မြန်မာနိုင်ငံ ပင်လယ်ကမ်းနား ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၌ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ အထူး ဂရုစိုက်ရမည့် နေရာဖြစ်လာကြောင်း မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သော UNDP နှင့် မြန်မာ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန်းစိန်က နိုင်ငံတကာ သုတေသန ပြုချက်များအရ သတိပေး ပြောကြားခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီးမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အထူးသတိထားရန် လိုအပ်နေပြီး ယင်း ရေလုပ်သားများမှာ ထိုင်းနိုင်ငံ ရနောင်းဒေသသို့ သွားရောက်၍ ငါးရောင်းချရာတွင် အကာအကွယ်မဲ့ လိင် ဆက်ဆံမှုများကြောင့် HIV/AIDS ရောဂါများ ကူးစက်နိုင်ပြီး အထူးဂရုပြု နေထိုင်ခြင်းဖြင့် ထိုရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော UNDP ၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း ဒေသကြီးတွင် ယင်းရောဂါရှိနိုင်သော အချက်များစွာရှိနေပြီး ထိုရောဂါ ရရှိလာပါက လူမှုဘဝ များစွာကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ အဆိုပါဒေသကို ပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေး ဖောင်ဒေးရှင်းကလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ သတိထားရမည့် နေရာများစွာ ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် အဆိုပါ ရောဂါ ဖြစ်ပွားမှုများသော မူဆယ်ဒေသကို ပညာပေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ ကြောင်း UNFPA အဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။ နယ်စပ်မြို့များတွင် ယင်း ရောဂါကို ရှောင်တိမ်းနိုင်ရန် အတွက် အထူးသတိထားရန် လိုအပ်ကြောင်း ဒေါက်တာ သန်းစိန်က ဆက်လက်ပြောကြား ခဲ့သည်။
ရန်ကုန် သြဂုတ် ၁၄
မြဝတီ - ဧရာဝတီတိုင်း ဒေသကြီး၌ HIV/AIDS အထူး ဂရုစိုက်ရမည့် ပစ်မှတ်ဖြစ်လာနိုင်ကြောင်း




