8
Mar

ဆေးခန်းမှာစုံ လက်ဖက်ရည်ဆိုင်မှာလည်းဆုံ



“ဆေးခန်း”

တနင်္ဂနွေ
ဆိုသော်ငြား လူက များလှ၏။ အောင်သူ တစ်ယောက် စာအုပ်ထပ်ထားပြီး ပြသနေသော ဗီဒီယို ဇာတ်ကားကို
စိတ်အေး လက်အေး ကြည့်နေမိသည်။ မိမိနည်းတူ ရောက်ရှိ စောင့်ဆိုင်းနေသူ ၁၅ ယောက်ကလည်း
စိတ်ဝင်တစား ကြည့်နေသည်။ များသော အားဖြင့် အဖော်မပါ တစ်ကိုယ်တည်း လာကြသူများ၏။ တချို့မှာ
နေမကောင်း၍ မိဘ ဆွေမျိုးသားချင်း အိမ်ထောင်ဖက် ခေါ်လာကြသည်။

တချို့ကလည်း
အဝေးမှ လာကြ၍ ခြင်းတောင်းနှင့် အပြည့် စားစရာ သယ်လာကြသည်။ အောင်သူမှာလည်း အလုပ် တစ်ဖက်နှင့်မို့
တနင်္ဂနွေပဲ ပုံမှန် လာပြလေ့ ရှိသည်။ တစ်လတစ်ခါ ဆေးလာထုတ်၍ နှစ်လတစ်ခါ ဆရာဝန်နဲ့ ၀င်တွေ့ရသည်။ကျန်းမာရေး
အခြေအနေ အတိုးအလျော့ကို ဆွေးနွေးကြရသည်။ တစ်ဖန် နှစ်သိမ့် ဆွေးနွေးသူနှင့် တွေ့ဆုံ၍
ထူးခြား ဖြစ်စဉ်တွေ ဆွေးနွေး သိချင်တာတွေ မေးမြန်း ရသည်။

“ကိုအောင်သူ နေကောင်းတယ်နော်”

ရှေ့မှ ဖြတ်သွားရင်း နှုတ်ဆက်သူက
မနွေးနွေး။

“ကောင်းတယ်၊ ကောင်းတယ်။ အလုပ်တွေ
ရှုပ်နေလား နွေးနွေး”

“ဒီလိုပါပဲ။ အပေါ်ထပ် တက်လိုက်ဦးမယ်”

မနွေးနွေးမှာ
စေတနာ့ ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ဆေးခန်းတွင် ကိုယ်ပိုင် နံပါတ်များ ခေါ်ပေးခြင်း၊ ဖိုင်များ
စနစ်တကျ ရှိရန် စီစဉ်ပေးခြင်း၊ နေ မကောင်းသူများ တွဲပို့ပေးခြင်း၊ ဆေးလိပ် မသောက်ရ၊
ကွမ်းမစားရ စသည့် စည်းကမ်း ချက်များ မလိုက်နာပါက သတိပေးခြင်းစသည့် များပြားလှသော အထွေထွေ
ကိစ္စများကို သူငယ်ချင်းများနှင့် အလှည့်ကျ တာဝန်ထမ်းဆောင်ကြ သည်။ သတင်းအစုံကိုလည်း သူတို့ထံမှ
ကြားသိ ရသည်။

“၈၄၇”

“၈၄၇”

ဆရာမတစ်ဦး၏
အော်ခေါ်သံကြောင့် ဇာတ်ကားကြည့်နေရာက မိမိနံပါတ်ခေါ်နေသည် ဖြစ်၍ အောင်သူ တစ်ယောက် ကပျာကယာ
ထရတော့သည်။ ဇာတ်ကားကလည်း သရုပ်ဆောင်၊ ဒါရိုက်တာမဲလ်ဂျစ်ဘ်ဆင် ရိုက်ကူး ထားသော လူရိုင်းကားဖြစ်ပြီး
ဘယ်နှခါကြည့်ကြည့် မရိုးနိုင်ပေ။

“ဆေးထုတ်ရုံပဲလား”

“ဟုတ်တယ်၊ မသွယ်ရေ”

“နည်းနည်း ပိန်သွားတယ်နော်”

