31
Jul

ကျောက်ကြီးရောဂါ ကာကွယ်ဆေးနှင့် အေအိုင်ဒီအက်(စ်)



မိုးလေကင်းစင်နေ၍ ရာသီဥတု သာယာနေ၏။ ညနေခင်း ဆည်းဆာချိန်ဖြစ်၍
နေမင်းကြီးက ဝင်လုဆဲဖြစ်၏။ ပြာလဲ့သော ကောင်းကင်ပြင်ကြီးထဲတွင် ပုဇွန်ဆီရောင် တိမ်တိုက်များက
ဟိုတစ်စု ဒီတစ်စုနှင့် လှပစွာ တည်ရှိနေ၏။

ဒေါက်တာ
တင်မောင်ဆွေသည် အထပ် ၂ဝ ရှိသော ဆာကူ ဝါတာဝါ အပေါ်ဆုံးထပ်ရှိ Sky Bistrol သို့ ရောက်ရှိနေ၏။
ဒါဘယ်လ်အိပ်စ်ပက် ဆိုကော်ဖီတစ်ပွဲ မှာသောက်ရင်း ဆည်းဆာရှုခင်းအလှကို ငေးမော ကြည့်နေ၏။ အဝေးမှ
ရန်ကုန်မြစ်ကို မှုန်ပျပျ မြင်နေရ၏။ အတွေးရေယာဉ်ကြော၌ မျောပါနေ၍ အနားသို့ လူရောက်နေသည်ကိုပင်
မသိလိုက်ပေ။

''ဆရာဆွေ
ငေးလှချည်လား'' သတိပြန်ဝင်လာပြီး
နောက်သို့ လှည့်ကြည့်လိုက်၏။ ဘာသာပြန်ဆရာ
မောင်သိန်းငှက်(ကယားပြည်)နှင့် ဓာတ်ခွဲခန်းမှူး (ဦဏ်အုန်း) တို့ကို တွေ့လိုက်ရ၍ ဖိတ်ခေါ်လိုက်၏။

''ဆောရီးဗျာ။
ထိုင်ကြပါ။ ဘာသောက်မလဲ''

''ကပူချီနို
သောက်မယ်ဗျာ။ နှစ်ခွက်မှာဗျာ'' ဒေါက်တာတင်မောင်ဆွေက
စားပွဲထိုးကလေးကို မှာလိုက်၏။

''ဆားပုလင်းနှင်းမောင်ကလေ
ညိုကုန်း ရောက်နေတယ်။ စစ်လား၊ ဆေးလား၊ မေးလား၊ မြန်းလား လုပ်တာနဲ့ ကောင်းကောင်း မနေရဘူး။
အေးအေးဆေးဆေး ကော်ဖီသောက်ချင်လို့ အလစ်မှာ ထွက်ပြေး လာတာ''

''ဆားပုလင်းနှင်းမောင်က
ဝတ္ထုထဲက စုံထောက် ဇာတ်ကောင်ပဲ။ ဘယ်လိုလုပ် စစ်ဆေးမေးမြန်း နေတာလဲ''

''ဒီလိုပါ။
စကားပြောတာ လောသွား ပါတယ်။ ခွင့်လွှတ်ပါ။ အင်းစိန်က အငြိမ်းစား စိုက်ပျိုးရေး အရာရှိ
ဦးညီညီ ပေါ့ဗျာ။ သူက အငန် သိပ်ကြိုက်တယ်။ ထမင်းစားရင် ဆားဖြူး စားတယ်။ သွားလေရာမှာ
ဆားပုလင်း သေးသေးကလေး သယ်သွားတတ်တယ်။ ဒါကြောင့် သူ့ကို ဆားပုလင်းနှင်းမောင် လို့ နာမည်ပြောင်
ပေးထားတယ်''

''သြော်-
ရှင်းပြီ၊ ရှင်းပြီ။ ဦး ညီညီကိုး''

''ဒီလူက
အားကြီး စပ်စုတယ်။ အမေးအမြန်း ထူတယ်။ ဆေးပညာဂျာနယ် တစ်စောင်ကို မတတ်ဘဲနဲ့ ဖတ်ပြီး မသိတာတွေ
လာမေးနေတယ်။ ဆေးပညာ အခြေခံမှ မရှိဘဲ။ သူဘယ်နားလည် မှာလဲ။ နားငြီး လာတာနဲ့ အလစ်မှာ ဆရာ့ဆီ
ထွက်ပြေး လာတာဗျ။ ဟဲ  ဟဲ''

