”အစ်ကို သွားမလား”.... ရုတ်တရက် ဘေးနားတိုးကပ်ပြီး မေးလိုက်သည့် အသံကြောင့် ကြောင်တောင်တောင် ဖြစ်သွားမိ၏။ နောက်မှ ညဥ့်ငှက်တို့၏ အစာရှာသံမှန်း ခန့်မှန်းလိုက်မိသည်။ မသွားသေးပါဘူးကွယ်ဟု ရိုးရိုးပဲပြန်ပြော လိုက်မိသည်။ ဘဝရှင်သန်ရပ်တည်မှု အတွက် ဤနေရာ ဤအချိန်မျိုးတွင် ယခုကဲ့သို့ သွားမလား အစ်ကိုဟု မေးမြန်းပြီး တစ်စုံတစ်ရာအစာရလျှင် ခပ်ပေါပေါ တည်းခိုခန်းတစ်ခု၌ အာသီသဖြေဖျောက် သူတို့လက်ထဲ သူတို့ဘဝကို မိနစ်ပိုင်းမျှ ချခင်းကာ နောက်တစ်ဖန် အစာတစ်ခုကို သွားဦးမလား အစ်ကိုဟုဆိုကာ သူတို့ ပြန်လည်ရှာဖွေ ကြဦးမည်ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မာယာဘုံ ဖြစ်သည်။ သူတို့ အတွက် ထိုဘဝသည် အိမ်နိမ့်စံဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် ဆာလောင်မှု ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မျက်ရည်ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မီးပြတိုက် ဖြစ်သည်။
သွားဦးမလား အစ်ကိုဟု ဆိုကာ ရန်ကုန်မြို့ အချက်အချာနေရာများစွာတွင် ကျင်လည်ရင်း ဘဝ အသက်မွေးမှုအတွက် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေကြသူများ မည်မျှ ရှိသနည်းဆိုလျှင် မရေ မတွက်နိုင်အောင် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ရန်ကုန်တစ်မြို့တည်းတွင်လား ဆိုပါလျှင်လည်း မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများသည် နေရာ အနှံ့တွင် ရှိသည်။ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသည့် မိန်းကလေးများသည်လည်း တရားဝင် အသက်မပြည့်သေးသော အရွယ်မှသည် အရွယ်စုံဖြစ်သည်။ သူတို့သည် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ( Sex Worker) အဖြစ် ဘဝဖြစ်စဉ် အထွေထွေပေါ် အခြေခံကာ ဖြစ်တည်ခဲ့ကြသူများ ဖြစ်သည်။ အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်လာခဲ့ကြသည့် မိန်းကလေးများ၏ တူညီသော ဘဝအခြေအနေ သည် ငွေကြေး အဆင်မပြေသော ဆင်းရဲလွန်းသည့် အခြေအနေပင် ဖြစ်သည်။
”ကျွန်မ အသက် ၁၄ နှစ် လောက်ထဲက ဒီလောကထဲ ( ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်၏။) ရောက်တယ်။ အဲဒီအချိန်တုန်းက အိမ်မှာ အဖေက လေဖြတ်ပြီး အိပ်ရာထဲမှာ။ အမေက နောက် အိမ်ထောင် ပြုသွားတယ်။ ကျွန်မတို့နေတဲ့ အိမ်ကလည်း ငှားနေရတာ။ နောက်တော့ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်က နင့်အဖေဆေးဖိုးနဲ့ အိမ်လခ ပေးဖို့ငွေကို ယောက်ျား တစ်ယောက်နဲ့ တစ်ညနေရတာနဲ့ ရမယ်ဆိုပြီးပြောတာနဲ့ အဲဒီကစပြီး ဒီလောကထဲ ရောက်လာတာ” ဟု အသက် ၂၉ နှစ်အရွယ် (လက်ရှိတွင်လည်း ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူ) မအေးအေးသန်းက ပြောသည်။