“အင်း ဟုတ်တယ်။ ထမင်းလည်း
လျှော့စားတာပါတယ်။ အဆီများတော့ လှုပ်ရှားရတာ လေးတယ်”

“မသွယ်ရော နေကောင်းတယ်နော်။
အလုပ် လုပ်ရတာ အဆင်ပြေတယ်မို့လား”

'So far so good.ခုထိတော့
ဟုတ်နေတာပဲ”

မသွယ်မှာ မျက်စချီ၍ ပြုံးရယ်စွာ
ပြန်ဖြေ လေသည်။

“ကဲ ကျွန်တော် အပေါ် တက်လိုက်ဦးမယ်။
လူများတော့ စောင့်ရမယ်နဲ့ တူတယ်”

မသွယ်ကိုနှုတ်ဆက်၍
ဆေးခန်း အပေါ်ထပ်သို့ တက်ခဲ့လေသည်။ အပေါ်ထပ်တွင် လူဆယ်ယောက်ခန့် ပျင်းရိစွာ ထိုင်စောင့်နေသည်ကို
တွေ့ရသည်။ တချို့က ဆရာဝန်နှင့် တွေ့ရန်၊ တချို့က နှစ်သိမ့် ဆွေးနွေးသူနှင့် တွေ့ရန်၊
တချို့က ဆေးထုတ်ရန် အသီးသီး စောင့်ဆိုင်း နေကြသည်။ တစ်ယောက်နှင့် တစ်ယောက် မျက်မှန်းတန်းမိသူများ
ကတော့ စကားစမြည် ပြောဆိုနေကြပြီး မရင်းနှီး သူများကတော့ တိတ်ဆိတ်စွာ၊ ပျင်းရိစွာ မိမိ
အလှည့်ကို စောင့်ဆိုင်းနေကြသည်။ အောင်သူနှင့် ရင်းနှီးသော ကိုမြတ်မောင်ကတော့ အောင်သူကို
ပြုံးပြ နှုတ်ဆက်၍ ရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်၍ ရင်ဖွင့်နေသော အမျိုးသမီးတစ်ဦး၏
စကားများကို ဆက်လက် နားထောင်ပေးနေသည်။

၎င်းအမျိုးသမီးသည်
မိမိ၏အမျိုးသား မည်ကဲ့သို့ ဆုံးပါးသွားပုံ၊ ပတ်ဝန်းကျင်ကို မ၀ံ့မရဲ ရင်ဆိုင်ခဲ့ရပုံ၊
ဆေးကုသမှု ရရှိအောင် ခက်ခဲစွာ ကြိုးစားခဲ့ရပုံတွေကို အားတက်သရော ရင်ဖွင့် ပြောနေရ၍ မိမိ
အလှည့် မရောက်သေးသော်ငြား ငြီးငွေ့စိတ်ပျက်ဟန် မတွေ့ရပေ။ အောင်သူဘေး နားက ခပ်ပိန်ပိန်
အမျိုးသမီး တစ်ဦးကလည်း အောင်သူကို မကြာခဏ ခိုးကြည့်နေသည်။ ပေါင် ၁၆၀ ရှိသော အောင်သူ၏ခန္ဓာကိုယ်နှင့်
အသား အရေလတ်ဆတ်ပြီး သန့်ပြန့်သော ရုပ်သွင်တို့ကို အားကျနေဟန် ပေါ်လွင်သည်။

“ကိုအောင်သူ မပြီးသေးဘူးလား။
ကျွန်တော်ကတော့ ပြီးသွားပြီ”

ကိုမြတ်မောင်မှာ
စောစောက အမျိုးသမီးနှင့်လည်း စကား စပြတ်သွားပြီး ဆရာဝန်နှင့်လည်း တွေ့ပြီးသွား၍ အောင်သူဘေးတွင်
ဝင်ထိုင်သည်။

“မပြီးသေးဘူးဗျာ။ စောင့်ရတာ
အသက်တို တယ်”