''သြော်..
ဒီလိုလား။ ဒါဆိုလဲ ထိုင်ကြဗျာ။ ကပူချီနို သောက်ပြီး အေးအေးဆေးဆေး နားကြဗျာ။ ဆည်းဆာချိန်
ရှုခင်းက သိပ်လှတယ်။ အရသာခံပြီး ကြည့်ကြဦးဗျ။ တစ်ပတ်လုံးမှ တစ်ရက်ပဲ နားရတာ။ နားကြဗျာ''

''ဟုတ်တယ်ဆရာ။
ကျွန်တော်ဆို ညောင်ရမ်းဆေးတိုက် ပြေးလိုက်၊ ငွေလမင်း ဆေးတိုက် ပြေးလိုက်နဲ့ မနားရပါဘူး
ဆရာရယ်။ ခုမှ နားရပါတယ်''

''ဒါနဲ့
ဆားပုလင်းနှင်းမောင်က ဘာတွေ မေးနေလို့လဲ''

''BMC
Immunology ဂျာနယ်ဆိုတဲ့ ဆေးပညာဂျာနယ် ဖတ်လာပြီး လာမေးတာဆရာ။ သူက ပြောတယ်။ ကျောက်ကြီး
ကာကွယ်ဆေး ထိုးထားရင် အေအိုင်ဒီအက်(စ်) ကာ ကွယ်နိုင်တယ်တဲ့။ ဟုတ်ပါ့မလား ဆရာရယ်။ ဒီလူ
ဘာကြောင်တာလဲ မသိဘူး။ သူက ဆေးပညာ အခြေခံ မရှိ၊ ဘာမရှိနဲ့ မဟုတ်လား''

''အင်း
ဦးညီညီက စိုက်ပျိုးရေး အရာရှိ ဆိုပေမယ့် ဆေးပညာ ဗဟုသုတ အတန်အသင့် ရှိတယ်။ သူပြောတာ
ကျွန်တော်သိတယ်။ BMC Immuno-logy ဂျာနယ်ကို ကျွန်တော်လဲ ဖတ်ဖူးတယ်''

''သြော်-ဟုတ်လား။
သူ့ကို ရမ်းပြီး အထင်သေးသလို ဖြစ်သွားပြီဗျာ''

''ဟုတ်တယ်။
အထင်သေးသလို ဖြစ်သွားပြီ။ သူက ဆရာဝန် မဟုတ်ပေမယ့် ဆေးပညာအကြောင်း အတန်အသင့် ဆွေးနွေးနိုင်တယ်''

''ကျွန်တော်တို့လဲ
စိတ်ဝင်စားလာပြီ ဆရာ။ ကျောက်ကြီးရောဂါက ကမ္ဘာပေါ်က ပျောက်သွားတာ ကြာပြီ။ ဘယ်လိုလုပ်ပြီး
အေအိုင်ဒီအက်(စ်) နဲ့ ဆက်စပ်နေတာလဲ။ အေအိုင်ဒီအက်(စ်) က ခုခေတ်မှ ပေါ်လာတာ မဟုတ်လားဆရာ''

''ဒီလိုဗျ။
ကျွန်တော် ရှင်းပြမယ်။ သုတေသီတွေက ကျောက်ကြီးရောဂါ ပျောက်ကွယ် သွားတာဟာ အေအိုင်ဒီအက်(စ်)
ပျံ့နှံ့မှုကို ကူညီသလို ဖြစ်သွားတယ်တဲ့။ ကျောက်ကြီးရောဂါ
ကာကွယ်ဆေး ထိုးလိုက်ရင် အေအိုင်ဒီအက်(စ်) မဖြစ်အောင် ကာကွယ်နိုင်ဖို့ အလားအလာ ရှိတယ်တဲ့''

''သုတေသီတွေက
လက်တွေ့ စမ်းသပ်တာလား ဆရာ''

''စမ်းသပ်ထားတယ်။
သုတေသန ရလဒ်တွေအရ အလားအလာ ရှိတာ တွေ့ရတယ်''

''ဒါဆို
အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးမှာ ကျောက်ဆေး ထိုးရုံပေါ့ ဆရာ''

''ဒီလိုလဲ
အပြတ်မပြော နိုင်သေးဘူးဗျ။ စောသေးတယ်။ ခုဟာက အလားအလာ ရှိတယ်ပဲ ပြောတာ''

''ဘယ်သူတွေ
လုပ်တာလဲ ဆရာ''

