ စိတ်ကို
လွတ်လွတ် လပ်လပ် ဖြေလွှတ် ထားချင်တဲ့ အလေ့အထ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စာအုပ် တစ်အုပ်ကို
စွဲစွဲလမ်းလမ်း ဖတ်ရှုနေပြီ ဆိုမှဖြင့် ကျွန်မဟာ အချိန်ကို မသိ၊ အလင်း အမှောင် ကိုလည်း
သတိ မထားမိဘဲ ပျက်ကွက်ခြင်း အသွယ်သွယ်ကြားမှာ နစ်မျော နေတော့တာ။ ဒါပေမယ့်လေ၊ လူရယ်လို့
ဖြစ်လာရင် တစ်နေ့ထက် တစ်နေ့ စည်းကမ်းတွေလည်း လိုက်နာရတယ်။ လောကနီတိ ကျင့်ဝတ် အဖြာဖြာ
အတိုင်းလည်း ကျင့်သုံး ကြရတယ်။ ဒီတော့ရင် ရွယ်တူ ကလေးသူငယ်များနဲ့ အတူ တစ်စစ ကြီးပြင်း
အရွယ် ရောက်လာရင်း ပြဋ္ဌာန်း သတ်မှတ် ထားတဲ့ ဥပဒေတွေ၊ တာဝန် ၀တ္တရားတွေကို လေးစား လိုက်နာ
လာရတာနဲ့ အမျှ ကျွန်မမှာ စိတ်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ၊ ကျောင်းမှန်နိုင်သလောက် မှန်အောင်တက်၊
ပြီးဘွဲ့ပညာ တစ်ခုကိုလည်း ရအောင်ယူနဲ့လေ။ အများနှင့် ဝေမျှ ခံစားတတ်သူမို့ ထင်ပါရဲ့၊
ကံကောင်း ထောက်မစွာနဲ့ ကျွန်မ တစ်ယောက်ဟာ ကြိုးချည်ထားခြင်း မရှိတဲ့ စာရေးဆရာတော့
ဖြစ်လာ နိုင်ခဲ့ပါတယ်။

 

အခုခေတ်မှာ MSM (ယောက်ျားချင်း လိင်တူ ဆက်ဆံသူ) လို့ကော၊
ဂေးလို့ပါ ပညာတတ် လူတန်းစားတွေက အမည်တပ် ခေါ်ဝေါ်ကြတဲ့ သူတွေကို ဆေးကျောင်းသူ ကျွန်မက
သူတို့ဘက်က စာနာခဲ့ မိပါတယ်။ ဘာကြောင့် သူတို့ ဒီလိုဖြစ်ရတယ် ဆိုတာကို မင်္ဂလာဒုံ ဆေးတက္ကသိုလ်
၂ ဖွင့်လှစ် ထားခဲ့စဉ်တုန်းက စာကြည့်တိုက်မှာ စာအုပ်စာတမ်းတွေ ရှာဖွေ လေ့လာ ဖတ်ရှုခဲ့ပါတယ်။
သူတို့ကို အခြေခံပြီး ၁၉၈၃ ခုနှစ်မှာ ကျွန်မဟာ "ပွင့်တူရွက်တူ" ဆိုတဲ့ အမည် ပေးထားတဲ့
လပြတ် ၀တ္ထုရှည် တစ်ပုဒ်ကို ပေဖူးလွှာ မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာပြည်ကို
ချစ်ခင်တာနှင့် အမျှ မြန်မာစာပေ၊ မြန်မာစကားကို အကျွမ်းတ၀င် ရှိလှတဲ့ မြန်မာပြည်မှာ
တာဝန် ထမ်းဆောင်နေသူ အင်္ဂလန်နိုင်ငံမှ အမျိုးသမီး သံအရာရှိ Vicky Bowman (ဒေါ်ဥမ္မာခင်) ဟာ
ကျွန်မနဲ့ ရင်းနှီး ခင်မင်တဲ့ အားလျော်စွာ ကျွန်မရဲ့ အဲဒီ တင်ပြပုံဟာ ခွဲခြားနှိမ်ချတဲ့
အမြင်ရှိတယ် ဆိုပြီး အားမနာတမ်း မကျေမနပ် ဝေဖန်ဖူးပါတယ်။

 

