1
Mar

ကျေးဇူးပဲ AIDS



ကျွန်မနာမည် “နန်း”ပါ။
အေအိုင်ဒီအက်စ် ရောဂါဆိုးကြီးကိုပဲ ကျေးဇူးဥပကာရ တင်နေသူပေါ့ရှင်။ ဒီလိုပါရှင့်။ ကျွန်မက
“လန်ပန်” ဇာတိပါ။ ယိုးဒယားမြောက်ပိုင်းသူပေါ့။ မိသားစုခုနစ်ယောက်ရှိပြီး ကျွန်မက
ကျောင်းပညာ တစ်ဝက်တစ်ပျက်နဲ့ပေါ့။ အိမ်အလုပ်တွေ ၀ိုင်းလုပ်နေရတာကိုး။


အမှတ်ရရ ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ
တစ်ရက်နေ့မှာ ကျွန်မ လက်ထပ်ခဲ့ပါတယ်။ ကျွန်မယေက်ျားကိုပြောတယ်။
ကလေးလိုချင်တယ်လို့။ ဒီတော့ကျွန်မတို့ဟာ သားသမီး အဆက်ခြားဖို့တို့၊
အကာအကွယ်သုံးဖို့တို့ ဘာတို့ မလုပ်ခဲ့ဘူးပေါ့။ ပထမ သားဦးလေး ကိုယ်ဝန်သုံးလရတော့
ဆေးရုံမှာသွားပြီး ဆေးစစ်ရပါတယ်။ အဲဒီမှာ ဆရာဝန်တွေက ကျွန်မကို
သွေးသုံးကြိမ်စစ်ပါတယ်။ ကျွန်မ နားမလည်နိုင်တာက သူရို့ဘာကြောင့် ကျွန်မကို
ဆေးပညာအကြံပေးတာတွေ ဘာတွေ သိပ်လုပ်နေကြသလဲဆိုတာပါပဲ။ နောက်မှသိရတာက ကျွန်မမှာ
အေအိုင်ဒီအက်စ် ရောဂါ စွဲကပ်နေပါပြီတဲ့။ သိပ်ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ပေါ့။ ဆရာဝန်က
ရှင်းပြနေတဲ့အချိန်မှာ ကျွန်မယောက်ျားက ဘာမှ သိပ်တုန်လှုပ်ပုံမရပါဘူး။ သူက ကလေးကို
ဆက်ယူလို့ ဖြစ်မဖြစ်ပဲ မေးပါတယ်။ ဆရာဝန်က ယူလို့တော့ရပါတယ်။ ဒါပေမဲ့
သူရို့ပေးတဲ့အကြံအတိုင်း လိုက်နာရမယ်တဲ့။


ကျွန်မဟာ
ကလေးမွေးဖွားနိုင်ဖို့အတွက် ပုံမှန်ဆေးစစ်မှုတွေလုပ်ခဲ့ပါတယ်။ ဆရာဝန်ရဲ့
ရက်ချိန်းတွေလည်း မှန်မှန်ပဲပြသခဲ့ပါတယ်။ ဒီလိုနဲ့သားလေးကို မွေးဖွားနိုင်ခဲ့ပါရော
ဆိုပါတော့။ သားလေးဟာ တစ်နှစ်ခွဲသားမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်လေးဖြစ်ခဲ့ပါတယ်။
နဂိုတည်းက စိတ်မချလို့ ဆေးစစ် သွေးစစ်ခဲ့တာကိုး။ ကလေးဟာ နှစ်နှစ်နဲ့လေးလမှာ
ကျွန်မတို့နဲ့လောကကြီးကို ခွဲခွာသွားပါတော့တယ်။ သားလေးဆုံးပါးသွားပြီပေါ့။
ကျွန်မဘ၀ ဘယ်လောက် ၀မ်းနည်း ကြေကွဲမယ် ဆိုတာ စဉ်းစားသာကြည့်ပါတော့ရှင်။
ဒီနောက်ပိုင်းမှာ ကျွန်မတို့လင်မယားဟာ တကျက်ကျက် ဖြစ်ခဲ့ရတာပေါ့။ ရန်ဖြစ်တိုင်း
အဓိကပြဿနာက ဘယ်သူဟာ အေအိုင်ဒီအက်စ် ရောဂါကို သယ်လာခဲ့သလဲ။ ဘယ်သူကတရားခံလဲ။ ဘယ်သူက
ဘယ်သူ့ဆီ ရောဂါဖြန့်ခဲ့တာလဲ ဆိုတာတွေပါပဲ။ နောက်တော့ အဖြေဆက်ရှာ မနေတော့ပါဘူး။
သူ့ကို ကျွန်မကွာရှင်းပစ်လိုက်ပါတယ်။ သေချာပါပြီ။ နောက် ခြောက်လနေ တော့
သူသေရှာတာပါပဲ။ ဟုတ်ပါ့ အေအိုင်ဒီအက်စ် နဲ့ပေါ့။