ထိုစဉ်တုန်းက ယောက်ျားတစ်ယောက်နှင့် တစ်ညတာနေခွင့်အတွက် ငွေကျပ် တစ်သိန်းရခဲ့ကြောင်း ၄င်းက ဆိုသည်။ ယခုအချိန်တွင်တော့ ယောက်ျား တစ်ယောက်နှင့် တစ်ညတာနေထိုင်မှု အတွက် သူရရှိ သည့် ငွေကြေးသည် ကျပ် ၁၅ဝဝဝ သာ ဖြစ်သည်။ ”ဒီအလုပ်ကို စားဝတ်နေရေးအရ လုပ်နေရပေမယ့် အသက်ရလာတော့ မလုပ်ချင်တော့ဘူး” ဟု ၄င်းက ပြောသည်။ မည့်သည့် မိန်းကလေးဖြစ်စေ ဘဝကို ရောင်း စားရသည့် လုပ်ငန်းကို လုပ်ကိုင်လိုစိတ်တော့ ရှိမည်မဟုတ်ပါ။ သို့ပေမယ့် ဖြစ်တည်လာသည့် ဘဝပေးအရ ဝါသနာမပါပေမယ့် ပျော်အောင်နေထိုင် လုပ်ကိုင်ရသည့် အခြေအနေမျိုး ဖြစ်သည်။ မရေ တွက်နိုင်သော ယောက်ျား သားများနှင့် အိပ်စက်ခဲ့ ခြင်းသည် သူတို့၏ ဘဝရပ်တည်မှု ဖြစ်သည်။
သို့ရာတွင် ၄င်းသည် အခြေအနေ များစွာထဲမှ အခြေအနေငယ် တစ်ခုသာ ဖြစ်ပေသည်။ ပြည့်တန်ဆာလုပ်ငန်းနှင့် လုပ်ကိုင်သူတွေ အကြောင်း ဖြန့်ကြက် စဉ်းစားလျှင် များစွာ စဉ်းစားရပေမည်ဟု ထင်၏။ ဘဝ ရပ်တည်မှုအတွက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်မှု နောက်ဆက်တွဲ ရှေးဦးအဖြစ် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ပြန့် ပွားမှုရောဂါများ ဖြစ်သည်။ လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများတွင် အဆိုးဝါးဆုံး ရောဂါတစ်ခုဖြစ်သည့် HIV/AIDS ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံ ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်နေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်း ထိုရောဂါဖြစ်ပွားမှု၊ ပြန့်ပွားမှုများနှင့် သက်ဆိုင် သည့် ပြည်သူလူထု အသိဥာဏ်၊ ပညာပေးလုပ်ငန်း ဆောင်ရွက်မှုသည် လွန်စွာ အားနည်းလျက်ရှိသည့် အခြေအနေ၌ပင် ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ ပြည့်တန်ဆာလုပ်ငန်း၊ ကာရာအိုကေဟန်၊ အနှိပ်ခန်း ဟန်ပြုကာ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေမှုများသည် နေရာအနှံ့၊ တိုင်းပြည်အနှံ့တွင် တည်ရှိနေသည်မှာ ငြင်းချက်ထုတ်ရန်မလိုသည့် သေချာမှုပင် ဖြစ်သည်။