အဲဒါ ကျွန်မရဲ့ အမြင် မဟုတ်ဘူးနော် ဒေါ်ဥမ္မာခင်။ ကျွန်မတို့နိုင်ငံ၊
လူနေမှု အသိုက်အ၀န်းရဲ့ ရိုးရာယုံကြည်မှုတွေနဲ့ ဘာသာရေး သွန်သင်မှုတွေအရ သူတို့အပေါ် ဆက်ဆံရေး
အလှမ်းကျဲသလို ဖြစ်နေကြတာလေ။ အဲဒီပုံစံနဲ့ ခံစားတင်ပြ ရေးသားမှ သာလျှင် သူတို့နဲ့ ပတ်သက်ပြီး
မြန်မာ အသိုက်အ၀န်း အများစုက ထားရှိတဲ့ အမြင် ပေါ်လွင်မှာ မို့ပါလို့ ကျွန်မက ရှင်းပြခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံသို့ အိပ်ခ်ျအိပ်ဗွီဗိုင်းရပ် ကူးစက်ခံရသူကို ဖော်ထုတ်
ကြေညာခဲ့ပါတယ်။

 

မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ဆေးပညာရှင်၊ တတ်သိပညာရှင်တွေက
ညီလာခံတွေ ကျင်းပပြီး နောက်နောင် အိပ်ခ်ျအိုင်ဗွီ ကူးစက် ပြန့်ပွားမှုတွေ အများအပြား
ရှိလာလိမ့်မယ်လို့ ဟောပြောကြ ကြိုတင် ဟောကိန်း ထုတ်ခဲ့ကြတာကို ကျွန်မ ယုံကြည်ခဲ့ပါတယ်။
ကိုယ်တတ်စွမ်းတဲ့ စာရေးခြင်း အတတ်ပညာ အားဖြင့် အဲဒီ ကူးစက်မှုကြီးကို တစ်ပိုင် တစ်နိုင်
ပါဝင် တားဆီး ကာကွယ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၀၃ ခုနှစ်မှာတော့ ကျွန်မဟာ ကန်တော်ကလေး
ကူးစက်ရောဂါကု ဆေးရုံကြီးမှာ ဆရာဝန်ကြီးဦးရဲမြ ဦးဆောင် ဖွင့်လှစ်ခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် သုတေသနဌာနမှာ တစ်နှစ်ကျော် နှစ်နှစ်နီးနီး အလုပ်ဝင်ကာ လေ့လာ ဆည်းပူးခဲ့ပါတယ်။
ပြီးသကာလ ၂၀၀၄ ခုနှစ် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အဖြစ် ကျွန်မ
ခံစားလေ့လာပြီး အားထုတ် ရေးသားခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် နောက်ခံ ရသလုံးချင်း
ဝတ္ထုကို "ပန်းကြွေပွင့် ပုံပြင်" ဆိုတဲ့ အမည်နဲ့ ထုတ်ဝေခဲ့ပါဘယ်။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ခန့်တုန်း ကပေါ့။

 

၂၀၀၃ ခုနှစ်မှာ အိမ်နီးချင်းကလေးနဲ့ အခြား ၀တ္ထုတိုများ၊
၂၀၁၀ ခုနှစ်မှာ စပျစ်ခိုင်နဲ့ အခြား ၀တ္ထုတိုများ ဆိုတဲ့ ၀တ္ထုတို ပေါင်းချုပ် ၂ အုပ်ကို
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နောက်ခံထားပြီး ကျန်းမာရေးပညာပေးနဲ့ ခံစားချက်ရသအဖြစ်
ထုတ်ဝေခဲ့ပါတယ်။ မကြာသေးခင်ကလေးကမှ နှစ်ရက်ကြာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ “ပြည်တွင်းလူမှုရေးအဖွဲ့
အစည်းများ၏ လူမှုရေးကွန်ရက် (အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်) နှစ်ပတ်လည် အစည်းအဝေး”
က စာရေးဆရာ ကျွန်မကို ဖိတ်ကြားတဲ့ အတွက် (အရင်က ဟိုတယ်နစ်ကိုး ဖြစ်ခဲ့သော်လည်း ပိုင်ရှင်ပြောင်းသလို
ဟိုတယ်အမည်လည်း ပြောင်းလဲသွားသော) ချက်တရီယံ ဟိုတယ်သို့ ကျွန်မ စိတ်ပါလက်ပါ သွားပြီး
တက်ရောက် ဖြစ်ခဲ့ပါတော့တယ်။ အဲဒီ စိတ်ဝင်တစား အားထုတ်မှုတွေကြောင့် ကျွန်မဟာလည်း ဦးတည်ချက်တူသူ
တစ်ဦး အဖြစ် သိမှတ်ခံရပြီး ဒီအစည်းအဝေးကြီးမှာ ဝေမျှ ခံစားပါဝင်ဖို့ ဖိတ်ခေါ်ခံရတာပဲလို့
ယူဆ ဂုဏ်ယူ ရပါတယ်။