ကောင်းပါပြီ။ ဒါပေမဲ့ ကျွန်မဘ၀ကို
အဖြစ်ဆိုးစေတဲ့ ...ကျွန်မသားလေးကို ဘ၀ ဆိုးစေတဲ့ အေအိုင်ဒီအက်စ်ကို ဘာကြောင့်
ကျွန်မကျေးဇူးတင်ရတာတဲ့လဲ။ဒီလိုပါ။


ကျွန်မကို ဆရာဝန်တွေက “စင်တာဝမ်”
အဖွဲ့နဲ့ မိတ်ဆက်ပေးပါတယ်။ သူရို့က အေအိုင်ဒီအက်စ် ဝေဒနာရှင် တွေကို
ကူညီနေတဲ့အသင်းပါ။ ထောက်ပံ့တယ်။ ကုသပေးတယ်။ စည်းရုံးတယ်။ လူမှုရေး အသင်းဆိုပါတော့။
ဆေးရုံနဲ့ ဆက်သွယ်ပြီးတော့လည်း ကျန်းမာရေး လိုအပ်ချက်တွေကို လုပ်ဆောင်ပေးကြပါတယ်။
သူရို့အသင်းနဲ့ ကျွန်မ တလတစ်ကြိမ် တွေ့ဆုံပါတယ်။ ဒီလိုနဲ့ ၁၉၉၆ ခုနှစ်မှာ ကျွန်မဟာ
အဲဒီအသင်းမှာ အရေးပါအရာရောက်တဲ့ အဖွဲ့ဝင် ဖြစ်လာပါတော့တယ်။ နောက်ပိုင်း
အတွင်းရေးမှူးဖြစ်ပြီး နောက်ဆုံးဥက္ကဌ ရာထူးကိုတောင် ရလိုက်တာပါပဲ။


၁၉၉၇ ခုနှစ်မှာတော့ ကျွန်မကို
ခရိုင်တစ်ခုလုံးက လေးစားကြည်ညို လာကြရပါတယ်။ကျွန်မဟာ ကလေးတွေရဲ့ ကျန်းမာရေး၊
ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးတွေမှာ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့
ဟောပြောပို့ချမှုတွေ လုပ်လာခဲ့ရပါပြီ။ ပြီးတော့ လန်းပန် စီရင်စုရဲ့ အေအိုင်ဒီအက်စ်
ဝေဒနာရှင်များအသင်းရဲ့ အတွင်းရေးမှူးလည်း ဖြစ်လာခဲ့ပါပြီ။ အလုပ်တွေ
အများကြီးလုပ်ခဲ့ရာမှာ လူတွေအများကြီးနဲ့လည်း ရင်းရင်းနှီးနှီး
ဆက်ဆံခွင့်ရခဲ့ပါတယ်။အဲဒီတော့ အစိုးရအဖွဲ့အစည်းတွေနဲ့ရော ပြင်ပ အကျိုးဆောင်
အဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရပြီပေါ့။ ကျွန်မပိုပြီး ထင်ပေါ်ကျော်ကြား
လူသိများလာခဲ့ရပါပြီ။ လူတွေရဲ့ အလေးပေးမှုကို ကောင်းကောင်းကြီးရခဲ့ပါပြီ။


