၂၀၀၆ ခုနှစ်က ကျွန်တော်၏
စာဖတ်သူနှင့် တေးချစ်သူ ပရိသတ် Dr.(ဒေါ်)ခင်မြလွင်က "Lessons of Life"
ဟူသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော AIDS ပညာပေး စာအုပ်တစ်အုပ်ကို “ရွှေအမြုတေ”
ကိုရွှေဝင်းငြိမ်းမှတဆင့် လက်ဆောင်ပါး ပါသည်။ ထိုစဉ်က Dr.ခင်မြလွင်နှင့်
ကျွန်တော်မသိကျွမ်းသေးပါ။ စာအုပ်မှာ Koya Ariyoshi ရေးသားပြုစုပြီး Japan
International Cooperation Agency(JICA) မှ ထုတ်ဝေခြင်းဖြစ်ပါသည်။
အင်္ဂလိပ်စာကို ထမင်းစားရေသောက် ဖတ်တတ်ရုံဖြင့်
နားလည်လွယ်သော အရေးအသားဖြင့် ပြုစုထားပါသည်။ ထိုင်းနိုင်ငံ (Lanpang) ဆေးရုံ (Day
Care) ဌာနနှင့် Panuankeaw (စေတနာအဖွဲ့) တို့ ပူးပေါင်း၍ AIDS ဝေဒနာရှင် ၈၀၀
ကျော်တို့အား အင်တာဗျူးလုပ်ခြင်း၊ ကိုယ်တိုင်ရင်ဖွင့်လွှာရေးစေခြင်းဖြင့် ဤစာအုပ်ငယ်ဖြစ်ပေါ်လာခဲ့ပါသည်။ စာအုပ်ပြုစုသူ၏
အဆိုအရမူ အချို့ ဝေဒနာရှင် များ၏ “ရင်ဖွင့်လွှာ” များသည် ထိရောက်လွန်းသဖြင့်
“စာရေးဆရာ” ဟူ၍ပင် ကင်ပွန်းတပ်သင့်သည်ဟု မှတ်ချက်ချပါမည်။
မူရင်းစာအုပ်ကို Dr.ခင်မြလွင်က
ကျွန်တော်နှင့် မိသားစုဖတ်ရှုရန် မေတ္တာလက်ဆောင် ပေးခဲ့ရာ ကျွန်တော်တို့ မိသားစု
ဖတ်ပြီးသောအခါ အစားအသောက်ကောင်းရလျှင် လက်တို့ချင် တတ်သော မြန်မာ့သဘာဝ အတိုင်း
နီးစပ်ရာ အသိုင်းအ၀ိုင်းသို့ စာအုပ်ငှားမိရာက ပျောက်ဆုံးသွားပါတော့သည်။ ထိုတွင်မှ
ကျွန်တော်သည် ယင်းစာအုပ်ပါ စာစုများကို ဘာသာပြန်လိုစိတ်ပေါ်လာသဖြင့် Dr.ခင်မြလွင် ထံဆက်သွယ်ပြီး နောက်တစ်အုပ် ထပ်တောင်းရပြန်ပါသည်။
အကျိုးအကြောင်းပြောတော့ သူကလည်း စိတ်လိုလက်ရ ၀မ်းမြောက်စွာ ထပ်ပေးပါသည်။ ထိုတွင်
ကျွန်တော်သည် ကျွန်တော့်ထံ ပုံမှန်စာမူတောင်းနေသော ဂျာနယ်၊ မဂ္ဂဇင်းများ၌ တစ်ပုဒ်စီ
ဘာသာပြန်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှစတင် ဘာသာပြန်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင်
စာမူအားလုံးပြီးစီးသွားပါသည်။
ထိုတွင် (Global English)
မဂ္ဂဇင်းမှ ပြန့်ကျဲနေသော ကျွန်တော့်စာမူများကို အစအဆုံး အင်္ဂလိပ်မူရင်းနှင့်