 

ဒီအစည်းအဝေးမှာ ပါဝင် ဆင်နွှဲခွင့်ရခဲ့တဲ့ အတွက်ပဲ နိုင်ငံလုံးဆိုင်ရာ
အဖွဲ့အစည်း ၁၀၅ ခုရှိတာတွေ၊ အိပ်ခ်ျအိုင်ဗွီကွန်ရက် ငါးခု ရှိတယ် ဆိုတာတွေ သိလာရပါတယ်။
ဗဟုသုတတိုး သလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ အစည်းအဝေး အကြံပေး အဖွဲ့ဝင် မစင်သီက
အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့တာ။

 

ဒီကွန်ရက်အစည်းအဝေးရဲ့ အနှစ်သာရ သဘောထား (Theme) က-

“စွမ်းဆောင်မှုတိုင်း ထိရောက်ဖို့ ကွန်ရက် ချိတ်ဆက်
ဆောင်ရွက်စို့”
ပါတဲ့။

ကွန်ရက်ရဲ့ ဥက္ကဋ္ဌက ဦးမြင့်ဆွေ (ရတနာ့မေတ္တာ) ဖြစ်ပါတယ်။
သူနဲ့ UNAIDS မှ ဌာနေ ကိုယ်စားလှယ်တို့က အဖွင့်အမှာ စကား ပြောကြား ကြပါတယ်။

သူက “ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ ကွန်ရက် (အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်)”
ရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ လက်ရှိ အခြေအနေကို တင်ပြ ရှင်းလင်းသွားပါတယ်။

 

အဖွဲ့ရဲ့ ယုံကြည်ချက် လမ်းစဉ် (Mission Statement)
ကတော့-

ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများ၏ လူမှုရေးကွန်ရက်
(အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်)သည် မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးတွင်
(အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်)နှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်
လျက်ရှိသည့် ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး
အခြေပြု အဖွဲ့အစည်းများ အကြား ထိရောက်သော ကွန်ရက် ဆက်သွယ်မှု ယန္တရားကို ဖွဲ့စည်း ထူထောင်
ရန်ဖြစ်ပြီး ၎င်းအဖွဲ့အစည်းများ အသီးသီးတို့၏ နည်းပညာဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ၊ အသုံး
ပြုသည့် ပစ္စည်းများဆိုင်ရာစွမ်းရည်များကိုမြှင့်တင် ပေးရန် အတူတကွ အလုပ်လုပ်ကြမည်။
အဖွဲ့ရဲ့ အနာဂတ်ပုံရိပ် (Vision) ကို လေ့လာကြည့်ပြန်တဲ့ အခါမှာ-

မြန်မာနိုင်ငံ နယ်ပယ်ဒေသ အသီးသီးတွင် ရှိသော
HIV/AIDS ကာကွယ်ရေး၊ ကုသရေး၊ ပြုစု စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး လုပ် န်းများ
ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများသည် ကွန်ရက်ချိတ် ဆက်၍ အတူတကွ
လက်တွဲ ပူးပေါင်းလုပ်ဆောင် သွားခြင်းအားဖြင့် HIV/AIDS ကပ်ရောဂါနှင့် အခြားကပ်ရောဂါများ
ကင်းစင် ပပျောက်စေ သော လူထုဝန်းကျင် ပေါ်ပေါက်လာစေမည်။

 

