24
Jun

ဧကပုတ္တ မနုရက္ခေ



“စိတ်ရောဂါ”
ကို စိတ်ဖြင့် ကုတာရှိ၏။ ကျွန်တော်ကိုယ်တိုင် အရက်ဖြတ်စဉ်က စိတ်ကျရောဂါ
စွဲကပ်ဖူး၏။ ဆေးရုံတက်ရ၏။ စိတ်ရောဂါအထူးကု ဆေးရုံ ဖြစ်၏။ ထိုမှာ ဆရာဝန်များ၊
သူနာပြုများက ကျွန်တော့်ကို “စိတ်” “စိတ်” ချင်းဆက်သွယ်ကုသ၏။ ကျွန်တော်၏ဉာဏ်ရည်၊
အတွေးအခေါ်နှင့် စိတ်ထားပေါ် မူတည်ပြီး ကုသကြ၏။ ကျွန်တော်နှင့် တန်းတူထားနိုင်သော
ပြုစုမှု ပေး၏။
 

ထိုနည်းတူပင်
“ကိုယ်” ခန္ဓာ ရောဂါကိုလည်း အာနာပါန၊ ကမ္မဋ္ဌာန်း၊ တရားထိုင် ခြင်းဖြင့် ကုပါသည်။
ကုသည်ဟု ရဲရဲ မပြောဝံ့သော်လည်း တရားထိုင်ရင်း ဖိစီးစွဲကပ်နေသော ရောဂါ တချို့ ပျောက်ကင်း
သွားကြတာကို ပြန်ပြောသူများ ကြုံဖူးပါ၏။
 

စိတ်ရောဂါသည်
သိမ်မွေ့နက်နဲသော်လည်း သေချာကုစားလျှင် ပျောက်ကင်းပါသည်။ “ရုပ်ရောဂါ” ကို ဆေးဝါးထိုးခြင်း၊
ခွဲစိတ်ကုသခြင်းဖြင့် သက်သာပျောက်ကင်း စေတတ်ပါသည်။ “ရုပ်ရောဂါ” ကို “စိတ်” ဖြင့်
ကုသ ပျောက်ကင်း စေတာလည်း ရှိပါသည်။
 

“ကုရာနတ္တိ
ဆေးမရှိသည်ကား AIDS ရောဂါဖြစ်နေပါသည်။ ယနေ့ထိ တားထားနိုင်စွမ်းသော ဆေးဝါးသာ
ပေါ်ပေါက်ပါသေးသည်။ ဈေးကတော့ အလွန်ကြီးပါ၏။ သို့သော် AIDS ရောဂါကို စိတ်ဓါတ်ဖြင့်
ဟန့်တားနိုင်သူ တစ်ယောက် အကြောင်းကား စိတ်ဝင်စားဖို့ ကောင်းပါသည်။
 

 ကျွန်မအသက်
(၂၆) နှစ်မှာ သားကလေးက အသက်ခြောက်နှစ် ရှိပါပြီ။ သူက သူငယ်တန်း ကျောင်းသား
လေးပေါ့။ ကျွန်မနဲ့ သားလေးဟာ ကျွန်မ မိဘ အိမ်မှာပဲ အတူနေခဲ့ကြ ပါတယ်။ ကျွန်မဟာ HIV
ရောဂါပိုးကို ကျွန်မယောက်ျား ဆီက ကူးစက်ခံခဲ့ရပါတယ်။ ကျွန်မတို့ လက်ထပ်တာက ၁၉၉၁
ခုနှစ်၊ ဇူလိုင်လပေါ့။ ကျွန်မယောက်ျားက လူကောင်း တစ်ယောက်ပါ။ ဒါကြောင့်
အိမ်ထောင်ဦး ကာလတွေဟာ ပျော်စရာ ကောင်းခဲ့တယ်ပေါ့။ အဲဒီအချိန်မှာ AIDS ရောဂါဆိုတာ
လူသိများနေပါပြီ။ ဒါပေမဲ့ ကျွန်မတို့ လုံးဝ မမူခဲ့ကြပါဘူး။ ကျွန်မတို့နဲ့ အနေသာကြီး
လို့ပဲ ထင်ခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်၊ ဇူလိုင်လမှာပါပဲ။ ကျွန်မတို့ အိမ်ထောင်သက် (၆)
နှစ်မှာပေါ့။ ကျွန်မ ယောက်ျားဟာ အဖျားတာ ရှည်လာခဲ့ပါတယ်။ ပထမဆုံး တစ်ကိုယ်လုံးမှာ
ယားဖုလေးတွေ ပေါ်လာပါတယ်။ ကျွန်မကတော့ ခြင်ကိုက်တယ်ပဲ ထင်တာပေါ့။ နောက်တော့
ချောင်းတဟွတ်ဟွတ် ဆိုးလာတာနဲ့ “ချင်းမိုင်” ဆေးရုံကိုသွားပြပါတယ်။ ပြရုံပဲ ပြပြီး
ဆေးစစ်ချက် အဖြေကို ယူမလာခဲ့ မိပါဘူး။ နောက်တော့ ဆေးခန်းတစ်ခုမှာ ဆက်ပြပါတယ်။ ကျွန်မက
ဆရာဝန်ကို မေးပါတယ်။
 


