ဆေးကုသရန် အခက်အခဲ ရှိနေသည့် HIV ဗိုင်းရပ်စ်ဖြင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများသည် မြန်မာ အမျိုးသမီးများ ကွန်ရက်ကို ဆက်သွယ်နိုင်ကြောင်း ထို ကွန်ရက်၏ ဥက္ကဋ္ဌ နော်ရှဲဝါးက မဇ္ဈိမကို ပြောသည်။
“ပိုးကူးစက် ခံထားရသူ တစ်ဦးက ရှေ့ဆက် အသက်ရှင်ဖို့နဲ့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆေးရရှိဖို့ အဓိက အရေးကြီးဆုံးပါ။ ကွန်ရက်မှာက ပိုးကူးစက်ခံထားရသူ အချင်းချင်း ဘယ်မှာ ဆေးရနိုင်တယ်က အစ သတင်းတွေ အဆက် မပြတ်နိုင်တော့ဘူး” ဟု သူက ပြောသည်။
အချို့သော HIV ဗိုင်းရပ်စ်ဖြင့် အသက်ရှင်နေသူ အမျိုးသမီးများသည် လူသိမည်ကို ရှက်ကြောက်စိတ်ဖြင့် မိသားစု အတွင်း၌သာ လျှို့ဝှက် နေထိုင်ခြင်းကြောင့် ဆေးရရှိရန် အခက်အခဲရှိပြီး အချိန်မီ ဆေးမကုသနိုင်သဖြင့် အသက် ဆုံးပါးနိုင်သဖြင့် နိုင်ငံအနှံ့တွင် ဖြန့်ကျက်ထားသည့် မြန်မာအမျိုးသမီးများ ကွန်ရက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ရန် သူက အကြံပေးခြင်း ဖြစ်သည်ဟုလည်း ရှင်းပြသည်။
“ကွန်ရက်မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ သင်တန်းတွေ ပေးပါတယ်။ ပိုးကူးစက်ခံထားရသူ ကွန်ရက်အဖွဲ့ဝင်တွေ အလုပ်အကိုင် နေရာတွေ ဖော်ဆောင်ပေး ဖို့ကို ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေး မှုတွေ ဆောင်ရွက်နေပါတယ်” ဟု နော်ရှဲဝါးက ပြောသည်။
မဇ္ဈိမ - ဆေးကုသရန် အခက်အခဲရှိသည့် HIV ပိုး ရှိသူများ အမျိုးသမီး ကွန်ရက်ကို ဆက်သွယ်နိုင်