ပန်းတိုင် (GOAL) ကတော့-

မြန်မာနိုင်ငံနယ်ပယ် ဒေသ အသီးသီးအတွင်း ရှိ
HIV/AIDSလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ၊ လူထု
အခြေပြု အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ ဘာသာရေး အခြေပြု အဖွဲ့ အစည်းများ၊
ကိုယ်ထူကိုယ်ထ အဖွဲ့များ အကြား ထိရောက်သော ကွန်ရက်ဆက်သွယ်မှု ယန္တရားကို အခြေပြုလျက်
၎င်းင်းတို့ ရေရှည်တည်တံ့လာစေရေး၊ အင်အား တောင့်တင်းခိုင်မာ လာစေရေးကို အတူတကွ လုပ်ကြရမည်။

 

- Swiss AIDS

- Alliance

- MDN

- GRET

- Metta

- Oxfam

- Burnet

- World Vision

- Care

စတဲ့ အဖွဲ့အစည်းတွေက ပေါင်းကူး အဖြစ် ပါဝင် ဆောင်ရွက်နေကြပါတယ်။

 

အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံနေရသူတွေရဲ့ သွေးထဲက ပိုးတွေ
ပွားများမှုနှုန်းကို လျှော့ချပေးတဲ့ ART တိုက်ကျွေးနိုင်တဲ့ နှုန်းဟာ ငါးပုံတစ်ပုံသာ
ရှိသေးတာမို့ ဆေးရရှိရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြရပါတယ်။ မြန်မာပြည်မှ ဆုတ်ခွာသွားတာ
နှစ်အတန် ငယ်ကြာခဲ့ပြီးသကာလ Global Fund ဟာ မြန်မာ နိုင်ငံကို တစ်ကျော့ပြန်လည် ရောက်ရှိ
လာပါတော့ မယ်ဆိုတာ စိတ်ဝင်တစား မေးမြန်းကြသူ သတင်းစာ ဆရာများ၊ ဂျာနယ်လစ်များထံသို့
သတင်းကောင်း ပါးနိုင်ပါပြီ။ လာမယ့် နိုဝင်ဘာ ၂၀၁၀ မှာ အတည်ပြုနိုင်ပါလိမ့်မယ်တဲ့။

 

အမျိုးသား အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး စီမံချက်ဌာန
NAP မှဒေါ်လှသက်မွန်က ဆွေးနွေး တင်ပြရာမှာ မြန်မာနိုင်ငံမှာ

- လက်ရှိ အိပ်ခ်ျအိုင်ဗွီဖြင့် အသက်ရှင်နေသော လူနာ ၂၃၀ ၀၀၀

- အိပ်ခ်ျအိုင်ဗွီကူးစက်ခံထားသူလူကြီး လူဦးရေရဲ့ ၀.၆%

- အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသော ကလေး ၆၁၇၃

- အိပ်ခ်ျအိုင်ဗွီရှိသူ လူနာသစ် ၁၁၅၅၇

- အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဖြင့် သေဆုံးသူ ၁၉၉၂၇

- အေအာတီ လိုအပ်သူ ၆၅၈၁၈

စတဲ့သိသင့်သိထိုက်တာများကို ကိန်းဂဏန်းအတိအကျ ပြောပြပါ
တယ်။ လက်ရှိအနေအထားအရ အိပ်ခ်ျအိုင်ဗွီဖြစ်ပွားသူ အနက် အမျိုးသမီး ပိုများလာတယ်။ အလုပ်
လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်တွေမှာ ပိုဖြစ်တယ်။ ကာလသားရောဂါ လာရောက်ကုသရင် ဇနီးသည်ကိုလည်း
ဆေးခန်း ခေါ်ခဲ့ဖို့ လိုအပ်တယ်စသဖြင့် တရင်းတနှီး ပြောပြသွားပါတယ်။

 

MSI မှ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင်ကလည်း အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ခံစားရတဲ့ ခွဲခြား နှိမ်ချ ဖဲကြဉ်ခြင်းများ အကြောင်း တင်ပြ
ဆွေးနွေးသွားပါရဲ့။ ရွှေပြည်သာမြို့နယ်က ဘ၀သစ် သူငယ်ချင်းများ (PLHIV အိပ်ခ်ျအိုင်ဗွီ
နှင့် အသက်ရှင်သန်နေသော လူနာများ) ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် ကူညီမှု အသင်းရဲ့ရည်ရွယ်ချက်၊
ဦးတည်ချက်တွေ အကြောင်း လက်ကမ်းစာ စောင်ကိုလည်း ကျွန်မ ထဲထဲဝင်ဝင် ဖတ်ရှုပါတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေ
က နှစ်ထောင်းအားရစရာပါ။ ဘ၀တူများ တွေ့ဆုံပြီး အချင်းချင်း အားပေးကြဖို့ ဆောင်ရွက် တိုက်တွန်း
ကြတာမို့ ဘ၀သစ် သူငယ်ချင်းတွေရဲ့အနာဂတ်ဟာ အရင်ကထက် ပိုပြီး ကျန်းမာ ပျော်ရွှင်လွတ်လပ်လာမှာပါ။