''ဦးဆောင်တဲ့
သုတေသီက Dr. Raymond Weinstein တဲ့။ သူက Virginia ပြည်နယ်မှာ ရှိတဲ့ George Mason
University မှာလုပ်တယ်။ သူက ပြောတယ်။ အာဖရိက တိုက်မှာ အေအိုင်ဒီအက်(စ်) ဟာ လျင်လျင်မြန်မြန်
ပျံ့နှံ့ခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတာကို သီအိုရီ မျိုးစုံနဲ့ ရှင်းပြခဲ့တယ်။ သက်ဆိုင်တဲ့
အကြောင်းရင်းခံတွေက စစ်ပွဲတွေ၊ မသန့်တဲ့ ဆေးထိုးအပ်တွေ၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးမှာ
မသန့်ရှင်းလို့ ပိုးပါသွားတာတွေ စတာတွေ ပေါ့ဗျာ။ စစ်ဖြစ်နေတော့လဲ အသက်လုပြီး ပြေးလွှားနေရတာ။
ကျန်းမာရေး ဘယ်စဉ်းစား နိုင်ပါ့မလဲ''

''ဟုတ်တာပေါ့
ဆရာရယ်။ ရောဂါကာကွယ်ရေး ဘယ်လုပ်နိုင် ပါ့မလဲ''

''ဒါပေမယ့်
ဒီရှင်းပြချက်တွေက မလုံလောက်ဘူးဗျ။ အိပ်ခ်ျအိုင်ဗွီ ပိုးဟာ Pandemic ဆိုတဲ့ အာဖရိက
တစ်တိုက်လုံး ကူးစက်ပျံ့နှံ့ နေတာကို လုံလုံလောက်လောက် ရှင်းမပြနိုင်ဘူး။ အဲဒီတော့
Dr. Weinstein နဲ့ အဖွဲ့က ကျောက်ကြီး ကာကွယ်ဆေး ထိုးထားရင် ခုလောက် မပျံ့နိုင်ဘူးလို့
ယူဆတယ်။ ကျောက်ကြီး ကာကွယ်ဆေးကို ၁၉၅ဝ ခုနှစ်တွေနဲ့ ၁၉၇ဝ ခုနှစ်တွေ ကြားမှာ ရုပ်သိမ်းခဲ့တယ်။
မထိုးတော့ဘူး။ တစ်ကမ္ဘာ လုံးမှာ ကျောက်ရောဂါ ကင်းပြီ ဆိုပြီးပေါ့ဗျာ။ အဲသလို ရုပ်သိမ်းချိန်က
စပြီး အိပ်ခ်ျအိုင်ဗွီကလဲ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ လာတယ်''

''ထူးဆန်းတယ်
ဆရာ''

''ခုကျတော့
သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေကို ကျောက်ကြီးရောဂါ ဗိုင်းရပ်စ်ကို ကိုင်တွယ်မှပဲ ကာကွယ်ဆေး
ထိုးပေးတယ်''

''ကျောက်ကြီး
ဗိုင်းရပ်(စ်)ကို ဘယ်ကရသလဲ။ ကျောက်ကြီးရောဂါမျိုး ပြုတ်သွားပြီ မဟုတ်လား''

''ဒီလိုဗျ။
သုတေသန လုပ်ဖို့ ဓာတ်ခွဲခန်းမှာ မွေးထားတာတော့ ရှိသေးတယ်။ သိပ်ကိုလုံခြုံအောင် ထားရတယ်။
မသမာသူတွေ ရသွားမှာ စိုးလို့။ သုတေသီတွေက အဲသလို ကာကွယ်ဆေး ထိုးထားတဲ့ ရှားရှားပါးပါး
ပုဂ္ဂိုလ်တွေဆီက သွေးဖြူဥကို ယူတယ်။ အိပ်ခ်ျအိုင်ဗွီ ပိုးနဲ့ လက်တွေ့ စမ်းကြည့်တယ်''

''ဘာတွေ့လဲဆရာ''

''တွေ့တာက
သွေးဖြူဥထဲမှာ ဗိုင်းရပ်(စ်)ပွားနှုန်း သိသိသာသာ နည်းနေတယ်။ ဒါကလဲ ကျောက်ကြီး ဆေးမထိုးထားတဲ့
အစမ်းသပ်ခံ ပုဂ္ဂိုလ်ဆီက သွေးဖြူဥနဲ့ နှိုင်းယှဉ် လေ့လာတာဗျ။ ကျောက်ဆေး မထိုးထားရင် အိပ်ခ်ျအိုင်ဗွီက
သိသိသာသာ ပွားနေတယ်''

''စာရင်းအင်း
သဘောနဲ့ ပြောရရင် ဘယ်လောက် ရှိသလဲ ဆရာ''