အဲဒီအတွက် ကျွန်မ
ဂုဏ်ယူလို့မဆုံးတော့ပါဘူး။ ကျွန်မဟာ အရင်ကလို အညတရ ကျေးတောသူ တစ်ယောက် မဟုတ်တော့ပါဘူး။
သာမန် အေအိုင်ဒီအက်စ် ရောဂါသည်လို လူတွေရဲ့ ဖယ်ကြဉ်မှုကိုလည်း မခံရတော့ပါဘူး။
ဘယ်လောက်ထိလဲဆိုရင် ကျွန်မဟာ ချင်းမိုင် မှာ ကျင်းပတဲ့ နိုင်ငံတကာ အေအိုင်ဒီအက်စ်
နှီးနှောပွဲလို အစည်းအဝေးကြီး တွေမှာလည်း တက်ရောက်နေပါပြီ။ ကျွန်မလား....
အင်္ဂလိပ်လို မပြောတတ်ပါဘူး။ ဒါပေမဲ့ရှင် ကျွန်မအတွက် သူရို့က စကားပြန်တွေ ဘာတွေ
ထားပေးကြတယ်ရှင့်။ ဘယ်လောက် မျက်နှာပန်းပွင့်သလဲလို့။ အဲဒီဆွေးနွေးပွဲတွေမှာ အလွန်
အဖိုးတန်တဲ့ ကာကွယ်ကုသနည်း တွေလည်း တွေ့ရတယ်ရှင့်။ တခြားမဟုတ်ပါဘူး။ တချို့နိုင်ငံတွေက
ရောဂါသည်တွေဟာ AZT,DDC,DDI စတဲ့ကာကွယ်ဆေးတွေမသုံးဘဲ လူကောင်းလိုနေနိုင်ကြတယ်ဆိုတာ
ပါပဲ။ ဘာကြောင့်လဲတဲ့။ တခြား မဟုတ်ပါဘူး။ သူရို့ဟာ
သူရို့ကိုယ်သူရို့သိပ်ဂရုစိုက်ကြတယ်။ ထိန်းသိမ်းကြတယ်။
လေ့ကျင့်ခန်းတွေပုံမှန်လုပ်ကြလို့ပါပဲတဲ့။ ဒီတော့ သူရို့မှာ အေအိုင်ဒီအက်စ် လက္ခဏာ
သိပ်မပြကြပါဘူးတဲ့။ ကျွန်မတို့ ယိုးဒယားနိုင်ငံသားတွေကတော့ ရောဂါလက္ခဏာတွေ
များများပြကြတယ်။ အင်းလေ... ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း သေးကွေးကြတာကိုး။


အဲဒီအတွေ့အကြုံတွေကို ကျွန်မက
ပြန်ပြီး အသုံးချပါတယ်။ ယိုးဒယားဝေဒနာရှင်တွေကို ရှင်းလင်းပြောပြပြီး
အတုယူစေပါတယ်။ ကျွန်မလည်း အချိန်ရှိသရွေ့ လေ့လာမှတ်သား နေရတာပေါ့လေ။ ပြီးတော့
သူရို့ကို ပြောရတယ်။ စိတ်ဓါတ်မကျနဲ့ ..ပေါက်တတ်ကရတွေ (ကိုယ့်ကိုကိုယ်
သတ်သေဖို့ကြိုးစားတာတို့ ... တစ်ပါးသူကို ရောဂါဖြန့်တာတို့ ) မလုပ်ကြဖို့ပေါ့။
ဟုတ်တယ်လေ။ လူတိုတာက စိတ်ဓာတ်ကျလာရင် ရန်လိုတတ်တာကိုး။ ကျွန်မကတော့ အဲသလို
ကူညီလုပ်ကိုင်ပေးနေရတာကို ၀မ်းသာပါတယ်။ ပီတိဖြစ်ရပါတယ်။ ကိုယ့်ဘ၀ ကိုယ်တောင်
မေ့မေ့နေတတ်ပါရဲ့။ ဒါပေမဲ့ရှင်...ကျွန်မတို့ဆီရောက်ရောက်လာတဲ့ ရောဂါသည်တွေဟာ
အများအားဖြင့် ရောဂါကျွမ်းနေသူတွေ၊ နောက်ဆုံးအချိန်ကို ရောက်နေသူတွေ များနေတော့
တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ရှင်။ ဒီတော့လည်း ထင်သလောက်မကူညီနိုင်ဘူး။
ကူညီလို့မရဘူးပေါ့လေ။


ဘာပဲဖြစ်ဖြစ်ကျွန်မကတော့
ဇွဲမလျော့ပါဘူး။ ခုဆိုရင် ဆရာဝန်တစ်ယောက်နဲ့ရင်ပေါင်တန်းပြီး ရေဒီယိုကနေ
ဟောပြောပို့ချမှုတွေ ဘာတွေ လုပ်နေရပါပြီ။ ကျွန်မလေ ... ကိုယ့်အိမ်မှာပဲ
အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အဖွဲ့လေးတောင် တည်ထောင်ထားပါတယ်။ ကျွန်မအိမ်က
အဖွဲ့လေးက လူဆယ်ယောက်ရှိပါတယ်။ အောင်မယ် အဲဒီလူအင်အားနဲ့ပဲ ကျွန်မတို့ ရွာတော်တော်အလုပ်ဖြစ်တာပါ။
တစ်ပိုင်တစ်နိုင်ပေါ့နော်။ ရွာက မိဘမဲ့ကလေးတွေ ဆိုရင် ကျွန်မတို့က ကောင်းကောင်း
စောင့်ရှောက်ပေးထားပါတယ်။


