ကျမသူတို့ကို
စတွေ့တာက မယ်တော်ဆေးခန်းက HIV လူ နာတွေကိုထားတဲ့ အခန်းမှာပါ။ ကျမစိတ်ထဲမှာ ထူးဆန်းသွားတာက
သူမ မှာနေ့စေ့လစေ့ ကိုယ်ဝန်နဲ့မို့လို့ပါ။ သူမကိုကြည့်ရတာ အသက်လည်းငယ်ပုံရပါတယ်။
သူမမျက်နှာမှာ
ငယ်ရွယ်သူတို့သဘာဝ လွတ်လပ်ပျော်ရွှင်မူကို မတွေ့ရပါဘူး သူမမျက်နှာဟာ ရာသီဥတုဒဏ်ကြောင့်
ညိုးနေတဲ့ ပန်းဖူးနုနုလေးနဲ့တူပါတယ် သူမဘာကြောင့်ဒီလောက် ပူဆွေးနေတာလဲတကယ်ဆိုရင် သူမအရွယ်က ပျော်ရွှင်တက်ကြွနေရမှာ။
သူမဘာတွေဖြစ်ခဲ့လဲ ဘ၀ကို ဘယ်လိုဖြတ်သန်း လာရလဲဆိုတာကို သိချင်လာပါတယ်။
ပထမတော့
သူမဖြေချင်ပုံမရပါဘူး။ သူမ ယုံကြည်လာအောင် စည်းရုံးရပါတယ်။ ယုံကြည်တော့မှ သူမ ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်း
ကိုပြောပြပါတယ်။
သူမ
ငယ်ငယ်ကတော့ မော်လမြိုင်မှာ နေတယ်တဲ့။ နောက်တော့ ရန်ကုန်ကိုပြောင်းလာတယ်။ တောင်ဒဂုံ
၅၆ ရပ်ကွက်မှာနေတယ် တဲ့။ အခုသူမ အသက် ၁၇ နှစ်ပြည့်တော့မယ်။
သူမ
ဝမ်းနည်းပမ်းနည်း ပြောပြတာက ရန်ကုန်ရောက်တော့ အဖေက ဆောက်လုပ်ရေးတခုမှာ အလုပ် ၀င်လုပ်တယ်။
ပထမပိုင်းတုန်းက အဆင်ပြေတယ်။ နောက်တော့ ကန်ထရိုက်က အိမ်တွေမရောင်း ရတော့ ဆိုဒ်တွေကို
ရပ်ပြစ်လိုက်တယ်။ ဒီတော့ အဖေလည်း အလုပ်ပြုတ်သွားတယ်။ ဒီတော့ အဖေက ရပ်ကွက်ထဲမှာ ပန်းရံတို့လက်သမားတို့
လိုက်လုပ်တယ်။ အမေက ရာသီပေါ်စာတွေ ရောင်းတယ်။ ဒါပေ မဲ့ မိသားစုအသုံးစရိတ် မလောက်ငပါဘူး။
ကျမအောက်မှာက မောင်တယောက် ညီမတယောက်ရှိတယ်။ ဒီတော့ကျမ ၇ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။
အဖေက
ပိုက်ဆံမလောက်တိုင်း ငွေချေးရတာပေါ့။ အမေ အရင်းပြုတ်ရင်လည်း ငွေချေးရတာဘဲ။ ဒီ တော့
အကြွေးပေါ်အကြွေး ထပ်လာတယ်။ အတိုးကလဲ ၂၀ တိုးဆိုတော့ ဆပ်မနိုင်တော့ဘူး။ ကျမအဖေကို ငွေချေးတာက
ဒုရဲအုပ်တယောက်။
အဖေ
မဆပ်နိုင်တော့မှန်းသိတဲ့ ဒုရဲအုပ်က အဖေ့ကိုပြောတယ်။ ကျမကို တရုတ်ပြည်မှာ အိမ်ဖော်လုပ်
မလားတဲ့။ ၁ နှစ်လောက်ဆိုရင် အကြွေးကြေတဲ့အပြင် အရင်းအနှီးတောင်ရမယ်တဲ့။ ကျမ စိတ်ဝင်စား
သွားတယ်။ ကျမက ကုန်စုံဆိုင်လေးဖွင့်ချင်တာ။ ကျမတို့ရပ်ကွက်က လက်လုပ်လက်စားတွေချည်းပဲ။
သူတို့က အလုပ်ပြန်မှ ဆန်၊ ဆီ၊ ငရုတ်ဝယ်ပြီး ဟင်းချက်ကြတာ။ ကျမတို့ စောင့်ရောင်းရင်
