အေအိုင်ဒီအက်စ်ရောဂါပိုး ပြန့်ပွားရတဲ့ မူလအစဟာ ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းမှာ နေထိုင်တဲ့ ဂေါ်ရီလာမျောက်ဝံတွေမှာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်လို့ နိုင်ငံသိပ်္ပံပညာရှင်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းမှ ဂေါ်ရီလာ မျောက်ဝံတွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇအုပ်စု (၄) မျိုးထဲက (၂) မျိုးဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ(မှို) ရောဂါကို ဖြစ်စေတယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့က အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီလ(၂) ရက်နေ့ ထုတ်ပြန်လိုက်တဲ့ လေ့လာချက်အရ သိရပါတယ်။
HIV ပိုးမှာ အနည်းဆုံး မျိုးရိုးဗီဇလေးမျိုး ရှိပြီး M၊ N၊ O နှင့် P အုပ်စုလို့ ခွဲခြားနိုင်ကာ အုပ်စုတစ်ခုချင်းစီမှာ ကိုယ်ပိုင်မျိုးဗီဇရှိတဲ့အပြင် မျောက်ဝံကနေ လူတွေထံကို အကြောင်းအရာ (၄) မျိုးနဲ့ ကူးစက်တယ်လို့ သုတေသနမှာ ဖော်ပြ ထားပါတယ်။
M နဲ့ N ဗီဇအုပ်စုဟာ ကင်မရွန်းနိုင်ငံရှိ ချင်ပန်ဇီ မျောက်မျိုးရိုးမှ ဆင်းသက်လာတယ်လို့ သိရပေမယ့်လည်း O နဲ့ P ဗီဇ အုပ်စုတွေကိုတော့ ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ ယခုထက်ထိ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။ အခုပြုလုပ်လိုက်တဲ့ သုတေသနကို ပြင်သစ်နိုင်ငံရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အိုင်အာဒီနဲ့ မွန်ပီလီယာ တက္ကသိုလ်ရဲ့ ပိုးမွှားဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ မာတင်ပီတာ ဦးဆောင်တဲ့ သုတေသန အဖွဲ့က လေ့လာခဲ့တာ ဖြစ်ပြီး တွေ့ရှိချက်တွေကို အမျိုးသား သိပ္ပံပညာအကယ်ဒမီမှာ ပြန်လည်တင်ပြခဲ့တာဖြစ်ပါတယ်။
ဗီဇအုပ်စု M မှာ ပါဝင်တဲ့ HIV-1 ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ပြန့်ပွားမှု အများဆုံဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်းသန်း (၄၀) ကျော် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဗီဇအုပ်စု P ကိုတော့ လူနှစ်ယောက်လောက်မှသာ ကူးစက်ခံထားရတာကို တွေ့ရတယ်လို့ သုတေသနမှာ ဖော်ပြပါတယ်။ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းရှိ လူဦးရေ တစ်သိန်းခန့်မှာ ဗီဇအုပ်စု O ကူးစက်ခံထားရတာကို တွေ့ရတယ်လို့လည်း သုတေသနမှာ ဖော်ပြထားပါတယ်။ HIV ပိုးဟာ ရောဂါခုခံနိုင်တဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်တွင်း တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ တခြားသော ရောဂါတွေကိုပါ ၀င်ရောက်စေတယ်လို့ သိရပါတယ်။ (၁၉၈၁) ခုနှစ်ကစပြီး ယခုအထိ HIV ပိုးကူးစက်ခံရသူ အရေအတွက်ဟာ လူပေါင်း (၇၈) သန်းခန့် ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေအရ အဆိုပါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၉ သန်းရှိနေပြီလို့ သိရပါတယ်။
MRTV-4 - ဂေါ်ရီလာမျောက်ဝံကြောင့် အေအိုင်ဒီအက်စ် ရောဂါပိုးစတင်ပြန့်ပွားမှုကို တွေ့ရှိ