တကယ်တော့ရှင် စိတ်ဓာတ်ဟာ
သိပ်အရေးကြီးပါတယ်။ ရောဂါတော်တော်များများကို စိတ်ဓာတ်နဲ့ကုလို့ရပါတယ်။ ကျွန်မကတော့လေ...
အသက်ရှင်ခွင့်ရနေသေးသရွေ့ ဇွဲမလျှော့ဘူး။ ဘ၀တူ ဝေဒနာသည်တွေကို ကူညီမယ်။
စောင့်ရှောက်မှု လိုအပ်နေသူတွေကို စောင့်ရှောက်မယ်။ ကြိုတင်ကာကွယ်ဖို့
လိုအပ်နေသူတွေကို ပညာပေးစည်းရုံးမယ်။ မွန်မြတ်တဲ့ စေတနာရှင် ဖြစ်ရတဲ့ဘ၀ကို ကျွန်မ
မြတ်နိုးတယ်။


ကျွန်မစာကို ဖတ်ရတဲ့ သူများကိုလည်း
ပြောလိုက်ချင်ပါတယ်။ ကျွန်မလည်း ရှင်တို့က အားပေးကလူရှိကြပါဦးလို့။

ကျေးဇူးပါပဲ ... ဆရာဝန်တို့ရေ။
ကျေးဇူးပါပဲ.. နိုင်ငံတော်အစိုးရရေ။


အဲ ..ပြီးတော့ မချွင်းမချန်
ကျေးဇူးတင်လိုက်ရပါဦးမယ်။ ကျေးဇူးပါပဲ “အေအိုင်ဒီအက်စ်” ရေ။ ရှင်နဲ့ကျွန်မ
စတွေ့တဲ့နေ့ကစ လို့ ခုဆို ဆယ်နှစ်တိုင်တိုင် အသက်ရှင်နေခဲ့ပါပြီ။ ရှင်ဟာ ကျွန်မရဲ့
သူငယ်ချင်းကောင်းတစ်ယောက်လိုကို ဖြစ်နေပါပြီ။ ဟုတ်တယ်လေ... ရှင်က ပညာပေးလို့
ကျွန်မကလည်း ဘ၀တူဝေဒနာရှင်တွေကို ကျေးဇူးပြုနိုင်တာမဟုတ်လား။ ကျွန်မဘ၀ ဟာလည်း
သာမန်လူတစ်ယောက် မဟုတ်တော့ပဲ လူသိရှင်ကြား ဝေဒနာရှင်ဘ၀ ရောက်ခဲ့တာပဲ မဟုတ်လား။
အေအိုင်ဒီအက်စ် ကြီးရေ ...။


နန်း

 

“မစ္စ နန်း” ဟာ ပထမဦးဆုံးသော
“အေအိုင်ဒီအက်စ်ရောဂါဆိုးကြီးကို ကျေးဇူးတင်ပါတယ်” ဟု ပြောချလိုက်သည့်
ယိုးဒယားမလေး ဖြစ်ပါသည်။ လောကတွင် အကောင်းမြင်တတ်သည့် စေတနာရှင်၊ ကရုဏာရှင်တို့သည်
အဆိုးကိုပင်လျှင် ယောနိသော မနသီကာယ နှလုံးသွင်းပြီး အကောင်းဘက်က ရှုမြင်တတ်ပေသည်။
ထို့အတွက် ကာယကံရှင်မှာရော၊ ပတ်ဝန်းကျင်မှာပါ စိတ်ချမ်းသာကိုယ်ကျန်းမာမှုများ
ရရှိနိုင်ပါသည်။ လောကကြီးကတော့ အကောင်းရော အဆိုးရော ဒွန်တွဲဖော်ကျူးနေမှာ
ဓမ္မတာဖြစ်သည်။ ကိုယ်က သန့်ယူ ကန့်ယူတတ်ဖို့ အရေးကြီးပါသည်။ “မစ္စနန်း” သည်
အဆိုးဝေဒနာများကို ယောနိသော မနသီကာယ စိတ်သွင်း၍ နှလုံးအေးခဲ့ပါသည်။ သူသည်
အဆိုးထဲမှ အကောင်းကို ရွေးထုတ် စစ်ထုတ်ပြီး ဘ၀ သင်ခန်းစာများကို ရယူခဲ့ပါသည်။
ထိုနည်းတူ ... ထိုအကောင်းစိတ်ကလေးကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့သူ ... သူတော်စင်မလေး
ဟု ဆိုက လွန်အံ့မထင်ပါလေ။ မစ္စနန်း အသက်ရာကျော်ရှည်ပါစေသော်ဝ်.....။


သုမောင်

၁၁-၁၁-၀၆

 

Japan
International Cooperation Agency မှထုတ်ဝေသော Lesson of Life စာအုပ်ငယ်မှာ AIDS
ဝေဒနာရှင် တစ်ဦး၏ ကိုယ်ရေးအကျဉ်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top