ဘာသာပြန် ယှဉ်တွဲဖော်ပြလိုကြောင်း တောင်းဆိုလာသဖြင့် ၀မ်းမြောက်ဝမ်းသာ
ပေးအပ်လိုက်ပါသည်။ ထိုကိစ္စပြီးမြောက်သောအခါ ကျွန်တော့်မှာ သဒ္ဓါစေတနာ လောဘ ပိုလာ ပြန်ပါသည်။
ထို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စုပေါင်း (ပေါင်းချုပ်) ထုတ်ဝေပြီး ဓမ္မဒါန သဘော
အလှူလုပ်ရန် ဖြစ်ပါသည်။ ကံကောင်းချင်တော့ ဧည့်ခံပွဲတစ်ခုတွင် ဆရာ မောင်သိန်းလွင်
(ရွှေဟင်္သာစာပေ) နှင့် တစ်ဝိုင်းတည်းကျရာက စကားစပ်မိပါသည်။
သူကလည်း နွမ်းပါးသော
ပေါင်းတည်ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေ ရှာချင်နေသူ၊ ကျွန်တော်ကလည်း AIDS ဝေဒနာရှင်များအတွက်
လှူချင်နေသူ သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ ဖြစ်သွားကြရာမှ ဤစာအုပ် ထုတ်ဝေဖြစ် သွားတော့သည်။
စာအုပ်အမည်ကို “ ကျေးဇူးပဲ
AIDS" ဟု ပေးလိုက်ပါသည်။ မူရင်းစာစု အမည်မှာ THANKS AIDS ဖြစ်ပါသည်။ သူက
ကုန်ကျငွေ၊ ရောင်းရငွေ(အရင်းအမြတ်) ၊ ကျွန်တော်က စာမူခ အားလုံးကို
နှစ်ပိုင်းပိုင်းပြီး AIDS ဝေဒနာရှင်များနှင့် ပေါင်းတည်ဘိုးဘွားရိပ်သာသို့
အချိုးကျ လှူဒါန်းရန် စီစဉ်ခဲ့ကြပါတော့သည်။
ပြဿနာမှာ လှူဒါန်းပါမည်ဆိုကာမှ
“သုမောင်” ၏ စာအုပ်အရောင်းရ မတွင်ကျယ်ခြင်း ဖြစ်သည်။ ဤနေရာတွင်
မိမိကိုယ်ကိုသာလျှင် အပြစ်တင်ရပါမည်။ကျွန်တော်သည် Family Saga
ခေါ်ဖြစ်ကြောင်းကုန်စင် မိသားစု ပုံပြင် အရေးကောင်းသူဖြစ်သလို ကျွန်တော့် စာဖတ်သူကလည်း
ထိုသို့ပင် သဘောထားကြလေရာ ဘာသာပြန်နှင့် ကျွန်တော် မအပ်စပ်သလို ဖြစ်သွားပုံရပါသည်။
ပြီးတော့ AIDS ကိစ္စသည် ကျွန်တော်နှင့် မဆိုင်သလိုလည်း ဖြစ်ပုံရပါသည်။ ထုတ်ဝေသော
“ရွှေဟင်္သာ” စာပေတိုက်မှာလည်း အင်္ဂလိပ်စာပေ ပညာပေးစာအုပ်များသာ ထုတ်ဝေနေရာ “သုမောင်”
နှင့် လည်းကောင်း “AIDS” နှင့်လည်းကောင်း၊ မဆိုင်သလိုဖြစ်နေပြန်ပါသည်။
ထို့ပြင်စာအုပ်ပြပွဲ၊ စာရေးဆရာ လက်မှတ်ထိုးပွဲတွေ
မလုပ်နိုင်။ကြော်ငြာအားနည်းတာလည်း ကျွန်တော်တို့ အားနည်းချက်ပင်။ တကယ်တော့ လှူမည့်ငွေပဲ့ပါသွားမှာစိုးသောကြောင့်ဖြစ်သည်။