အရမ်း ရောင်းရမှာ။ ဒါကြောင့် ကျမသွားမယ်လို့ အဖေ့ကို ပြောလိုက်တယ်။
အဖေက
ကျမသွားမယ်ဆိုတော့ ၀မ်းသာသွားရှာတယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့ အသက်ရှူချောင်သွား မယ် မဟုတ်လား။
နောက်တနေ့ ငွေရှင် ဒုရဲအုပ်မိန်းမက ကျမကို လာခေါ်တယ်။ သူနဲ့ မြစ်ကြီးနား သွား ရမယ်တဲ့။
ကျမမှာ မှတ်ပုံတင်မရှိဘူး။ ဒါကြောင့်ဒုရဲအုပ်က ခရီးသွားဖို့ ထောက်ခံစာ လုပ်ပေးတယ်။
မြစ်ကြီးနားရောက်တော့
အိမ်တအိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာကျမထက် စောရောက်နေတဲ့ မိန်းက လေး ၅ ယောက်ရှိတယ်။
ကျမ ကအငယ်ဆုံး အကြီးဆုံးက ၂၂ နှစ်။ အဲဒီအိမ်မှာ ကျမတို့ တညတည်း ရတယ်။ နောက်တနေ့ မနက်မှာ
ကျမတို့အားလုံးကို မြန်မာ မနှစ်ယောက်။ တရုတ်တယောက်က လာခေါ်တယ်။
တရုတ်ပြည်ကိုရောက်တော့
ကျမတို့ ၆ ရောက်လုံးကို အခန်းတခုထဲမှာ ထည့်ပိတ်ထားတယ်။ ကျမကို ပထမဦးဆုံး လာခေါ်တယ်။
ပြီးတော့ စက်ကြီးတခုထဲကို ၀င်ခိုင်းတယ်။ ကျမကို လာခေါ်တဲ့ ဗမာမက နင့်ကို ၁၅ နှစ် ဟုတ်မဟုတ်
စစ်တာတဲ့။ ကျမအသက်ကိုလည်း စစ်ပြီးရော အသက် ၃၅ နှစ်လောက်ရှိ တဲ့ တရုတ်တယောက်နဲ့ ထည့်ပေးလိုက်ပါတယ်။
ကျမက
အိမ်ဖော်လုပ်ဖို့ လာခေါ်တယ်လို့ပဲ ထင်ပါတယ်။ အမှန်က ကျမကို မယားအဖြစ် လာခေါ်တာပါ။ သူ့အိမ်ရောက်တော့
ကျမကို မယားအဖြစ် ပေါင်းသင်းပါတယ်။ မင်္ဂလာဆောင်ပြီးတော့ ကျမရဲ့ လက်ဗွေ ပါတဲ့ ကဒ်ပြားတခုထုတ်ပေးပါတယ်။
မနက် ဆိုရင် ၄ နာရီ အိပ်ရာက ထရပါတယ်။ အဲဒီအိမ်မှာ ရှိနေတဲ့လူတွေရဲ့ ဝေယျာဝစ္စကို လုပ်ရပါတယ်။
ညဆိုရင်လည်း ၁၁ နာရီ ကျော်လောက်မှ အိပ်ခွင့်ရပါ တယ်။
ဒီလိုနဲ့
ကျမရောက်တာ ၆ လကျော်လောက်ရှိပါပြီ။ ကျမကိုယ် ကျမ သတိမထားမိပါဘူး။ ဒါပေမဲ့ ဆေး စစ်မယ်ဆိုပြီး
ဆေးရုံခေါ်လာတော့ ကျမမှာ ကိုယ်ဝန်ရှိနေပါတယ်။ ဘာကြောင့် ဆေးစစ်တာမှန်း သေ ချာမသိပါဘူး။
ကိုယ်ဝန်ရှိနေမှန်းသိတဲ့
အချိန်ကစပြီးကျမကို တလတကြိမ်ဆေးစစ်ပါတယ်။ ပြီးတော့ ဘာကြောင့်မှန်း မသိရဘဲ အရမ်းကိုစောင့်ကြည့်
နေပါတယ်။
ကျမနေရတာ
အရမ်းကျဉ်းကျပ်နေပါတယ်။ ကျမဆက်ပြီးနေချင်စိတ် မရှိတော့ပါ။ ဒီလိုနဲ့ သူတို့လစ်တဲ့ ခဏလေးမှာ