သို့ပေမယ့် ထိုလုပ်ငန်းများသည် တရားဝင် မဟုတ်သော လုပ်ငန်းများ ဖြစ်သည်။ သို့သော် တရားဝင်သဖွယ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ မြန်မာ့ ယဉ်ကျေးမှု စံနှုန်းများအရ ထိုလုပ်ငန်းသည် မကောင်းမှု လုပ်ငန်း တစ်ခုသဖွယ် ရှိနေခဲ့ပြီး လူမှုအသိုင်းအဝိုင်းမှလည်း ထိုလုပ်ငန်းလုပ်ကိုင်သူကို ရွံရှာဖွယ် ရှောင်ကြဉ်လေ့ ရှိကြသည်။ ထို့အတူ ဆက်ဆံသူ ယောက်ျားသားများမှလည်း အာသီသဖြေဖျောက်နိုင်မှု အပေါ် စိတ်ထားပေ မယ့် တစ်ဆင့်နှိမ့် ဆက်ဆံလေ့ ရှိကြသည်။ ထို (ပြည့်တန်ဆာလုပ်ငန်း) အလုပ် လုပ်ကိုင်သည့်အခါ မိမိအပေါ် နားလည်သူထက် နားမလည်သူက ပိုမိုများပြားကြောင်း ရန်ကုန်မြို့ သိမ်ကြီးဈေး ဝန်းကျင်၌ ၁ဝ နှစ်ကျော်ကြာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခဲ့သူ မကြည်ပြာ (နာမည်လွဲ) က ပြောသည်။ သူတို့အတွက် ထိုလုပ်ငန်းသည် နိမ့်ကျသည့်လုပ်ငန်း ဖြစ်သည့်တိုင် လူ့အခွင့်အရေးအရ တန်းတူခံစားနိုင်မှုသည် ယနေ့တိုင် မရှိသေးဟု ဆိုရမည် ဖြစ်သည်။ ထို့အတူ ကျန်းမာရေးအရ နားလည်သိရှိသည့်တိုင် လက်မခံသေးသည့် လူမှုအသိုင်းအဝိုင်း၏ ငြင်းပယ်မှုကို ခံစားနေရဆဲ ဖြစ်သည်။
ထိုကိစ္စသည် ဖြေရှင်းရန်ခက်ခဲသော ကိစ္စရပ် ဖြစ်၏။ ယနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသို့ သွားနေသည့် အစိုးရ စီမံခန့်ခွဲမှုအောက်တွင် လိင်အလုပ်သမားများ အတွက် တောင်းဆိုမှုများသည် ပေါ်ပေါက် လာခဲ့ပြီ ဖြစ်သည်။ ”ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် တချို့တွေက မကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ရှောင်လွှဲလို့မရတဲ့ ကိစ္စတွေ ကြုံလာနိုင်တယ်။ တရားဝင် မှတ်ပုံတင်ခွင့်သာ ပေးလိုက်မယ်ဆိုရင် တခြား မထိခိုက်သင့်တဲ့ သူတွေလည်း မထိခိုက်ဘူး။ မှတ်ပုံတင်ပြီးသားဖြစ်တဲ့ အတွက် ကျန်းမာရေး စစ်တမ်းကောက်ယူတဲ့ အခါမျိုးမှာဖြစ်ဖြစ် နောက်ကြောင်း ပြန်လိုက်ရတာမျိုး ရှိတဲ့အတွက် သတ်သတ်မှတ်မှတ်ဖြစ်အောင် လုပ်ပေးစေချင်တယ်” ဟု လိင်အလုပ်သမားများ၏ အခွင့်အရေးအတွက် ဆောင်ရွက်နိုင်ရန် မြန်မာ လိင်အလုပ်သမကွန်ရက် ဖွဲ့စည်းကာ တရားဝင်ပြည့်တန်ဆာ လုပ်ကိုင်ခွင့် ပေါ်ပေါက်စေလိုသူ မြန်မာ လိင် အလုပ်သမကွန်ရက် ဥက္ကဋ္ဌ မနှင်းနှင်းယုက အောက်တိုဘာ ၂ ရက်ထုတ် မဇ္ဈိမသတင်းဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထား ခဲ့သည်။ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များစွာပေါ်ပေါက် ခဲ့သည်။ ပွင့်လင်းလာသည့် လူမှုဖွံ့ဖြိုးမှုတွေ ပျံ့နှံ့စိမ့်ဝင် ကူးလူးတိုးတိုက်လာသည့် အခြေအနေတွင် လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုသည်လည်း ယခင်က ထက်များစွာ အမြင်ကျယ်မှု ဖြစ်ထွန်းလာခဲ့သည်။