ဒီလက္ခဏာတွေဟာ AIDS လက္ခဏာတွေလား” လို့ ဒီတော့ ဆရာဝန်က သူ စစ်ဆေး ကြည့်ပါဦးမယ်
ဆိုပြီး ကျွန်ယောက်ျားရဲ့ သွေးကို ဖောက်ယူ ထားလိုက်ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့
ကျွန်မယောက်ျားဟာ အကြီးအကျယ် ဖျားနာပေမဲ့ ဆရာဝန်ဆီကို မသွားတော့ ပါဘူး။ ကျွန်မကတော့
“ရှင့်မှာ ဒီရောဂါဆိုး မရှိနိုင်ပါဘူး” လို့ နှစ်သိမ့်ပေမဲ့ စိတ်ထဲမှာတော့ သူဟာ
AIDS ဖြစ်နေပြီလို့ ယုံနေမိပါတယ်။ အဲဒီလပိုင်းတွေမှာပဲ ကျွန်မလည်း
သွေးစစ်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ကျွန်မ ထင်တယ်လေ။ ကျွန်မလည်း ၉၉
ရာခိုင်နှုန်း ဖြစ်နေပြီ။ ၁ ရာနှုန်းပဲ ကံကောင်း မှာပါလို့။ ဟုတ်ပါတယ်။ အဖြေလွှာမှာ
ကျွန်မ ကျပါတယ်။ ဒါပေမဲ့ စောစောက ပြောသလို ကြိုတင်လက်ခံ ပြီးသား အကျိုးဆိုး အကျိုးပြစ်ဆိုတော့
ခံသာတာပေါ့လေ။ ကျွန်မ ကတော့ ကျွန်မယောက်ျား အတွက် ဘာလုပ်ပေးနိုင်မလဲ မျှော်လင့်တယ်။
သူ့ကိုတော့ ဖြစ်ကြောင်း ကုန်စင် မပြောပါဘူး။ မိဘတွေနဲ့ ညီမလေးကိုတော့
ဖွင့်ပြောပြပါတယ်။
 

၁၉၉၇
ခုနှစ် အောက်တိုဘာ လ ၃ ရက် နေ့မှာတော့ ကျွန်မကို ဆရာဝန်က AIDS ရောဂါသည်များ အသင်းဝင်ဖို့
တိုက်တွန်းပါတယ်။ ဒါနဲ့ အောက်တိုဘာ (၁၀) ရက်မှာ ကျွန်မယောက်ျားဟာ ကျွန်မနဲ့တကွ သားကိုပါ
စွန့်ခွာ သွားပါတော့တယ်။ ကျွန်မသိပ်ပြီး မတုန်လှုပ် တော့ပါဘူး။ လက်ခံထားပြီးသား
ဘဝမဟုတ်လား။ ပြီးတော့ ကျွန်မမှာ အညွန့်တလူလူနဲ့ သားလေး ရှိတယ်။ မိကောင်း
ဖကောင်းရှိတယ်။ သူတို့က ကျွန်မစိတ် မချမ်းသာတဲ့အခါ အားပေးကြတယ်။
 