ကျမပထမဦးဆုံး အကြိမ်ထွက်ပြေးခဲ့ပါတယ်။ လမ်းပေါ်ရောက်တော့ ကျမဘယ်သွားလို့ ဘယ်လာရမှန်းမသိပါဘူး။
အူကြောင်ကြောင်ဖြစ်နေတုန်း တရုတ်ရဲ ရောက်လာပြီး ကျမကိုဖမ်းပါတယ်။ ရဲစခန်းမှာ ရှာဖွေစစ်ဆေးတော့
ကျမဆီက သက်သေခံ ကဒ်ပြားကိုတွေ့ပြီး ကျမယောက်ျား အိမ် ကိုပြန်ပို့ ပေးပါတယ်။ ကျမအိမ်ကိုပြန်ရောက်တော့
သူတို့မိတ်ဆွေရဲ့မိန်းမ (ဗမာအမျိုးသမီး) ကိုခေါ်ပြီး စကားပြန် လုပ်ခိုင်းပါတယ်။
သူက
`ကျမကို ကလေးအရင်မွေးပါ။ ပြီးရင်ထားခဲ့ အဲဒီအချိန်ကျ နင်ပြန်ချင်ရင်ပြန်ပို့မယ်´
လို့ပြောပါ တယ်။ ကျမလည်းအခွင့်အရေးရတုန်း ကျမကိုအမနဲ့ ဆက်သွယ်ခွင့်ပေးပါ။ ကျမ နေမကောင်းတော့
အားငယ်တယ်´
လို့ပြောပြီး အမကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ကို တောင်းထားလိုက်ပါတယ်။ နောက်တော့
အိမ်ကလူတွေလစ်တိုင်း အမဆီခိုးပြီး ဖုန်းဆက်ပါတယ်။ ပထမတော့ အဲဒီအမက သူ့ဆီ ဖုန်း ဆက်တာကို
မကြိုက်ပါဘူး။ တဖြေးဖြေးနဲ့မှ သူကျမကိုသနားလာတော့ ကျမရဲ့အဖြစ်မှန်ကို သူကပြော ပြပါတယ်။
ကျမယောက်ျားက
HIV ပိုးရှိတဲ့လူတဲ့။ ဒါကြောင့်ကျမကို ဆေးခဏခဏစစ်နေတာတဲ့။ အရင်ကလည်း ဗမာမတွေကို ယူခဲ့ဘူးတယ်။
ရောဂါကူးရင် သတ်ပစ်လိုက်ရောတဲ့။
HIV
ဆိုတာဘာမှန်း ကျမမသိပါဘူး။ ဘယ်လိုကူးလည်း ကျမမသိပါဘူး။ ဒါပေမယ့် ကျမကိုသတ် ပစ်မှာကိုတော့
ကျမကြောက်ပါတယ်။ ဒါကြောင့် ကျမကိုကူညီဖို့ အသနားခံရပါတယ်။ အဲဒီအမကပဲ ကျမမှာရှိတဲ့ကဒ်ကို
မီးရှို့ပစ်ဖို့ ထွက်သွားပြီးရင် ရဲစခန်းတခုထဲကိုဝင်ပြီး အကူအညီတောင်းဖို့ တရုတ် စကား
နဲနဲပါးပါး သင်ပေးလိုက်ပါတယ်။ ဒီနောက်ပိုင်း ကျမအမဆီကို ဖုန်းမဆက်တော့ပါဘူး။ ကျမ ထွက်
ပြေးရင် သူပါဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။
ကျမ
နောက်ထပ် ထွက်ပြေးတော့ အမပြောတဲ့အတိုင်း လိုက်နာခဲ့ပါတယ်။ ကျမကို နယ်စပ်က လူကုန် ကူးမှု
ထိန်းသိမ်းရေးစခန်းကို ပို့လိုက်ပါတယ်။ အဲဒီစခန်းရောက်တော့ ကျမကိုဆေးစစ်ပါတယ်။ ကျမ
ရဲ့သွေးအဖြေမှာ HIV ပိုးရှိနေပြီးတဲ့။ ကျမဗိုက်ထဲကကလေးက ယောက်ျားလေးတဲ့။ ကျမ ဘာမှမ
တတ်နိုင်ပါဘူး။ အဲဒီစခန်းမှာ ကျမလိုပဲ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေ ၂၀ လောက်ရှိတယ်။
