ကမ္ဘာတစ်ဝန်း လိင်ကွဲများကြား လိင်မှ တစ်ဆင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်း ထိန်းချုပ်ရေး လုပ်ငန်းများ အားကောင်းလာပြီ ဖြစ်သည့်တိုင် လိင်တူ အမျိုးသားချင်း လိင်ဆက်ဆံမှုများကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုများကိုကား ထိန်းချုပ်နိုင်မှု အားနည်းနေသေးသဖြင့် ထိုနည်းလမ်းဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုများ တိုးပွားနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတိပေး ပြောကြား လိုက်သည်။
''အိပ်ခ်ျအိုင်ဗွီဟာ ထိတ်လန့်စရာ ကောင်းအောင် ပြန်တက်လာနေတာ တွေ့ရပါတယ်''ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အိပ်ခ်ျအိုင်ဗွီဌာန အကြီးအကဲ ဂေါ့ဖရိုင်းဟန်ချယ်က ပြောကြား လိုက်သည်။
အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်သည် လွန်ခဲ့သော (၃၃) နှစ်က စတင် ပေါ်ပေါက်ခြင်း ဖြစ်သည်။ ထိုစဉ်ကစ၍ အမျိုးသား၊အမျိုးသမီး လိင်ကွဲများ အကြား လိင်ဆက်ဆံခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်းများကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်း ခဲ့မှုကြောင့် ကူးစက်မှုများ တဖြည်းဖြည်းချင်း လျော့ကျခဲ့သည်။ သို့သော် အမျိုးသားချင်း လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေး အတူ သုံးစွဲခြင်းများကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်းများကား မကျဆင်းဘဲ ဆက်တက် နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ စာရင်း အရ သိရသည်။
၁၉၈၀ ကာလများက အိပ်ခ်ျအိုင်ဗွီကြောင့် အရိုးစု ဖြစ်နေသူများ၏ ဓာတ်ပုံများကို ပြသ၍ ပညာပေးခြင်း နည်းဖြင့် အိပ်ခ်ျအိုင်ဗွီ ကျဆင်းရေး ကြိုးပမ်း ခဲ့ကြသည်။ ယနေ့မျိုးဆက်သစ် လူငယ်များသည်ကား ကုရာနန္ထိဆေးမရှိဟူသော အဖြစ်ဆိုး ကာလမှ လွတ်မြောက်ပြီး အေအာတီကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများ ပေါ်ပေါက်နေသော ခေတ်တွင် ကြီးပြင်းလာရသဖြင့် အိပ်ခ်ျအိုင်ဗွီ၏ အန္တရာယ်ကို လျှော့တွက် လာကြကြောင်း မစ္စတာ ဟန်ချယ်က ပြောသည်။
သို့ကြောင့်ပင် ယနေ့ လူငယ်များအစုသည် ကျန်အသက်အရွယ် အပိုင်းအခြား လူစုများထက် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရ နိုင်ခြေ (၁၉) ဆ ထိ မြင့်တက် နေသည်ကို တွေ့ရကြောင်း မစ္စတာဟန်ချယ်က ပြောသည်။ ဥပမာ ဘန်ကောက်တွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်း (၅ ဒသမ ၇) ရာခိုင်နှုန်းထိ ရှိနေချိန်တွင် ကျန်လူစုများ ပျမ်းမျှ ကူးစက်နှုန်း က တစ်ရာခိုင်နှုန်းသာ ရှိကြောင်း ၎င်းက ထောက်ပြသည်။
အမျိုးသားချင်း လိင်ဆက်ဆံမိသူများ အနေဖြင့် သမားရိုးကျ အိပ်ခ်ျအိုင်ဗွီ ကာကွယ် နည်းများ အသုံးပြုခြင်းသာမက အေအာတီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများကိုလည်း စနစ်တကျ သောက်သုံးခြင်းဖြင့် မိမိမှ တစ်ဆင့် အခြားသူများထံ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး လက်အောက်ခံ အဖွဲ့ တစ်ခု ဖြစ်သော အိပ်ခ်ျအိုင်ဗွီ ဌာနက သတိပေးချက် လမ်းညွှန်ချက် ထုတ်ပြန် လိုက်သည်။
အမေရိကန် ကျန်းမာရေး ၀န်ကြီးဌာနသည်လည်း မေလက အလားတူ ကြေညာချက် ထုတ်ပြန် ခဲ့ရသည်။
ကွန်ဒုံးကဲ့သို့ သမားရိုးကျ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ကာကွယ်ရေ ပစ္စည်းများ အပြင် အေအာတီ ဆေးဝါးကိုပါ သုံးစွဲခြင်းဖြင့် အမျိုးသားချင်း လိင်ဆက်ဆံသူများချင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်း (၂၀) မှ (၂၅) ရာခိုင်နှုန်းထိ လျှော့ချနိုင် သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်ထားသည်။ ထိုသို့ လျှော့ချနိုင်ပါက လာမည့် (၁၀) နှစ်အတွင်း လူငယ်အမျိုးသားများကြား လိင်ဆက်ဆံမှုများကြောင့် အိပ်ခ်ျအိုင်ဗွီ အသစ် ဖြစ်ပွားမှုပေါင်း တစ်သန်းကျော်ကို လျှော့ချ လိုက်နိုင်မည် ဖြစ်ကြောင်း မစ္စတာ ဟန်ချယ်က ပြောသည်။
ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု၏ ထက်ဝက်ခန့်သည် အမျိုးသားချင်း လိင်ဆက်ဆံခြင်း၊ လိင်ပြောင်းထားသူများနှင့် လိင်ဆက်ဆံခြင်း၊ အကျဉ်းသားချင်း လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးကို ဆေးထိုးအပ် မျှဝေ သုံးစွဲခြင်း၊ လိင်လုပ်သားများနှင့် လိင်ဆက်ဆံခြင်းများကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။
အထက်ပါ လူစုများသည် ပတ်ဝန်းကျင်နှင့် အဆက်ပြတ် နေသူများ၊ ပတ်ဝန်းကျင်က ဖယ်ကြဉ်ခြင်းကို တစ်နည်းနည်းဖြင့် ခံရသူများလည်း ဖြစ်ရာ ထိုလူများသည် အိပ်ခ်ျအိုင်ဗွီဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အလှမ်းအဝေးဆုံး ဖြစ်နေခြင်းသည်လည်း ထိုလူစုများ အိပ်ခ်ျအိုင်ဗွီကူးစက်မှု အများဆုံး ဖြစ်နေရသည့် အကြောင်းရင်း ဖြစ်သည်။
''ပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်တာကို ခံရတဲ့ အတွက် အိပ်ခ်ျအိုင်ဗွီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ ထုတ်မပြောရဲတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အဲ့လူတွေဆီကနေ ထပ်ထပ်ပြီး ဗိုင်းရပ်စ် ပျံ့နှံ့ တာ ပါပဲ'' ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အိပ်ခ်ျအိုင်ဗွီဌာနမှ ရေချယ်ဘက်ဂါလေက ပြောသည်။
ကမ္ဘာတစ်ဝန်း လိင်ပြောင်းထားသူများ၊ ယောကျာ်း၊ မိန်းမ လိင်စိတ် ခံယူချက် မကွဲပြားသူများ၊ မူးယစ်ဆေးသုံးသူများသည် ပုံမှန် လူများထက် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရနိုင်ခြေ အဆ (၅၀) ထိ ပိုများ သလို လိင်လုပ်ငန်းဖြင့် အသက်မွေးသူများသည်လည်း ပုံမှန်လူများထက် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရနိုင်ခြေ (၁၄) ထိ ပိုများကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ စစ်တမ်းက ဖော်ပြသည်။
ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးများ အရှိန်ရသထက် ရလာ နေသည်။ ၂၀၀၁ မှ ၂၀၁၂ အကြား အိပ်ခ်ျအိုင်ဗွီ အသစ် ဖြစ်ပွားမှု သုံးပုံ တစ်ပုံထိ ကျဆင်းသွားအောင် ဆောင်ရွက် နိုင်ခဲ့သည်။ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီဖြင့် အသက်ရှင် နေရသူများ အနက် (၁၃) သန်းထိ ကို အေအာတီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများ ပေးနိုင်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုများလည်း ပေးနိုင် ခဲ့ကာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနှုန်းများကို သိသိသာသာ လျှော့ချ နိုင်ခဲ့သည်။
သာမန်လူများကြား အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုများကို သိသိသာသာ လျှော့ချနိုင်ခဲ့သော်လည်း အထက်ဖော်ပြပါ လူစုများတွင်ကား ကူးစက်မှုများက တက်နေဆဲဖြစ်ရာ ထိုလူစုများမှ တစ်ဆင့် ပြန်လည် ပြန့်ပွားလာမည့် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်သည် ကျန်လူစုများဆီသို့ပါ ပြန်လည် ရောက်ရှိကာ အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး တိုးတက်မှုများ ပြန်ယုတ်လျော့ သွားနိုင်သည်ဟု မစ္စတာ ဟန်ချယ်က သတိပေး ပြောကြားသည်။
ကမ္ဘာ့နိုင်ငံ အများအပြားသည်လည်း အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် လူများစုကြီးဖြစ်သော ပုံမှန်လူများကိုသာ အာရုံထား ဆောင်ရွက်နေကြပြီး ကူးစက်နှုန်း အများဆုံး ဖြစ်နေသော အထက်ပါ လူစုများကိုကား ခပ်ပေါ့ပေါ့ သဘောထားနေကြကြောင်း ၎င်းက ဆက်ပြောသည်။ အထူးသဖြင့် ဆာဟာရ တောင်ပိုင်းခြမ်း အာဖရိက နိုင်ငံများသည် ကူးစက်နှုန်း အများဆုံး ဖြစ်နေသော အထက်ပါ လူစုများကို ခွဲခြား ဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်းများ အဆိုးဝါးဆုံး လုပ်ဆောင်လျက် ရှိနေသဖြင့် ထိုလူများ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့် မရဘဲဖြစ်ကာ ၎င်းတို့မှ တစ်ဆင့် ကူးစက်မှုများကို မထိန်းချုပ် နိုင်သေးဘဲ ဖြစ်နေသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၌ အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူ (၃၅ ဒသမ ၃) သန်း ရှိပြီး (၇၁) ရာခိုင်နှုန်းမှာ အာဖရိကတွင် နေထိုင်သူများ ဖြစ်သည်။
ကူးစက်နှုန်း အမြင့်ဆုံးဖြစ်နေသော လူစုများကြား အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှ တစ်ကမ္ဘာလုံး အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ပိုထိရောက်လာမည်ဟု မစ္စတာ ဟန်ချယ်က ပြောသည်။
''အိပ်ခ်ျအိုင်ဗွီပိုးရှိသူ အများစုဟာ တစ်ကိုယ်တည်း အထီးတည်း နေသူတွေ မဟုတ်ပါဘူး။ လိင်လုပ်ငန်းနဲ့ အသက်မွေးသူတွေနဲ့ သွားဆက်ဆံသူတွေရဲ့ နောက်မှာ ဇနီး ခင်ပွန်း နဲ့ သားသမီးတွေ ရှိနေတယ်။ မူးယစ်ဆေး သုံးစွဲသူတွေမှာလည်း သားသမီးတွေ ရှိတယ်။ တစ်ယောက်ကနေ အခြားလူတွေဆီ ကူးစက် သွားနိုင်ပါတယ်''ဟု မစ္စတာ ဟန်ချယ်က ရှင်းပြသည်။
ကူးစက်နှုန်း အများဆုံးဖြစ်နေသည့် လူစုများအား ခွဲခြား ဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်းများ မလုပ်ဘဲ လက်တွဲကူကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်မှု ထိန်းချုပ်ရေး အတွက် အလုပ်သင့်ဆုံး လုပ်ငန်းများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။
အိမ်ထောင်ဖက် မဟုတ်သူနှင့် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးရန် ပညာပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီ စမ်းသပ် စစ်ဆေးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီရှိသူများနှင့် အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနိုင်ခြေ အလွန်များသူများကို အေအာတီဆေးများ တိုက်ကျွေးခြင်း၊ ဆေးထိုးအပ်များ မျှဝေ မသုံးစွဲအောင် ပညာပေးခြင်း နည်းလမ်းများဖြင့် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်သည်။
Ref:WHO warns of rising HIV infectionsc urges preventive drugs(AFP)
The Messenger - ခေါင်းပြန်ထောင်လာမှာ စိုးရိမ်နေရသော အိပ်ခ်ျအိုင်ဗွီ