 

အရင်တုန်းကဆိုရင် ကုရာနတ္ထိ ဆေးမရှိလို့ ဆိုခဲ့ပါတယ်။
ခုတော့ ကုသလို့ ရတဲ့ နာတာရှည် ရောဂါလို့ သိမှတ်ကြပါပြီ။ အိပ်ခ်ျအိုင်ဗွီပိုးဝင်တာ ချက်ချင်း
အေအိုင်ဒီအက်စ် ရောဂါ လက္ခဏာတွေ ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကိုလည်း ဓာတ်ပြားဟောင်းကြီး
ပေတဲ့ မရိုးနိုင် အောင် ဖွင့်ပြ ရှင်းပြနေရဦးမယ်ဆိုတာလည်း လက်ကမ်းစာစောင်ထဲမှာ ဖော်ပြ
ထားပါရဲ့။

 

မန္တလေးဇုံ (ကွန်ရက်) ကလည်း ကမ္ဘာ့ အေအိုင်ဒီအက် အထိမ်းအမှတ်
နေ့မှာ ကိုးကွယ်ရာ ဘာသာသုံးမျိုးနဲ့ ဆုတောင်းမှုများ ပြုလုပ်ပြီး ဆွမ်းကပ်ခြင်း လည်းပြုလုပ်ခဲ့ကြောင်း
ပြောပြသွားပါတယ်။ ကွန်ရက်အသီးသီးကလည်း ၂၀၁၀ လုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြ သွားကြပါတယ်။
ကျွန်မမှာတော့ ခဏတစ်ဖြုတ် လေ့လာပြီး သကာလ ရုံးသို့ ပြန်ကာ မပြီးပြတ်ခဲ့တဲ့ ရုံးအလုပ်တွေ
လုပ်ရတာပေါ့။

 

အဲသလို အာရုံပြောင်း အချိန်ကလေး ကျမှပဲ သိကျွမ်းရင်းနှီးခဲ့တဲ့
နှင်းဆီ တို့၊ ကိုဇော်ကြီးတို့ကို သတိရလာမိတယ်။

“ကျွန်တော့်ကို အမှုလာအပ်တဲ့ အခါ ကျွန်တော်က
ရှင်းရှင်း မေးလိုက်တယ်။ ငါ အခြောက်ဆိုတာ သိသလား၊ သိရက်နဲ့ အမှုအပ်မှာလား၊ သေချာစဉ်းစားပြီးမှ
ဖြေပါ”

သူဟာ ရုပ်ရည် လက္ခဏာ သားနား သန့်ပြန့်တဲ့ ရှေ့နေ တစ်ဦးဖြစ်ပါတယ်။
မနှစ်က နှစ်ပတ်လည် အစည်းအဝေးတုန်း ကလည်း သူနဲ့တွေ့ဆုံ အဖွဲ့ကျခဲ့တာ ပါပဲ။ စကားပြော ရည်မွန်ဖော်ရွေသူ
ဖြစ်တယ်။ ဘာလို့ MSM ဖြစ်နေတယ် ဆိုတာကတော့ ဖြေရှင်းလို့ မရနိုင် စကောင်းသော ပြဿနာ တစ်ခု
ပဲလေ။

နောက်တစ်ယောက် ကတော့ နာမည်ကလေးက Rose တဲ့။ နှင်းဆီလို့
လည်း ခေါ်ကြတယ်။ သူ့ကိုယ်သူ ရည်ညွှန်းဖွဲ့ ဆိုတဲ့ အတိုင်းပဲ ပန်းကလေး တစ်ပွင့်လည်း ဖြစ်နေခဲ့တာပေါ့
စာဖတ်သူရယ်။

 