ထို့ကြောင့်ပင် အရွယ်မတိုင်မီ လိင်စိတ်ထကြွမှုများမှ တစ်ဆင့် အဓမ္မမှု ကျူးလွန်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နိုင်ငံတွင်း ဖြစ်ထွန်းမှုသည် ယခင်ကာလများထက် ပိုမိုလာခဲ့ကြောင်း သတင်းမှတ်တမ်း များအရ သိရသည်။ လိင်မှုကိစ္စဆိုင်ရာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် ယခုကဲ့သို့ဖြစ်ခြင်းဟု ဆိုချင်သည်။ အရွယ်ရောက်၍ လိင်ပိုင်းဆိုင်ရာ စူးစမ်းလိုသည့် လူငယ်များအတွက် တရားဝင် ပြည့်တန်ဆာ လုပ်ငန်းများ ရှိပါက မလိုလားအပ်သော ရောဂါဖြစ်ပွားမှု၊ မလိုလားအပ်သော ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်မှု အခြေအနေကို ရှောင်လွှဲနိုင်မည်ဟု ထင်သည်။ သို့ရာတွင် ယင်းကဲ့သို့ ပြည့် တန်ဆာ လုပ်ငန်းအား တရားဝင် လုပ်ကိုင်ခွင့်ပြုမည် ဆိုပါက ထိုလုပ်ငန်း လုပ်ကိုင်မည့် မိန်းကလေးများ အနေဖြင့် မိမိကိုယ်မိမိ ပြည့်တန်ဆာဟု လူမှုပတ်ဝန်းကျင်တွင် ဖော်ထုတ်နေထိုင်မှု ပြုရဲပါ့မလား၊ မြန်မာ့ ယဉ်ကျေးမှု စံနှုန်းများအရ လူမှုဝန်းကျင်ကရော ထိုအရာကို လက်ခံနိုင်ပါ့မလား။
ယင်းနည်းတူ ယောက်ျားသားများကရော လိင်ကိစ္စ လိုက်စားသူအဖြစ် မိမိပတ်ဝန်းကျင်၊ မိမိလူမှုအသိုင်းအဝိုင်း၊ (ပြည့်တန်ဆာနေ အိမ်များသို့ ပေါ်ပေါ်ထင်ထင် ဝင်ထွက်ရဲသည့် သတ္တိ) တွင် နေထိုင်ရဲမှု ရှိပါ့မလား။ တစ်ဖက်တွင်လည်း တရားဝင် လုပ်ကိုင်ခွင့်ပြုခြင်းသည် ကျန်းမာရေးအရ ရောဂါကူးစက်မှုကို ဟန့်တားနိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါဆိုင်ရာ ပညာပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများအပေါ် ပိုမို ထင်သာမြင်သာ သိမြင်နားလည်လာနိုင်မည် ဖြစ်သည်။ ထိုကိစ္စရပ်အပေါ် စဉ်းစားမှုတွင် တစ်ဖက်တည်း ၊ ရှုထောင့် တစ်ခုတည်းက စဉ်းစားလျှင် မှားယွင်းသော အဖြေရလဒ်မျိုး ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ထင်၏။ အဘယ်ကြောင့် ဆိုသော် မြန်မာလူမျိုးများသည် ယဉ်ကျေးမှု စံနှုန်းထိန်းသိမ်းမှု၌ ထိန်းသိမ်းမှုအမှားဖြင့် ပိတ်မိနေသူများရှိသလို စံနှုန်းများ၏ အပြင်ဘက်သို့ ရောက်ရှိကာ အယူလွဲနေသူများလည်း ရှိခြင်းကြောင့် ဖြစ်သည်။
“ကျွန်မတို့ အနေနဲ့ ဒီကွန်ရက်ကို လုပ်ဆောင်ဖြစ်တယ်ဆိုတာ လိင်အလုပ်သမတွေ ကြုံတွေ့ရတဲ့ ရောဂါ ဖြစ်ပွားမှု၊ ခွဲခြားဆက်ဆဲခံရမှု အခြေအနေပေါ်မှာ အကောင်း ရှုမြင်စိတ်နဲ့ ရှုမြင်ကြဖို့ပါ။ ဒါကို နားလည်မှု လွဲတဲ့အခါ ကျွန်မတို့ဘက်မှာလည်း အာဏာပိုင် (ရဲတွေ) ရဲ့ ဖိအားပိုပေးတာကို ခံရပါတယ်” ဟု မနှင်းနှင်းယု က ပြောသည်။ မြန်မာနိုင်ငံ၌ လိင်အလုပ်သမ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရန်ဆိုသည်မှာ မည်သို့မျှ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ မြန်မာ့ ယဉ်ကျေးမှုအရလည်း ဖြစ်နိုင်မည် မဟုတ်ချေ။ နိုင်ငံတကာတွင်လည်း ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်မှု၊ ပြည့်တန်ဆာ ဈေးကွက်ဖော်ဆောင်မှု၊ လိင်အလုပ်သမ အဖွဲ့အစည်းများ နှင့်ပတ်သက်၍ ယခုတိုင် အငြင်းပွားဖွယ် အခြေအနေ၌ပင်ရှိ နေခဲ့သည်။ အထူးသဖြင့် မိမိကြည့်ရှုသည့် ရှုထောင့် အမြင်အားလုံးသည် မိမိအမြင်နှင့် မိမိမှန်ကန်သော ရှုထောင့် များဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤနေရာတွင် ပွင့်လင်းမြင်သာခြင်းနှင့် တရားဝင်ခြင်း အခြေအနေသည် သက်ဆိုင်ခြင်းမရှိဟု ထင်မြင်ကြောင်း HIV & YOUTH အဖွဲ့မှ Assistant Representative ဒေါက်တာနေဝင်းက သူ၏အမြင်ကို ပြောသည်။
”ပွင့်လင်းမြင်သာ ရှိမယ်ဆိုရင် ပညာပေးအရကြည့်ရင် ပြည့်တန်ဆာတွေရဲ့ တည်နေရာကို သိခြင်းမှာ လွယ်ကူတဲ့အတွက် ပညာပေးရ လွယ်တယ်။ သူတို့ကိုယ်တိုင် HIV/AIDS ကူးစက်မှုကို ကာကွယ်ဖို့ နည်းလမ်းတွေသိရင် ရောဂါကူးစက်မှု နည်းမယ်” ဟု ဒေါက်တာနေဝင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှုသည် ယခင်ကတည်းက ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။ ထိုဆောင်ရွက်ချက်၏ နောက်ဆက်တွဲ ရလဒ်သည် ပြည့်တန်ဆာ လုပ်ငန်းပပျောက်ခြင်းထက် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ မိန်းမလေးများအတွက် နှိမ်နင်းရန် လုပ်ဆောင်သူများ၏ ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ဥပဒေ လေးစားမှု အားနည်းစေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာသည့် အခါ ကောင်းမွန်သည့်လုပ်ငန်း လုပ်ကိုင်မှုသို့ ကူးပြောင်းလုပ်ကိုင်သွားသူ အရေအတွက်မှာ လွန်စွာ နည်းပါးပြီး မူရင်းပြည့်တန်ဆာ လုပ်ငန်းကို ယခင်ကထက် ပိုမိုပြီး အကြောက်အရွံ့ကင်းစွာ ပြန်လည် လုပ်ကိုင်ကြသူများ ဖြစ်လာခဲ့သည်။
”တစ်လင်တစ်မယား စနစ်သာ နေမယ်ဆိုရင် ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု စာရေးဆရာမ မြနှောင်းညိုက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်း ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင် အနေဖြင့် မရှိသော်လည်း တရားဝင်သဖွယ် ဖွင့်လှစ်လုပ်ကိုင်နေသည့် လုပ်ငန်းများသည် နေရာအနှံ့တွင် ရှိနေခဲ့သည်။ လူသိအများဆုံးသည် ပဲခူး၊ မန္တလေးမြို့များ၌ ဖွင့်လှစ်လုပ်ကိုင်နေသည့် ပြည့်တန်ဆာလုပ်ငန်း အိမ်များ ဖြစ်သည်။ ပဲခူးမြို့ပေါ်တွင် နေရာ ၆ ခုမျှ ရှိပြီး မန္တလေးမြို့ပေါ်တွင် ၁ဝ ခုမက ရှိသည်။ ထိုအရာသည် အနှိပ်ခန်း၊ ကာရာအိုကေသဖွယ် လုပ်ငန်းများ မဟုတ်ပေ။ ပြည့်တန်ဆာအိမ်အဖြစ် ဖွင့်လှစ်ကာ လုပ်ငန်းလုပ်ကိုင်နေသည့် နေရာများဖြစ်သည်။ ရန်ကုန်မြို့တွင်လည်း အနှိပ်ခန်း၊ ကာရာအိုကေဟန် အသွင်ယူ၍ ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာ လုပ်ငန်းများ များစွာရှိကြောင်း သိရသည်။ သို့ဆိုလျှင် ပြည့်တန်ဆာ လုပ်ငန်းနှင့် ယင်း၏ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုးများအတွက် အနီးစပ်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက် ဖော်ဆောင်နိုင်ရန် ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်ရာ အာဏာပိုင်များ စသည့် ရှုထောင့်ပေါင်းစုံမှ ရှုမြင်သုံးသပ် အဖြေရှာရန် လိုအပ်လိမ့်မည်ဟု ထင်မိသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက HIV/AIDS ရောဂါပြန့်ပွားမှု ကာကွယ်ရန် ဆောင်ရွက်ချက်များစွာ အားနည်းနေသေးသည့်၊ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ချက်များ ရှိနေသေးသည့် မြန်မာနိုင်ငံ၏ လိင်မှုဆိုင်ရာ ပညာပေး လုပ်ငန်းများအတွက် ပြည့်တန်ဆာလုပ်ငန်းနှင့် လုပ်ကိုင်သူများအပေါ် ကိုင်တွယ်မှုသည် ညင်သာ ပျော့ပြောင်းရန် လိုအပ်ပြီး၊ အကာအကွယ်ပစ္စည်း လက်ဝယ်ထား ရှိခြင်းအပေါ်တွင် ကျန်းမာရေးအသိဖြင့် အမြင်ကျယ်ရန် လိုအပ်မည်ဟု ထင်မိသည်။ တရားဝင်မဟုတ်လျှင်တောင် လူမှုအသိုင်းအဝန်းမှ ငြင်းပယ်ထားခြင်းထက် စည်းမျဉ်းစည်းကမ်းနှင့် နားလည်မှု ထားရှိပေးနိုင်မည်ဆိုလျှင် လိင်အလုပ်သမများ အတွက် ခြိမ်းခြောက်ခံရခြင်း အနိုင်ကျင့်ခံရခြင်း လျော့နည်းသွားမည်ဟု ထင်မိသည်။ ”အစ်မ ဒီအလုပ် စလုပ်တော့ ကိုယ့်ကိုယ်ကိုယ်ရွံတယ်။ ဘုရားမှာ သွားဆုတောင်းတယ်။ နောက်ဘဝမှာ ဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ပေါ့” ဟု မဇ္ဈိမဂျာနယ်နှင့် အင်တာဗျူးတွင် မနှင်းနှင်းယုက ဖြေကြားခဲ့သည်။ သူတို့တွင်လည်း ထိုလုပ်ငန်း လုပ်ကိုင်နေရသော်လည်း ထိုစိတ်မျိုးဖြစ်ခဲ့သည်မှာ သေချာခဲ့သည်ဆိုလျှင် သူတို့အတွက် လူမှုဝန်းကျင်သည်လည်း မည်ကဲ့သို့ သေချာသင့်သည်လဲ ဆိုသည်ကတော့ ဝိုင်းဝန်းစဉ်းစား အဖြေရှာကြရဦးမည် ထင်ပါသည်။
ဥာဏ်လင်းအောင်
သတင်းအချက်အလက် - သူရထွန်း၊ အိရွှေစင်၊ အောင်ဇော်၊
Popular - ငွေကြေး ရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ




