ကွန်းဒုံးဆိုတာ ကျန်းမာရေး အထောက်အကူပြု
ပစ္စည်းတစ်ခုဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အသုံးပြုဖို့ မဝံ့မရဲ မဖြစ်ကြဘဲ
လက်ခံသုံးစွဲကြဖို့ လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး
မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (MBCA)
စီမံချက် မန်နေဂျာ ဒေါက်တာထွန်းလင်းဦးက ပြောပါသည်။
“တကယ်တော့ ဒါဟာအထင်သေးစရာ မဟုတ်ပါဘူး ဒီပစ္စည်းဟာ
ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုပါတယ်။ အိတ်ခ်ျ ရောဂါတစ်မျိုးတည်း
ကာကွယ်ဖို့အတွက်တင် မကဘဲ သားဆက်ခြားဖို့နဲ့ ကာလသားရောဂါ ကာကွယ်ဖို့
သုံးနိုင်ပါတယ်။ အမျိုးသမီး သုံးကတော့ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ပေးနိုင်တယ်”
လို့ ဒေါက်တာထွန်းလင်းဦးက ဆိုပါတယ်။
လက်ရှိ
မြန်မာနိုင်ငံမှာ အမျိုးသမီးသုံး ကွန်းဒုံးထက် အမျိုးသားသုံး ကွန်ဒုံးကို
ပိုသုံးစွဲကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနဲ့
ပတ်သက်ပြီး အမျိုးသမီး ကွန်ဒုံးဟာ ဈေးနှုန်းအနည်းငယ် ကြီးတာကြောင့်ရော အသုံးပြုရတာ
အနည်းငယ် အခက်အခဲ ရှိတာကြောင့်ရော လူသိနည်းနေသေးတယ်လို့လည်း သိရပါတယ်။
အရှက်အကြောက်ကြီးတဲ့ မြန်မာလူမျိုးတွေအတွက်
ဒီပစ္စည်းတွေကို လက်ဝယ်တွေ့ရှိ လိုက်တာနဲ့ဘဲ အထင်အမြင်သေးတတ် ကြတာကြောင့်
ဝယ်ယူသုံးစွဲဖို့ရာ လက်တွန့်တတ်ကြပါတယ်။
“အာဖရိက တိုက်မှာဆိုရင် ကွန်ဒုံးကို တတိယ
ခြေအိတ်လို့တောင် တင်စားခေါ်ကြပါတယ်။ သူတို့ဘက်မှာ ဒါကိုကျန်းမာရေးအတွက် အသုံးပြုမှု
တစ်ခုအနေနဲ့ ပေါ်ပေါ်တင်တင် လက်ခံလာကြပါပြီ”လို့ အမ်ဘီစီအေ သင်တန်းဆရာ ဦးဆန်းမြင့်က
ပြောပါတယ်။
ကွန်ဒုံးဆိုတာ ဘာလဲဆိုတာ သိပေမဲ့ စနစ်တကျ
အသုံးမပြုတတ်ရင်လည်း ဆိုးကျိုးတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ အသုံးပြုပုံ
အဆင့်ဆင့်ကို နားလည်ပြီးဆိုရင်တောင် ကိုယ်ရွေးချယ်တဲ့ အမျိုးအစားဟာ
စိတ်ချရပါ့မလားဆိုတာ ပြန်စဉ်းစားရဦးမှာပါ။
မြန်မာနိုင်ငံမှာ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊
အမေရိကန်၊ ကိုရီးယား တို့တွေကနေ ဝင်ရောက်လာတဲ့ ကွန်ဒုံးအမျိုးအစားပေါင်း ၁၂၀ကနေ
၁၅၀ ကြားမှာရှိပါတယ်။ အဲဒီထဲမှာ စိတ်ချရတဲ့ တံဆိပ်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့
ရွေးချယ် အသုံးပြုသင့်ပါတယ်။
“တချို့ ကွန်ဒုံးအမျိုးအစားတွေက မလိုအပ်တဲ့
အဖုလေးတွေ မြင်းမြီးလို အမွှားလေးတွေ တပ်ထားပေးတာ တွေ့ရပါတယ်။ ဒါမျိုးတွေကို
ရှောင်ရပါမယ်။” လို့ ဦးဆန်းမြင့်က ပြောပါတယ်။
အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးအတွက် အဓိကထားထုတ်လုပ်တဲ့
အဖေါ်ကွန်ဒုံးကတော့ ဈေးနှုန်းသက်သာမှု ရှိတဲ့အပြင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တဲ့
အမှတ်တံဆိပ် တစ်ခုဖြစ်တယ်လို့သိရပါတယ်။
နောက်ထပ် အချက်တစ်ချက်ကတော့ ရက်စွဲလွန်နေတဲ့
ကွန်ဒုံးတွေကို ရှောင်ရပါမယ်။ ကွန်ဒုံးတစ်ခု ဝယ်တော့မယ်ဆိုရင် ကွန်ဒုံးထည့်ထားတဲ့
အိတ်ကို အရင်ဆုံး စစ်ဆေးကြည့်ရပါမယ်။ အထဲက ပစ္စည်း ချောချောမွေ့မွေ့
ရွေ့လျားနေမယ်ဆိုရင် ဒီပစ္စည်းဟာ ကောင်းနေပါသေးတယ်။ ကွန်ဒုံးမှာပါတဲ့
အဆီခန်းခြောက်မှုကြောင့် ပစ္စည်းက ရွေ့လျားမှု မရှိတော့ရင် ဒီကွန်ဒုံးဟာ
မသုံးသင့်တော့ဘူးဆိုတာ နားလည်ထားရပါမယ်။
ကွန်ဒုံးထဲက အဆီတွေ သတ်မှတ်ထားတဲ့ ရက်စွဲမတိုင်ခင်
ခန်းခြောက်နိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ကွန်ဒုံးကို နေပူထဲမှာ ရောင်းတာ
အပူလွန်ကဲတဲ့နေရာမှာ ထားတာဟာ အထဲက အဆီကို မြန်မြန် ခြောက်သွေ့စေပါတယ်။
ပူလွန်းတဲ့ နေရာမှာ မထားသင့်ဘူး ဆိုတဲ့အတွက်
အေးတဲ့နေရာမှာ ထားတယ်ဆိုရင်လဲ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုလို့
သတ်မှတ်ရဦးမှာပါ။ ဒါကြောင့် ကွန်ဒုံးကို ရေခဲသေတ္တာထဲမှာထားတာ၊ သိမ်းဆည်းတာမျိုး
မလုပ်သင့်ပါဘူး။အဲဒီနောက် နည်းမှန် လမ်းမှန် အသုံးပြုတတ်ဖို့ လိုပါသေးတယ်။
“ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖေါက်တာတို့
အောက်ကျသွားတဲ့ ကွန်ဒုံးကို ပြန်သုံးတာတို့ မလုပ်သင့်ပါဘူး။ရောဂါပိုးမွှားဆိုတာ
နေရာတိုင်းမှာ ရှိနေနိုင်လို့ ပြုတ်ကျပြီးသား ကွန်ဒုံးကို မသုံးသင့်ပါဘူး” လို့
အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်အေးအေးက ဆိုပါတယ်။
တစ်ချို့က ကွန်ဒုံးသုံးရင် ရောဂါပိုးတွေ ၉၈
ရာခိုင်နှုန်းကာကွယ်ပေးတယ် ဆိုတော့ နှစ်ခုသုံးရင် ၁၉၆ရာခိုင်နှုန်းတောင်
ကာကွယ်ပေးနိုင်တယ် ဆိုပြီး နှစ်ထပ်သုံးတာမျိုးတွေလဲ ရှိပါတယ်။ ဒါဟာ မှားယွင်းဆဲ့
အယူအဆ တစ်ခုပါ လို့ ယင်းကပြောပါတယ်။
ကွန်ဒုံး အသုံးပြုရာမှာ အရေးကြီးဆုံးလို့
ဆိုနိုင်တဲ့ အချက်ရှိပါသေးတယ် အဲဒါကတော့ ကွန်ဒုံးကို အမျိုးသားရော အမျိုးသမီးပါ
နှစ်ယောက်လုံး တစ်ပြိုင်နက် မသုံးရဘူးဆိုတာပါ။
“ဒါဟာ ကွန်ဒုံးနှစ်ခု ပွတ်တိုက်ပြီး
ပေါက်ပြဲသွားတဲ့အခါ ရောဂါပိုးတွေ ဝင်နိုင်လို့ ဒီ အပြုအမူတွေကို
ရှောင်ရှားသင့်ပါတယ်လို့ ဆိုပါတယ်။”
ဒါကြောင့် ကွန်ဒုံးကို အသုံးပြုတယ် ဆိုရုံနဲ့
ရောဂါပိုးတွေ ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်သင့်ပါတယ်။ နည်းစနစ်တကျ
သုံးတတ်မှသာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်မယ်ဆိုတာ အထူးပြောနေဖို့
လိုမယ်မထင်ပါဘူး။
The Myanmar Times (30-3-2007)