နှင်းဆီက အထက်အညာ တစ်နယ် တစ်ကျေးကနေ သူ့အဖွဲ့အစည်းရဲ့
ကိုယ်စားလှယ် အဖြစ် လာရောက်ခဲ့တာပါ။ အစီအစဉ် တစ်ရပ် အနေနဲ့ အစည်းအဝေး တက်ရောက်လာသူတိုင်း
ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးရာက ကျွန်မဟာ စာရေးဆရာ မမြနှောင်းညို ဖြစ်တယ်ဆိုတာ သူသိရသလို
သူဟာ နှင်းဆီ ဆိုတာလည်း သိခဲ့ရတာပေါ့။ ကျွန်မကတော့ ဧည့်သည် အဖြစ် ဖိတ်ကြားခံရလို့
ရောက်ရှိခဲ့သူလေ။ သွက်လက် ဖော်ရွေတဲ့ နှင်းဆီဟာ ဆံတို ကုပ်ဝဲကလေးနဲ့ ခြေသလုံးစက ဘောင်းဘီရှည်
မိုးပြာရောင်ကလေး ၀တ်ဆင်ထားပြီး ချစ်စရာ ကောင်းနေခဲ့ပါတယ်။

 

မိန်းကလေးတစ်ယောက်လို့ပဲ ကျွန်မက သူ့ကို ထင်မှတ်ခဲ့မိတာပေါ့။

မှတ်မှတ်ရရ အစည်းအဝေးမှာ Alliance အဖွဲ့အစည်းက ဒေါက်တာ ကျော်သူက ဆွေးနွေး
တင်ပြတာက

- မြန်မာအိပ်ခ်ျအိုင်ဗွီ Positive ကွန်ရက်

- အိပ်ခ်ျအိုင်ဗွီရှိသူ အမျိုးသမီး ကွန်ရက်

- မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက်

- MSM ကွန်ရက်

- Sex Lumker ကွန်ရက်။

ဒီကွန်ရက်တွေကို ကျွန်မပြန်လည် သုံးသပ် မိပါတယ်။

 

လက်ဖက်ရည်သောက် နားပါတယ်။ ကျွန်မတို့ ပျော်ပျော်ပါးပါး
တန်းစီကြရတယ်။ နှင်းဆီက ကျွန်မနောက်မှာ တန်းစီတယ်။

“ကော်ဖီလား၊ တီးလား၊ ဆရာမ ဘာသောက်မလဲ”

 

ခင်မင်ရင်းနှီးလိုတဲ့ အပြုံးကလေးနဲ့ သူက မေးတာမို့
ကျွန်မကလည်ပြန် လှည့်ကြည့်ရင်း အပြုံးဖလှယ်ရပါတယ်။

“ကော်ဖီပေးနော်”

 

သူက ရေနွေးကိုယူ ကော်ဖီထုပ်တွေ၊ သကြားထုပ်တွေကို အောက်ခံပန်းကန်မှာ
ကောက်ထည့်လိုက်လိုက်တယ်။

“ရော့ ဆရာမ၊ ကျွန်မ မုန့်ပန်းကန် ယူလိုက်ဦးမယ်” နေရှာပါတယ်။

 

စားပွဲဝိုင်းမြင့်ကလေး တစ်ခုနံဘေးမှာ ကျွန်မမုန့်စားရင်း
တစ်အောင့်အကြာမှာမှ မုန့်ပန်း ကန်ကလေးနဲ့ လက်ဖက်ရည်ခွက်ကလေးကိုင် ပြီး နှင်းဆီ ရောက်လာနိုင်တယ်။

“ကျွန်မပန်းကန်တွေ ခဏ တင်ထားမယ် နော်”

 

နှင်းဆီက သူ့ခါးမှာ ချိတ်ထားတဲ့ ပိုက်ဆံ အိတ်ထဲက စာရွက်ခေါက်
ကလေးတစ်ခုကို ထုတ်ပြီး ကျွန်မ လက်ထဲကို တရိုတသေ ထည့် ပေးတယ်။

“ဟေး၊ ဘာစာရွက်ကလေးလဲ”

 

“သမီးရေးထားတဲ့ ကဗျာကလေးပါ။ ဆရာမ အချိန်ရတဲ့ အခါ ဖတ်ကြည့်ပေးပါနော်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် သင့်တော်မယ် ထင်ရင် ဆရာမ အသုံးပြုပေးပါနော်”