အဲဒီ စခန်းမှာ ကျမ ၂ ပတ်လောက်နေလိုက်ပါတယ်။ စခန်းထဲမှာ ကျမတို့မကြာခဏ စစ်ဆေးခံရတယ်။
ပြီးတော့
ကျမတို့ကို နေပြည်တော်က လူကုန်ကူးမှုတွေထားတဲ့ အကျဉ်းစခန်းထဲမှာထားတယ်။ အဲဒီစခန်းကို
စစ်သားတွေကစောင့်တယ်။ စောင့်တဲ့စစ်သားတွေက ကျမတို့ကို နင်တို့ထောင်ကျနေပြီ ဒီတော့ ငါတို့နဲ့
လင်မယားလို နေကြရအောင်တဲ့။ ကျမက ကိုယ်ဝန်နဲ့ဆိုတော့ ငြင်းလိုက်တယ်။ တချို့ တွေကတော့
နေကြတယ်။ စစ်သားတွေနဲ့ပေါင်းတဲ့ မိန်းမတွေကတော့ အနေအစားချောင်ကြတယ်။
ကျမကတော့
တော်တော်ဒုက္ခရောက်တယ်။ သူတို့ကျွေးတာကို ကျမ မစားနိုင်ဘူး။ ဒီလိုနဲ့ကျမ ကိုယ်ဝန် လပိုရင့်လာတယ်။
အဲဒီစခန်းကို အုပ်ချုပ်တဲ့စစ်ဗိုလ်က ကျမကိုပြောတယ် `နင့်ကိုမွေးပေးဖို့ ငါတို့မှာ ပိုက်ဆံ
မရှိဘူး။ ဘယ်လက်သည်မှလည် နင့်လို HIV ကို မွေးပေးမှာမဟုတ်ဘူး။ ဒီတော့ နင့်ကိုငါတို့
လွှတ်ပေးလိုက်မယ်။ နင်ပြေးပေတော့တဲ့။ ပြီးရင် မြ၀တီကို ရောက်အောင်သွား မြ၀တီရောက်ရင်
တဘက်ကမ်းကိုကူး။ အဲဒီမှာ မယ်တော်ဆေးခန်းဆိုတာ ရှိတယ်။ HIV တွေကို ဆေးကုပေးတယ်တဲ့။ ဒါကြောင့်
ဒီကို ကျမရောက်လာတာ။ ကျမသိချင်တာလေးကို သူမကို မေးလိုက်ပါတယ်။ `သမီးက မွေးပြီး ရင်
ကလေးကို ပြန်ခေါ်သွားမှာလား။
ဒီတော့
သူမက `မခေါ်ချင်ဘူး အန်တီ။ ကျမက သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီတော့ ကလေးဒုက္ခ ရောက်မယ်။
ကျမ အဖေနဲ့အမေသိ ရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး။ သေချာမွေးမယ့် လူရှိရင် တော့ပေးချင်တယ်။
ကျမကလေးကိုထားပြီး ထွက်မပြေးပါဘူး။ ကလေးကို ဘယ်သူခေါ်သွားလည်းဆို တာ သေချာသိချင်ပါတယ်။
သူမမှာ
မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေ ဆင်းရဲမွဲတေ တာကြောင့် လူကုန်ကူးသူတွေရဲ့
ပစ်မှတ်က မြန်မာပြည် ဖြစ်လာပါတယ်။ နအဖ ကဘယ်လိုပဲ လူကုန် ကူးမှုတွေပပျောက်အောင် လုပ်နေပါတယ်ပြောပြော။
အမှန်တကယ်က လူကုန်ကူးမှုတွေရဲ့ အဓိက လက်သည်က နအဖ စစ်အစိုးရ ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ရောင်ခြည်ဦး
အလုပ်သမာရေးရာဂျာနယ် ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ် အတွဲ (၃) အမှတ် (၂) မှ ကူးယူ ဖေါ်ပြသည်။