''ကျောက်ကြီး
ကာကွယ်ဆေးက အိပ်ခ်ျအိုင်ဗွီ ပွားနှုန်းကို ငါးဆ လျော့နည်းစေတယ်။ ဒါကြောင့် သုတေသီတွေ
ယူဆတာက ကျောက်ကြီး ကာကွယ်ဆေးဟာ ကိုယ်ခံစွမ်းအား စနစ်ကို မြှင့်တင်ပေးတယ်လို့ ယူဆတယ်။
ဖြစ်နိုင်ခြေ ရှိတာက သွေးဖြူဥ မျက်နှာပြင်ပေါ်က CCR5 ဆိုတဲ့ Receptor နဲ့ ဆိုင်နိုင်တယ်။
ဒီတွယ်ချိတ်တဲ့ နေရာကို ကျောက်ကြီးဗိုင်းရပ်စ် ကရော အိပ်ခ်ျအိုင်ဗွီ ဗိုင်း ရပ်စ်က
ရောသုံးတယ်။ Terrence Higgins Trust ဆိုတဲ့ စေတနာဝန်ထမ်း အဖွဲ့ကြီးက Clinical
Director ဖြစ်တဲ့ Jason Warriner ကလဲ ပြောတယ်။ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ ရှင်းပြချက်တစ်ရပ်
ပဲလို့ ပြောခဲ့တယ်''

''ပါရဂူတွေလဲ
စိတ်ဝင်စား တယ်နော်''

''ဒါပေါ့ဗျာ။
စိတ်ဝင်စား တာပေါ့။ Warriner က ဆက်ပြောသေးတယ်။ ဒါဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ သုတေသန
တစ်ခု ပါပဲတဲ့။ ခုလို ရှာဖွေတွေ့တာဟာ ဝမ်းသာစရာ ကောင်းတယ်တဲ့။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်
ဘယ်လို ပွားသလဲဆိုတာကို ပိုပြီးနားလည်စေတယ်တဲ့။ ဒီကနေ ဆက်သွားရင် အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေး
ပေါ်နိုင်လိမ့်မယ်။ ပြီးတော့ ဆက်သွားရင် ကုနိုင်လိမ့်မယ်တဲ့''

''ကုနိုင်ရင်
ကောင်းတာပေါ့ဗျာ''

''Receptor
အကြောင်း ခုထက်ပိုသိရအောင် နောက်ထပ် သုတေသနတွေ လုပ်ဦးမှာဗျ။ နောက် ထပ်တွေ့ရှိမယ့်
တွေ့ရှိချက် အသစ်တွေက ပြဿနာကို ဖြေရှင်းနိုင်မယ့် တွေ့ရှိချက်မျိုးတွေ ဖြစ်လိမ့်မယ်ဗျ။
ဒါပေမယ့် ဒါက အချိန် စောင့်ရဦးမယ်။ လောလောဆယ် မကူးစက်အောင် နည်းလမ်းဟောင်းတွေပဲ ဆက်လိုက်နာ
ကြရဦးမှာဗျ''

အေအိုင်ဒီအက်(စ်)
ရောဂါ မပြန့်ပွားစေရန် အပျော်အပါး လိုက်စားခြင်းကို ရှောင်ကြဉ် ရပေမည်။ လင်နှင့်မယား
အပြန်အလှန် သစ္စာရှိရပေမည်။ တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးရပေမည်။ ရိုးရာယဉ်ကျေးမှုကို
လိုက်နာရပေမည်။ မသန့်သော ဆေးထိုးအပ် မသုံးသင့်ပေ။ မူးယစ်ဆေးဝါး ရှောင်ကြဉ် ရပေမည်။
မလိုအပ်ဘဲ ဆေးထိုးခြင်းနှင့် မလိုအပ်ဘဲ သွေးသွင်းခြင်းကို ရှောင်ကြဉ် ရပေမည်။ အပျော်အပါး
မရှောင်နိုင်ပါက ကွန်ဒုံး သုံးစွဲရပေမည်။

''ဟုတ်ပါတယ်ဆရာ။
နည်းလမ်းဟောင်းတွေက ဟောင်းပေမယ့် ကောင်းတုန်းပါပဲ ဆရာ။ ကဲကာပူချီနိုလဲ ရောက်ပြီ။ ကျွန်တော်တို့လဲ
သောက်ပြီဆရာ''

''သောက်ဗျာ။
အေးအေးဆေးဆေး ပေါ့ဗျာ''

ရည်ညွှန်းချက်။
။ BBC News မှ "Smallpox Demise Link to HIV Boom" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)

ဈေးကွက် - ကျောက်ကြီးရောဂါ
ကာကွယ်ဆေးနှင့် အေအိုင်ဒီအက်(စ်)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top