လက်စသတ်တော့ ဒီကဗျာကလေးပေးချင် လို့ ကျွန်မနောက် တကောက်ကောက်
လိုက်နေ တာပါလား။ တွေးပြီး ပြုံးမိတယ်။

“ခဏဖွင့်ကြည့်မယ်နော်”

 

“ဟုတ်ကဲ့ ဆရာမ”

 

ကျွန်မ ဖတ်ရှုနိုင်အောင် နှင်းဆီက ကပျာကသီ စာရွက်ကလေး
ဖြန့်ပေးရှာတယ်။

 

“ပန်ဆင်သူမဲ့သော...ပန်းကလေး ဆိုပါ လား။ ခံစားချက်ကဗျာလေး ဖြစ်မှာပဲ”

 

“သုံးလည်း သုံးပေးပါ၊ ဆရာမရယ်”

 

“အေးပါ၊ အေးပါ။ ကဗျာကောင်းရင် စာမူထဲမှာ ထည့်လိုက်မယ်နော်။
စာမူခသီးသန့်တော့ မရဘူးပေါ့။ နောက်တစ်ခါ တွေ့ကြရင် လက်ဖက် ရည်တိုက်မှာပေါ့”

“ကျွန်မက တိုက်မှာပေါ့ ဆရာမရဲ့”

 

“သို့ ဒေါက်တာကျော်သူသို့ ဆိုပါလား”

 

“ဟိဟိ၊ အလိုင်းယင့်က ဆရာလေ”

 

“ခုနက ရှင်းလင်း တင်ပြသွားတဲ့ သူပဲကိုး”

 

“ဟုတ်”

 

“မနှစ်တုန်းက အစည်းအဝေးမှာ သူ့ကို တွေ့ဖူးတယ်”

 

ဒေါက်တာ ကျော်သူက ဆံပင်ရှည်ရှည်ကို စုစည်းထားတယ်။ အပြောအဆို
သွက်လက် ချက်ချာသူပါပဲ။

အစည်းအဝေးပြန်စတဲ့အခါ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ကြရင်း
နှင်းဆီနဲ့ လူချင်းကွဲသွား ကြတော့တယ်။

မှန်တာ ပြောရမှာဖြင့် သူ့ကဗျာကလေးကို အစည်းအဝေးပြီးလို့
သုံးလေးရက်သာ ကြာရော ကျွန်မ ဖတ်ကြည့်ဖို့ မေ့မေ့ လျော့လျော့ ဖြစ်နေခဲ့ တော့တယ်။ အဲဒါနဲ့ပဲ
စနေ၊ တနင်္ဂနွေရောက်ခဲ့ ရတယ်ပေါ့။ ကွန်ရက် အစည်းအဝေး အကြောင်း စာတစ်ပုဒ် ရေးမယ်ပြင်ဆင်တော့မှ
သူ့ကဗျာကို ဖတ်ကြည့်ဖို့ သတိရတော့တယ်။

 

ပန်ဆင်သူမဲ့သော... ပန်းကလေး

သို့/

ဒေါက်တာကျော်သူ

(နှင်းဆီတို့တွေက ဒေါက်တာကျော်သူ အပေါ်မှာ အတော်ကိုပဲ
အားထားရှာကြတယ်လို့ ကျွန်မ ကောက်ချက်ချမိပါတယ်။)

စံပယ်၊ မြတ်လေးဆိုတဲ့ ပန်းကလေးတွေ မွှေးတယ်ဆိုတဲ့ အကြောင်း
ကဗျာဆရာတွေ ဖွဲ့နွဲ့ ပြီးရေးသားကြတယ်နော်။

 

ပန်း...