“ဒီလိုပါပဲဗျာ။
အဲ တစ်ခုတော့ရှိတယ်။ စောင့်နေတဲ့အချိန်မှာ တစ်ယောက်ယောက်နဲ့ ပြောချင်ရာ ပြောနေရရင်
စိတ်ပေါ့တယ်ဗျ။ ပြီးတော့ ဘေးနားကလူတွေပါ စကားဝိုင်းထဲဝင်ပါလာပြီး တစ်ယောက်အကြောင်း
တစ်ယောက် ပြောခွင့်ရနေ ရင် စိတ်သက်သာတယ်ဗျာ။ ဒါကြောင့် ရောက် တိုင်း စကားဝိုင်းလေးဖြစ်ဖို့
ကျွန်တော်စကြိုးစား လေ့ရှိတယ် ကိုအောင်သူ”

ကိုမြတ်မောင်၏
စိတ်ကူးစိတ်သန်းကို သဘောကျကာ အောင်သူတစ်ယောက် နှစ်ခြိုက် စွာပြုံးနေမိသည်။ မိမိသည်လည်း
ရောက်လာ လျှင် မည်သူနှင့်မျှ စကားမပြော တိတ်ဆိတ်စွာ နေခဲ့မိသည်များကို နောင်တရမိသည်။
ကိုမြတ်မောင်ကဲ့သို့ ပြုမူရန်လည်း စိတ်ဝင်စားမိသည်။

“၈၄၇ ဆေးထုတ်လို့ရပြီ”

“ဟုတ်ကဲ့။ လာပါပြီ ဆရာမ”

ဒီတစ်ခါတော့
အောင်သူ တစ်ယောက် နှစ် ခါ မခေါ်လိုက်ရပေ။ လက်မှတ်ထိုး၊ ဆေးရေ တွက်ပြီး အောက်ခံခွက်ထဲမှ
ဆေးလုံးများကို တစ်လုံးချင်း ကောက်၍ ဘူးထဲထည့်နေစဉ် ဘေး နားသို့ မနွေးနွေး ရောက်လာပြီး...

“ကိုအောင်သူကလည်း၊ ပေး ကျွန်မ
ထည့်ပေးမယ်”

ပြောပြောဆိုဆို
အောက်ခံတြိဂံပုံ ကော်ခွက် ကို မ၊ ဖွင့်ထားတဲ့အ၀ကို လက်ညှိုးနှင့်ထိန်းရင်း ဆေးဘူးထဲသို့
ဝေါခနဲ လောင်းထည့်ရာ လျင်လျင် မြန်မြန် ပြီးသွားလေသည်။

“ကျေးဇူးပါပဲ မနွေးရယ်။ ကျွန်တော်
အဲလို မထည့်တတ်လို့ တစ်လုံးချင်းကောက်နေရတာ”

“ရပါတယ် ကိုအောင်သူရယ်။ ဘ၀တူချင်း
တွေပဲ။ ပြောစရာ မလိုပါဘူး”

ဒီတစ်ခေါက်တော့
အောင်သူတစ်ယောက် ကိုမြတ်မောင်၊ မနွေးနွေးတို့၏ တွေ့ဆုံကူညီခံရမှုကြောင့် စိတ်ချမ်းသာမှု
အပြည့်အ၀ ရနေပေသည်။ ဆေးခန်းလာသူများသည် ပြင်ပတွင် မည်သို့ပင် ၀င့်ထည်ဝင့်ထည် ဆေးခန်း ရောက်သည်နှင့်
အလိုလို သိမ်ငယ်သွားကြသည်။ မတွေ့ချင်တဲ့ အသိမိတ်ဆွေနဲ့ တိုးဦးမလား။ ဘယ်ဆရာမက ငေါက်လိုက် မလဲ။
ကျန်းမာရေးက ဘာတွေ ဖောက်နေဦးမလဲ။ အိမ်ကထွက်လာတာ ဘာများ ကျန်ခဲ့ဦးမလဲ။ အကြာကြီး စောင့်ရဦးမလား
စသည့် အတွေးများသည် ဆေးခန်းလာသူတို့အဖို့ ငြိမ်သက်အားငယ်စေရန် လုံလောက် ပေသည်။ အခမဲ့ကုသမှုခံနေရ၍
မိမိက မှန်နေလျှင်တောင် ပြန်လည်ရှင်းမပြရဲပေ။

“ကိုမြတ်မောင်ရေ
ကိစ္စ၀ိစ္စတော့ ပြီးသွား ပြီ။ ခင်ဗျား အားတယ်မို့လား။ လက်ဖက်ရည်ဆိုင် သွားရအောင်ဗျာ။
မနွေးနွေးပါ ခေါ်ခဲ့ဗျာ။ စကား လေး ဘာလေး ပြောကြတာပေါ့”