လိုရင်းဆိုရသော် “ကျေးဇူးပဲ AIDS”
မရောင်းရလှပါ။ ထို့ကြောင့်များများမလှူနိုင်ခဲ့ပါ။ “သုမောင်” ၏ ကိုယ်တွေ့စာအုပ်တွေ
စီးပွားဖြစ်ရောင်းနေရချိန်“လှူမဟဲ့” ဆိုကာမှ အ၀ယ်မလိုက်တာ စိတ်မကောင်း ဖြစ်ရပါသည်။
ထို့ထက်ကား ဘယ်တုန်းကမှ စာအုပ်ကြော်ငြာ ကောင်းကောင်းမလုပ်ခဲ့သော “သုမောင်” သည်
ဤစာအုပ်ကျကာမှ မဂ္ဂဇင်း၊ ဂျာနယ်များသို့ စာအုပ်လက်ဆောင်နှင့်အတူ အလှူဒါန
စာအုပ်ဖြစ်ကြောင်း စာတိုစာရှည်များနှင့် သတင်းပို့ (ကြော်ငြာ) လုပ်ခဲ့ပါသည်။
ပထမဦးဆုံးဘာသာပြန်စဉ်က စာမူပါ
ဂျာနယ် မဂ္ဂဇင်းများသို့လည်း စာအုပ်လက်ဆောင်နှင့် ဓမ္မဒါန အကြောင်း ရေးသား
ပေးပို့ပါသည်။ မှတ်မှတ်ရရ အများစုမှာ “သတင်းတို”၊ “စာအုပ်စင်”၊ “စာအုပ်ဝေဘန်ချက်”
စသည်မျှပင် ဖော်ပြခြင်း မပြုကြသည်မှာ ထူးဆန်းနေပါသည်။ တကယ်တော့ များများရောင်းရလေ
များများလှူနိုင်လေဟု ရိုးသားစွာ စေတနာထားပါသည်။ “ညောင်စေ့လောက်လှူ-
ညောင်ပင်ကြီးလောက်ရ” ဆိုတာက အလှူရှင်၏ အလှူဒါနဖြစ်ပါသည်။
ညောင်ပင်ကြီးလောက်လှူနိုင်လျှင်
အလှူခံသူအတွက် ညောင်ပင်ကြီးလောက်ရပါလိမ့်မည်။ နောက်တစ်ချက်မှာ “AIDS”
စာလုံးမြင်ရုံနှင့် “ကုရာနတ္တိ ဆေးမရှိ” ဟူသော အဆိုးများကိုသာ ရေးသားထားလိမ့်မည်ဟု
အချို့စာဖတ်သူက မြင်နေကြမှာ ဖြစ်သည်။ တကယ်တော့ အကောင်းမြင်ဝါဒဖြင့်
ကျွန်တော်ရေးပါသည်။
ကျွန်တော်ကလည်းကောင်း၊
ဦးသိန်းလွင်(ထုတ်ဝေသူ) ကလည်းကောင်း “အမှာစာ” များနှင့် စာအုပ်မျက်နှာဖုံးများတွင်
“ဤစာအုပ်မှ ရရှိသောငွေနှင့် စာမူခအားလုံးလှူဒါန်းပါမည်” ဟု အတိအလင်း
ဖော်ပြထားပါလျက် ကောင်းလွန်းလို့ ဆိုပြီး မေတ္တာလက်ဆောင် ထပ်တောင်းသူများကိုလည်း
အံသြရပါသည်။ “ကျွန်တော် ကျွန်မတို့ ရဲ့ သားသမီးတွေရဲ့ သူငယ်ချင်းတွေ
ဖတ်စေချင်လွန်းလို့ပါ” ဆိုသော စကားဖြင့် မေတ္တာလက်ဆောင် ထပ်တောင်းတော့
အတော်ခံရခက်ပါသည်။ မပေးအခက်၊ ပေးအခက်။
နောက်ဆုံး ကျွန်တော်သည်
ရှေ့မျက်နှာ နောက်ထား ခေါင်းငိုက်စိုက်ထားပြီး AIDS နှင့် ပတ်သက်၍ လှုပ်ရှားနေသော
လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံ ချဉ်းကပ်ရပါသည်။ စာအုပ်လက်ဆောင်နှင့်
ဒါနအကြောင်းရှင်းပြပါသည်။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်စာကြည့်တိုက်များသို့
ကိုယ်တိုင်သွားရောက်ပါသည်။ ကိုယ့်ကိုကိုယ်လည်း စိတ်သန့်ပါသည်။ ဒါသည်
စီးပွားရေးမဟုတ်၊ အလှူဒါန။
ခက်တာက ခုချိန်ထိ
ထိုပုဂ္ဂိုလ်များကလည်း တုတ်တုတ်မျှ မလှုပ်ကြသေးခြင်းပင်။ သူတို့ ခင်မျာ မှာလည်း
အဆင့်ဆင့် အစီရင်ခံ လုပ်ဆောင်နေကြရမည်ထင်ပါရဲ့။ ကျွန်တော့်ဘက်က “လောဘဇော” တိုက် နေတာသာ
ဖြစ်ပါလိမ့်မည်။ အလှူကို ဘန်းပြပြီး လူကြော်ငြာသလို ဖြစ်မှာစိုး၍
သိပ်မလှုပ်ရှားမိတာလည်း ကျွန်တော့်အမှားတစ်ခု ဖြစ်နိုင်ပါသည်။ အခုတော့ Dr (ဒေါ်)ခင်မြလွင်က
နီးစပ်ရာလက်တို့ပြီး အလှူဒါန ပြုပါလေပြီ။ သူသည် မူရင်းစာအုပ်ကို ပထမဆုံး
လက်ဆောင်ပေးသူဖြစ်ပြီး ယခုစာအုပ်ကို ကိုယ်တိုင်ဒါနပြု ရောင်းချပေးသူ ဖြစ်သွားပါပြီ။
သူကား AIDS နှင့် ပတ်သက်သူ လုံးဝ မဟုတ်သော်လည်း အလှူဒါနနှင့် လူမှုရေးကိုကား
အလေးထားပေသည်။
သူက SSC/ ခွဲ Women Center
ကျောက်ကပ်ဆေးဌာနမှ ဖြစ်ပါသည်။ ယခုထိ သူရောင်းပေးသော စာအုပ် အတော်များများရှိပါပြီ။
ဆက်လက်၍လည်း ဓမ္မဒါန ပြုနေပါသည်။ ထို့ကြောင့် “ကျေးဇူးပဲ AIDS ” စာအုပ်အတွက် ကျေးဇူးပဲ “Dr. ခင်မြလွင်”.
ကျန်းမာကြပါစေ
သုမောင်
မှတ်ချက်။ ။ အထက်ဖော်ပြမိသော မေတ္တာလက်ဆောင် ထပ်တောင်းသူများကို
အပြစ်ဆိုခြင်းမဟုတ်ပါ။ စာအုပ်ကလေးကောင်းတော့ မျှဝေဖတ်စေချင်သော
မြန်မာ့စရိုက်ကြောင့် စေတနာပိုတာဟုပင် ယူဆပါသည်။ စာအုပ်စင်၊ ဝေဘန်ချက်၊
သတင်းဖော်ပြမပေးနိုင်သော အချို့မဂ္ဂဇင်း၊ ဂျာနယ်များအားလည်း မည်သို့မျှ သဘောမထားဘဲ
ကိုယ်ချင်းစာကြောင်း ရိုးသားစွာ ၀န်ခံပါသည်။ မဂ္ဂဇင်း၊ ဂျာနယ် ဟူသည်မှာ နေ့နေ့ညည
အလုပ်ရှုပ်သော သဘာဝကြောင့် အရာရာ တကူးတက အရေးမစိုက်နိုင်ကြောင်း သိပါသည်။
လေးစားလျက်
(Health Digest
ကျန်းမာရေးနှင့် ပညာရေးဂျာနယ် အတွဲ(၇) အမှတ်(၂၀) ။ ဖေဖေါ်ဝါရီလ(၂၄)ရက် ၂၀၁၀)