ပန်းတော့ပန်းပါပဲ

ဒါပေမယ့်

လိပ်ပြာကလေးတွေ မချစ်တဲ့

ပန်းကလေးတစ်ပွင့်အကြောင်း

(ဒီနေရာမှာ လိပ်ပြာတွေ မချစ်သော ပန်းကလေး ဟာ နှင်းဆီဖြစ်မှာပဲဟု
ကျွန်မ ကောက်ချက် ချလိုက်မိတယ်)

ကျွန်မပြောပါရစေ ဆရာရယ်

နွေရဲ့ဒဏ်ကိုရင်ဆိုင်

အပူဒဏ်ကိုအဖော်လုပ်

သူ့အလှကိုဖော်ထုတ်ဖို့

အရွက်စိမ်းတွေကိုလည်းကြွေစေခဲ့တယ်

သူ့ရဲ့ဟန် သူ့ရဲ့မာန်နဲ့

တစ်ပင်လုံးကိုအလှဆင်

ရဲရဲနီအောင်ပွင့်ပြရဲတဲ့

စိန်ပန်းလေးပေါ့ ဆရာရယ်...

(အော- နှင်းဆီဟာ သူ့နာမည်ကနေ ဘောင်ကျော်ပြီး စိန်ပန်းကလေး
ဆိုပါလား။ လုပ်လိုက် ဟေ့)

လူတွေက

ခက်တော့ခက်တယ် ဆရာရယ်

တော်ဝင်တဲ့ဂေါ်သဇင် မဟုတ်လို့တဲ့

စိန်ပန်းရဲ့သဘာဝဟာ အလှဆင်ဖို့အတွက်

ဘ၀မှာ နေရာမရခဲ့ပါဘူး

(ကျွန်မတို့ ဆေးတက္ကသိုလ် ၂ တက်ခဲ့စဉ်တုန်းကတော့ စိန်ပန်းမြေရယ်လို့
အထင်ကရ နာမည်ရခဲ့တာ သိလား။ မြေပြင်တောင် စိန်ပန်းကြွေတွေ ရဲရဲနီ လို့ပေါ့)

ဒါပေမယ့်

စိန်ပန်းရဲ့သဘာဝကို ကျွန်မ အားကျခဲ့ရပါတယ်။

ပန်ဆင်သူမရှိပေမယ့်

လောကဓံကို အရှုံးမပေး

ရဲရဲနီအောင် ပွင့်ပြတတ်တဲ့

သူ့ရဲ့သတ္တိကိုလည်း ကျွန်မ လေးစားခဲ့ရပါတယ်။

(စိန်ပန်းနီတွေကို ချစ်ခင်တဲ့သူတွေရှိသေးတယ်ဆိုတာ သိလိုက်ရရင်
အားရှိ သွားမှာလား)

တကယ်ပါဆရာ

ဒီလောကမှာ

နေရာမရ ကဗျာမစပ်ကြတဲ့

ပန်းကလေးတွေရဲ့အကြောင်း

ကမ္ဘာ့ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်နေတဲ့

International HIV/AIDS Allianceအဖွဲ့ကနေ

ဆရာတို့က ဦးဆောင်ပြီး

ပန်ဆင်သူမရှိပေမယ့်

လောကဓံကို ရင်ဆိုင်ရင်း

ကိုယ်ပိုင်ဟန်နဲ့ ပွင့်တတ်တဲ့

စိန်ပန်းလို လှတော့လှပေမယ့်

ဘ၀မှာ နေရာမရရှာတဲ့

ကျွန်မလို အနီရောင်ရဲရဲတောက်

ဘ၀လမ်းကြမ်းကိုလျှောက်နေတဲ့

တစ်ယောက်ရဲ့အကြောင်း

ကမ္ဘာကိုသိအောင်

ကျေးဇူးပြုပြီးပြောပေးပါ ဆရာရယ်။ ။

မှ/

Rose

ခိုင်နှင်းဆီအဖွဲ့

မုံရွာမြို့။

 

(Alliance
အဖွဲ့ဝင် ဒေါက်တာကျော်သူတို့ကို ကဗျာရှင်က အကူအညီတောင်း ထားတာပါ။ ကူညီမယ်လို့ ယုံကြည် နေပါတယ်နော်)

 

ဒီမှာတွင် Rose ဆိုတဲ့ msm ကလေးရဲ့ ရင်ဖွင့် ကဗျာကလေး
အဆုံးသတ်ပါပြီ။ သူဘယ်လို ဘ၀မှာ ကပြ အသုံးတော်ခံ သွားမယ် ဆိုတာ ကတော့ ကျွန်မတို့ ဆက်လက်
စောင့်ကြည့် ကြပါစို့နော။

ဲမြနှောင်းညို

ရွှေအမြူတေ - ဦးတည်ချက် တူသူတို့ ဆုံစည်းရာဝယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top