လက်ဖက်ရည်ဆိုင်ရောက်ပြီး
ထိုင်ထိုင်ချင်း မှာပင် “ကဲ မှာဗျာ။ အားမနာနဲ့။ ကျွန်တော်လည်း တစ်ချိန်က စေတနာ့ဝန်ထမ်း
Volunteer လုပ်ဖူးတာပဲ။ ပိုက်ဆံကို မကပ်ဘူး”ဟု အောင်သူက ဆိုရာ ကိုမြတ်မောင်နှင့် မနွေးနွေးတို့က
တသောသောနှင့် ရယ်မဆုံးပေ။ နေရောကောင်းကြရဲ့လားဟု မေးရာ ကိုမြတ်မောင်က “နေတော့ ကောင်းပါတယ်။
ဒါ ပေမယ့် ဟိုတစ်လောက သွားနုတ်ရတယ်။ ပိုးစားပြီး ကိုက်နေလို့။ အဲဒါ ပြောရဦးမယ်။ ကျွန်တော်က
သူတို့အတွက် အန္တရာယ်ရှိမှာစိုးလို့ ကျွန်တော့်မှာ HIV ရှိတယ်ပြောတာ မနုတ်ရဲဘူး ဖြစ်နေတယ်ဗျာ။
အဲဒါ ဆွေမျိုးထဲမှာ HIV ရှိတဲ့ သူကို ကုပေးဖူးတဲ့ ဆရာဝန်ရောက်လာမှ အဆင် ပြေသွားတယ်”

“အင်း
ဒါလေးတွေက ဖြစ်တတ်ပါတယ်။ ပုံမှန်တော့HIV မှ မဟုတ်ဘူး။ ကူးစက်တတ်တဲ့ ရောဂါရှိရင် လက်အိတ် စွပ်တယ်။
အဖိုးအခ နှစ်ဆယူတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်ရမယ့် နည်းလမ်းတွေ ချမှတ်ထားပြီးသားပါ”
ပြောရင်းနှင့် ဒေါက်တာ ဦးမင်းသွယ်၏ ဥပမာတချို့ကို ကိုအောင်သူ သတိရသွားသည်။

“ခင်ဗျားတို့ကို
မေးရဦးမယ်။ တကယ်လို့ လေယာဉ်ပျက်ကျရင် မိခင်နဲ့ကလေး ဘယ်သူ့ကို ဦးစားပေး အရင်ကယ်ဖို့ကြိုးစားရသလဲ
သိလား”

ကိုမြတ်မောင်နှင့်
နွေးနွေး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းယမ်းပြသည်။ ကိုအောင်သူကပဲ အဖြေကို
ပြောပြသည်။

“မိခင်တဲ့။
ဘာလို့လဲဆိုတော့ မိခင်ရှိနေရင် သားတွေ၊ သမီးတွေ ထပ်မွေးနိုင်သလို၊ လက်ရှိ ကလေးတွေကိုလည်း
ပြုစု စောင့်ရှောက်နိုင်တယ်လေ။ ကျွန်တော်လည်း ဆရာကြီးဦးမင်းသွယ် ရှင်းပြလို့ သိရတာ။
သူ ဆိုလိုတာကတော့ ပြုစုစောင့် ရှောက်သူတွေ ဥပမာ ဆရာဝန်၊ သူနာပြုတွေဟာ အဲဒီ မိခင်တွေလိုပဲ
အရေးကြီးတဲ့ အတွက် လိုအပ်သလို ကာကွယ်ရမယ်။ ဒါကို အထင်မလွဲရဘူးတဲ့”

ကိုမြတ်မောင်နှင့် နွေးနွေးမှာ
ခေါင်းတညိတ်ညိတ်နှင့် စိတ်ဝင်တစား နားထောင်နေသည်။

“ဒါနဲ့နေပါဦး။ မနွေးနွေးရော
ခု ဘာလုပ်နေလဲ”

“ကျွန်မ
PSI ရဲ့ကွန်ဒုံးထုပ်ပိုးရေး စက်ရုံမှာ အလုပ်ရတယ်။ အားတဲ့ အခါ ဒီမှာVolunteer လာဆင်းတယ်”