အဲဒီအချိန်က
AIDS ကလပ်မှာ လူနှစ်ဆယ်ရှိပါတယ်။ ကျွန်မက အတွင်းရေးမှူး တာဝန် ယူရပါတယ်။ ကျွန်မက
စီရင်စုတစ်ခုမှာ နက်ဝပ် တင်ပြီး လှုပ်ရှားပါတယ်။ အဲဒီမှာ မိတ်ဆွေတွေ အများကြီး
ရလာပါတယ်။ ဟုတ်ကဲ့။ AIDS ဝေဒနာရှင်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း
ဖလှယ်ကြတယ်။ အတွေ့အကြုံတွေ ဖြန့်ဝေကြပါတယ်။ မကြာပါဘူး။ ကျွန်မဟာ ဒေသဆိုင်ရာ
ကော်မတီမှာ အဖွဲ့ဝင် ဖြစ်သွားပါရော။ (၁၉၉၈) ခုနှစ် စက်တင်ဘာလ မှာ ကျွန်မဟာ
မြောက်ပိုင်းဇုံရဲ့ ကိုယ်စားလှယ် ဖြစ်ခဲ့ပါတော့တယ်။ အဖွဲ့ထဲဝင်ခဲ့တဲ့
ပထမဆုံးနေ့ကနေ ဒီနေ့ထိ ကျွန်မကိုယ် ကျွန်မ ဂုဏ်ယူနေဆဲပါ။ ကျွန်မက မိတ်ဆွေတွေ AIDS
ဝေဒနာရှင်တွေကို ကူညီနိုင်သူလေ။ ပျော်တာပေါ့။ အလုပ်ချိန်များလို့ ပင်ပန်းပေမဲ့
အနားယူချိန်နည်းပေမဲ့ ကိုယ့်အလုပ်အပေါ် ကိုယ်ယုံကြည်မှု၊ ကျေနပ်မှုတွေ ရှိနေတာကိုး။
 

ကျွန်မသားလေး
လား။ ရှိပါရဲ့ရှင်။ သူဟာ လူရည်သန့် ကလေးပါ။ ဘာရောဂါ လက္ခဏာမှလည်း မရှိဘူး။
ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ သူ့ကို သွေးစစ်၊ ဆေးစစ်စရာ မလိုပါဘူးလေ။ AIDS
အကြောင်း ကျွန်မ ကောင်းကောင်းကြီး သိနေပြီပဲ။ ကလေးမှာ စိုးရိမ်စရာ ဘာမှ မရှိဘူး။
AIDS ကို ကျွန်မဘဝမှာ အကောင်းဘက်က မြင်တတ်နေပါပြီ။ ကျွန်မဟာ မျှော်လင့်ချက်မဲ့
နေသူတွေကို ကူညီမယ်။ ကျွန်မသားလေးရဲ့ ဘဝ ရှေ့ရေးအတွက် အကောင်းဆုံး ကြိုးစားမယ်။ ကျွန်မ
ဘဝ နေပျော်ပါပြီရှင်။
 

ကြည့်စမ်းပါဦး။
ကျွန်မက HIV ပိုးစွဲကပ်ပြီး AIDS ရောဂါရှင်ဘဝနဲ့ပဲ ပျော်နေတာ ရှစ်နှစ်တာ ကာလ
ရှိပြီကော။ တကယ်တော့ “စိတ်” ပါပဲလေ။
 

ကျွန်မ
တစ်ခုပြောလိုက်ဦးမယ်။ လူတစ်ယောက်ရဲ့ အရည်အချင်းကို သုံးသပ်တဲ့အခါ သူ့ရဲ့
အခြေအနေကို မကြည့်သင့်ဘူး။ သူ့ရဲ့ စာရိတ္တ နဲ့ ယဉ်ကျေးမှုကိုသာ ကြည့်သင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် “ခိုင်မာတဲ့ ယုံကြည်ချက်” “သေချာတဲ့ စွမ်းရည်” “အမြင်ကြည်လင်မှု”
တွေဟာ AIDS ရောဂါသည်တွေ အတွက် ပျော်ရွှင် ချမ်းမြေ့တဲ့ အင်အားတွေကို
ပေးစွမ်းတာပါပဲရှင်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top