“မြောက်ဥက္ကလာမှာပေါ့”

“ဟုတ်တယ်၊ ဟုတ်တယ်”

“နေတော့ရော”

“သားလေးနဲ့အတူ
ယောက္ခမတွေဆီမှာ နေတယ်လေ။ ယောက်ျားကတော့ ဆုံးသွားတာ ကြာပြီ”

“ဟာ
မနွေးနွေး ကံကောင်းတာပေါ့။ တချို့ဆိုရင် ယောက္ခမတွေက နှင်ချ၊ ပစ္စည်းသိမ်း၊ သူတို့ သားကြောင့်
အကူးခံရတဲ့ဟာ ချွေးမကိုစွပ်စွဲနဲ့ အတော် စိတ်ပျက်စရာကောင်းတယ်”

“ကိုအောင်သူကလည်း
သူတို့သားအကြောင်း၊ နံပါတ်ဖိုးထိုးတဲ့ အကြောင်းတွေ အစောကြီးကတည်းက သိတယ်။ နွေးကို ပြောမပြတာလေ။
ဒါကြောင့်လည်း ခု နွေးတို့သားအမိကို သေချာဂရုစိုက်တာပေါ့”

“အေးလေ၊ ကလေး ကံကောင်းတယ်လို့
ဆိုရမှာပေါ့”

ထိုစဉ် ကိုမြတ်မောင်မှ မျက်ရည်ဝဲနေသော
နွေးနွေးအား...

“နင်တို့ဆီက
ကွန်ဒုံးတွေ ပူတယ်လို့ ပြောနေကြတယ်။ ပါကင်ထုပ်တဲ့ လူက ဘေးနားမှာ ပရုပ်ဆီ ဘူးထားပြီး
သုတ်နေသလား မသိဘူးတဲ့”

“ဟား...ဟား...ဟား”

“ဟား...ဟား...ဟား”

ကိုမြတ်မောင်နှင့်
ကိုအောင်သူတို့ အားရပါးရရယ်ကြရာ မနွေးနွေးမှာ လည်း မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း

“အဲဒါ သူတို့ ပူရှိန်းစာ
မိသွားတာနေမှာပေါ့။ ဟိဟိ၊ စတော်ဘယ်ရီနံ့၊ ငှက်ပျောသီးနံ့နဲ့ ပူရှိန်းနံ့တွေ ထုတ်တယ်လေ”
ကိုမြတ်မောင်၏ ဖြတ်ထိုးဥာဏ်ကြောင့် နွေးနွေးမှာ ပျော်လာရသည်။

ကိုအောင်သူကတော့ အရယ်ရပ်ရင်း
စဉ်းစားဟန်ဖြင့်

“အင်း
ကိုယ့်လူတွေလည်း ကွန်ဒုံးလေးတွေ စနစ်တကျ သုံးတာ ကြားရတော့ ၀မ်းသာတယ်ဗျာ။ သူများကို
မကူးတော့ဘူးပေါ့”

“သိပြီး
သူများကို မကူးစက်စေတာ ကုသိုလ်ပဲလို့တောင် ဆရာကံချွန်က ကာတွန်းလေး ဆွဲထားဖူးတယ်”

အားလုံး
ခဏ ငြိမ်သွားသော်လည်း တွေဝေနေသည်တော့ မဟုတ်တန်ရာ။ မကြာခင် အနောက်ဘက် နေလုံး၏ အလင်းအားက
ဖျော့လာတော့ မည်။ မခွဲချင်လည်း သူတို့ ခဏ ခွဲခွာရဦးမည်။ အသီးသီးဆိုင်ရာ ဘတ်စ်ကား ကိုစီး၍
အိမ်ပြန်ကြဦးမည်။ မပြီးဆုံးသေးသည့် ခရီးရှည်ကိုလည်း အိပ်မက် ကိုယ်စီနှင့် သူတို့ ခရီးဆက်ဦးမှာ
အသေအချာပင် ဖြစ်ပေလိမ့်မည်။

မြင့်မြတ်နိုင်

ဆယ်ကျော်သက် မဂ္ဂဇင်း -

ဆေးခန်းမှာစုံ လက်ဖက်ရည်ဆိုင်မှာလည်းဆုံ   

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top